အပိုင်း (၂၄)

108 8 1
                                    

My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း (၂၄)

“ဘာလုပ်နေတာလဲ?”

တစ်နေ့လုံး စာမလာ၊ သတင်းမကြားရတဲ့သူဆီက message ဝင်လာ၏။ သူအလုပ်များတာကိုသိပေမယ့် နားလည်ပေးနိုင်တဲ့ကြားက တစ်ဖက်ကလည်း မိန်းမသားပီပီ စိတ်ကဆိုးချင်နေသေးသည်။

အဲ့လို ဖြစ်အောင်လည်း သူက ညှို့ကို အလိုလိုက်ထားတာ...

“ညှို့ အိပ်တော့မလို့...”

ညှို့က စောင်ပုံလေးထဲမှာ ခွေခွေလေး နေရင်းက ပြန်ဖြေလိုက်သည်။ ရာသီလာရက်မို့ လူကလည်း တစ်ကိုယ်လုံးကိုက်ခဲနာကျင်နေ၏။ မနေ့က မတည့်တာတွေ စားလိုက်မိတာလည်း ပါလိမ့်မည်။

သူက မန္တလေးမှာ အလုပ်တွေနဲ့ကျန်ခဲ့ကာ ညှို့က အခုရန်ကုန်ပြန်ရောက်တာ တစ်ပတ်လောက်ရှိပြီ။ မန္တလေးမှာသာရှိလျှင် ညှို့ကို မေမေတို့က အစားအသောက်သေချာကြပ်မတ်၍ အချဉ်အစပ်တွေ လျော့စားခိုင်းမှာဖြစ်သည်။ ဒီလို အချိန်မျိုးဆို ပိုဆိုး၏။ ပြီးတော့ ညှို့မကြိုက်တဲ့ ထန်းလျှက်နဲ့ ဂျင်းပြုတ်ရည်ကို ကြိုတိုက်ဦးမည်။

ညှို့က လူကြီးတွေရဲ့စေတနာကို စော်ကားလိုခြင်းမရှိ။ မြန်မာ့ဆေးပညာကိုလည်း မယုံကြည်တာမဟုတ်ဘဲ ကိုယ်တိုင်ကိုက အချိုမကြိုက်တတ်သူမို့ ထိုချိုရဲရဲဆေးရည်တွေကို မသောက်ချင်တာ...။ ရန်ကုန်မှာ မေမေတို့နဲ့အတူနေတုန်းကဆို လတိုင်း တစ်လတစ်ခါလောက်တော့ ထိုဂျင်းပြုတ်ရည်ကြီးနဲ့ နှစ်ပါးသွားရမြဲ။

ခုလည်း သူအလုပ်များနေတာသိရက်နဲ့ ညှို့က တစ်ကိုယ်ကောင်းဆန်ဆန် စိတ်ဆိုးချင်နေ၏။ မိန်းကလေးတွေရဲ့စိတ်က ဒီလိုအခြေအနေမျိုးဆို အဆိုးရွားဆုံးနဲ့ စိတ်အဆတ်တတ်ဆုံးမဟုတ်လား?

“ကိုယ် vedio call ခေါ်လိုက်မယ်။”

ညှို့တားမြစ်ချိန်တောင်မရဘဲ သူက ခေါ်လာသည်။ ညှို့ ကိုင်လိုက်ရ၏။ ညှို့က အိပ်ယာထပ်က စောင်ပုံထဲမှာ ဘောလုံးလေးလို ဘေးတစောင်းအနေအထားနဲ့ ကွေးကွေးလေး။

ညှို့မန္တလေးမှာရှိတုန်းက သူအလုပ်အားတဲ့နေ့တိုင်း ညှို့ဆီတကူးတကလာတွေ့တတ်သလို ဒီရောက်တော့လည်း ညတိုင်းသူက ဖုန်းဆက်လေ့ရှိကာ အဆက်အသွယ်အပျက်မခံ။

My Stalker (မင်းရဲ့အရိပ်ကလေး)Where stories live. Discover now