*but*
.....
နေ့လည်ထမင်းစားနားချိန် အခွင့်ရေးရတုန်း လေသာဆောင်ကိုတက်လာခဲ့သည်။ သူ့စိတ်တွေမွန်းကြပ်နေတဲ့အချိန်တိုင်းမှာ လေကောင်းလေသန့်ရှူဖို့လိုအပ်နေတာ ဆွန်းဂွမ်သိသည်။
ရာသီဉတုက ချမ်းစိမ့်စိမ့်မို့ နေသာပေမယ့် အနွေးထည်လိုသည်။ အနွေးထည်၀တ်မထားတဲ့ဆွန်းဂွမ်က သူ့လက်တွေနဲ့သူ့ကိုယ်သူပိုက်ထားပြီး နွေးစေခဲ့၏။ဆွန်းဂွမ်မျက်နှာပေါ်ဖြာကျနေတဲ့နေရောင်ခြည်ခပ်နွေးနွေးက သူအတွေးလွန်နေတုန်းမှာပဲ မျက်နှာကိုတိုက်စားသွားသည်ဖြစ်ရာ ပါးမို့နဲ့နှဖူးထက်မှာ ခပ်ရဲရဲဖြစ်လာခဲ့သည်။ ခေါင်းစဉ်မယ်မယ်ရရမရှိတဲ့ သူ့အတွေးတွေကိုရှေ့ဆက်ခွင့်ပေးထားပြီး လက်ထဲကကော်ဖီကိုတစ်ရှိုက်မော့လို့ ခါးသက်လေတိုင်းမှာ နာကျင်စရာတွေကိုပြန်အောက်မေ့မိ၏။
ဒီတိုင်းနေလို့ကတော့ ဘယ်လိုမှမဖြစ်တော့ပါ၊ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကို အချိန်မှီသူချနိုင်ဖို့လိုသည်။ ထိုအရာသည် ဟန်ဆိုးကိုဆက်ချစ်မလား ကိုယ့်ကိုယ်ကိုယ်ပဲချစ်သွားမလား....။
.....
....."ပြန်ရောက်ပါပြီ"
အဆောင်ကို နောက်ဆုံးမှပြန်ရောက်လာတဲ့ဟန်ဆိုးက အသံပြုအပြီး အပေါ်ကုတင်ကို အကြည့်ရောက်မိတော့ ဆွန်းဂွမ်က ဖုန်းသုံးနေသည်။ ပါးမို့မို့တွေရဲနေတာမြင်တော့ သူအမြန်ပဲ ကုတင်အောက်ကိုအရောက်သွားကာ ဆွန်းဂွမ်ကို မော့ကြည့်၏။
"ဆွန်းဂွမ် အရက်သောက်ထားတာလား"
"ဟွန်"
ကုတင်ပေါ်ကတန်းလန်းချထားတဲ့ဆွန်းဂွမ်ခြေထောက်ကို လာကိုင်ပြီးမေးတာမို့ စာမှာအာရုံရောက်နေတဲ့ဆွန်းဂွမ် လန့်လို့ ကိုယ်လေးတုန်သွားသည်။
"ဘာကြီး..ငါမကြားလိုက်လို့"
"အရက်သောက်ထားတာလားလို့မေးတာ "
"မသောက်ပါဘူး "
"မင်းမျက်နှာအရမ်းနီနေလို့လေ"
ထိုအချိန် အီချန်းနဲ့မင်ဟိုက ညစာထမင်းထုပ်တွေ သယ်လာပြီး စားဖို့ရန်အသင့်အနေအထားပြင်ခိုင်း၍ ဆွန်းဂွမ်က ကုတင်အောက်ဆင်းလာခဲ့၏။ သို့ပေမယ့် ဟန်ဆိုးက သူ့ရှေ့ပိတ်ရပ်ထားပြီး မျက်နှာကို ဘက်ပေါင်းစုံကစေ့စေ့ကြည့်သည်။
