*I will*
...
...ဆွန်းဂွမ် မနက်၊မနက်ဆို ဘယ်သူ့ကိုမှ နှိုးမပေးတော့ပဲ ကိုယ့်ဟာကိုယ်ပဲ နေတတ်သလိုနေလာတာ ကြာပြီဖြစ်သည်။ ဒီနေ့တော့ မင်ဟိုက အစောသွားစရာလိုတာမို့ နှိုးပေးဖို့တောင်းဆိုထား၍ မင်ဟို့ကုတင်ပေါ်တက်ကာ အသာအယာ လှုပ်နှိုးပေးလိုက်၏။
"မင်ဟို...မင်ဟို ထတော့ ၊ အစောသွားရမှာဆို ၇နာရီထိုးနေပြီ"
"ဟွန် အွန်း..."
မျက်လုံးကို လက်ဖမိုးနဲ့ခပ်ကြမ်းကြမ်းပွတ်ရင်း ထလာသောမင်ဟို့ကို ဆွန်းဂွမ်က ခေါင်းလေးဖွဖွပုတ်ပေးလိုက်သည်။ မင်ဟိုက သူ့ထက် ခြောက်လလောက်ငယ်တာမို့ သူငယ်ချင်းဆိုတာထက် ညီလေးလို့ပဲ သတ်မှတ်ထားသည်။ထို့အပြင် မင်ဟိုက သူ့အပေါ်ဆို နွဲ့ဆိုးတတ်သည်။မင်ဟို့ရဲ့အားနည်းချက်တွေကို သူကသိထားပြီး ထိုအရာတွေကိုလျှို့ဝှက်ထားပေးခဲ့တာကြောင့် မင်ဟိုကသူ့ကိုအလွန်ယုံကြည်ရှာသည်။ သူက ကလေးချစ်တတ်တာမို့ အဲ့လိုချွဲ့နွဲ့တတ်တဲ့ မင်ဟို့ကို ပိုပိုပြီး နှစ်သက်လာတာဖြစ်၏။
"ထတော့ ထတော့ မနက်စာ ဘာစားမှာလဲ ၊မှာထားပေးမယ်"
"မင်းစားတာပဲ "
"အွန်း မြန်မြန်ဆေးကြောပြီး ထွက်ခဲ့ အောက်ကစောင့်နေမယ်နော်"
"nae~~"
မင်ဟိုဆင်းသွားတော့ ဆွန်းဂွမ်လည်း အောက်ပြန်ဆင်းလာပြီး အလုပ်သွားဖို့လိုအပ်တာတွေ အိတ်ထဲကို တန်းစီထည့်နေလိုက်သည်။
ထိုအချိန် သူလှုပ်ရှားသမျှကို အိပ်ယာထဲကနေ ငေးနေသော ဟန်ဆိုးက မျက်တောင်လေးပုတ်ခပ်ပုတ်ခပ်ဖြင့် သူ့အား ဆွန်းဂွမ်နှိုးမည့်အချိန်ကို စောင့်နေခဲ့ရှာသည်။ သို့သော် ဟန်ဆိုးမျှော်လင့်သလို ဖြစ်မလာခဲ့ပါ။ ဆွန်းဂွမ်က သူ့ကိုစကားမပြော၊ အဖက်မလုပ်တာ တစ်နေ့ကစကားများပြီးတည်းကဖြစ်သည်။ ယခုလည်း မင်ဟိုတစ်ယောက်ကိုသာ နှိုးပြီးထွက်သွားတာမို့ မဟုတ်မှ ဆွန်းဂွမ်နဲ့မင်ဟိုကတွဲနေတာများလား...။ မဖြစ်နိုင်ပေမယ့် မဖြစ်နိုင်စရာအကြောင်းကလည်း မရှိဘူးမလား၊ တွေးရခက်လိုက်တာ ။ ဆွန်းဂွမ်စိတ်ကိုဖတ်နိုင်ဖို့ ပုဏ္ဍားတစ်ယောက်ကိုပင့်လိုက်သင့်လားလည်း ဟန်ဆိုးမသိတော့။
စစ်မရောက်ခင်မြှားကုန်သွားလို့လည်းမဖြစ်တာမို့ ဒီလောက်နဲ့ စိတ်ဓာတ်ကျနေလို့လည်းမဖြစ်ပြန်၊ နေမထူးသေမထူးတော့ဖြစ်နေပါပြီ။