မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၂)

10.9K 745 9
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၂)

ကမာသည် မိမိငယ်စဉ်က ခမည်းတော်ပြောသည့် စကားကိုပြန်သတိရလာသည်။ နှင်းမြို့တော်သား များ အပြင်လောကရောက်လျှင် အန္တာရာယ်ရှိသည်ကို မိမိအခုတော့ ဘ၀နှင့်ရင်းကာ သိသွားလေပြီ။ နှင်းမြို့တော်အကြောင်းကြားမှ ကမာ မျက်ရည်စီးကျလာခဲ့သည်။ လက်ထောက်သမားတော်လေးက ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။

"သခင်လေး ဘာဖြစ်လို့လဲ။ ဘယ်နားက နာလို့လဲ။ "

"မဟုတ်ဘူး။ ခမည်းတော်တို့ အသတ်ခံ၇တာ သတိရလို့..."

ထိုစဉ် အနောက်မှ စစ်သူကြီးပေါ်လာပြီးမေးလိုက်သည်။
"သူက ဘာဖြစ်လို့ငိုတာလဲ။"

သမားတော်လေးက ရှင်းပြလိုက်စဉ် တင်တက်ရင် စိတ်မကောင်းဖြစ်သွားသည်။ ငယ်စဉ်မိမိတို့ အဖေ အသတ်ခံရသည့် အချိန်ကို ပြန်သတိရသွားပြီး ကောင်လေးကို ကြင်နာစွာခေါင်းပွတ်ကာ

"စိတ်မကောင်းမဖြစ်ပါနဲ့ ကောင်လေးရာ။ လောကကြီးက ဒီလိုပါပဲ။ အင်အားကြီးတဲ့သူက အင်အား နည်းသူကို သတ်ဖြတ်မင်းလုပ်နေတဲ့လောကကြီး မဟုတ်လား။ မင်းကိုယ်တိုင်ကာကွယ်နိုင်အောင် ကြံ့ခိုင်ဖို့ ကြိုးစားပေါ့ကွာ။ "

ကမာသည် သမားတော်လေး ဘာသာပြန်ပြသည်ကို ကြားသော် မျက်ရည်ကျမိသည်။
တင်တက်ရင်သည် လှပသည့် နှင်းမြို့တော်သားလေးကို နေ့လည်စာအတူစားရန် ခေါ်ဆောင်ကာ တဲထဲဝင်လာခဲ့သည်။

ထိုစဉ် ကင်းထောက် မွန်ဂိုတပ်သားတစ်ဥိးရောက်လာပြီး သတင်းဆိုးတစ်ခုလာပို့သည်။
တင်တက်ရင် ထိုသတင်းကိုကြားသော် ဒေါသတကြီးဖြင့် အပြင်သို့ထွက်သွားပြီး စစ်တပ်ကို အသင့် ပြင်စေသည်။
"ဘာဖြစ်လို့လဲဟင်... စစ်သူကြီး ဘာလို့ထွက်သွားတာလဲ။"

သမားတော်က မျက်နှာပျက်သွားပြီး ကမာကိုနှစ်သိမ့်လိုက်သည်။
"တာတာစစ်တပ်က စစ်သူကြီးလွတ်ပေးလိုက်တဲ့ သခင်လေးတို့မြို့သားတွေကို အားလုံးဖမ်းသတ် လိုက်တယ်လို့ကြားလို့ပါ။ အခုအဲ့ဒီ အရိုင်းကောင်တွေကို လိုက်သတ်ဖို့ထွက်သွားပါပြီ။"

ကမာသည် မျက်ရည်သာကျနေမိတော့သည်။ မိမိတိုင်းပြည်လည်းပျက်ပြီ။ မိဘဆွေမျိုးအားလုံး အသတ်ခံရပြီ။ မိမိလည်း ဘ၀ပျက်ပြီးပြီ။ ယခု မိမိပြည်သူများလည်း အသတ်ခံရပြန်ပြီ။ ကမာ၏ ဘ၀တွင် တာတာများကို မုန်းသည်ကလွဲရင် ဘာမှမရှိတော့ပေ။ တာတာများကိုသတ်ချင်သည်။ ကလဲ့စားခြေချင်သည်။ ထိုသို့ကလဲ့စားခြေရန် မွန်ဂိုစစ်သူကြိးနောက်ကို လိုက်သွားရန် ဆုံးဖြတ် လိုက်သည်။.

ထိုသို့ဖြင့် ကမာသည် လက်ထောက်သမာ်းတော်လေးထံမှ မွန်ဂိုစကားကိုသင်သည်။ တပတ်ကြာမှ စစ်သူကြီးအဖွဲ့ပြန်ရောက်လာခဲ့သည်။ ကမာက စစ်သူကြီး တင်တက်ရင်ထံတွင် အခစားဝင်ကာ မွန်ဂို စကားဖြင့် မိမိကို ရဲမတ်အဖြစ်လက်ခံရန် တောင်းပန်သည်။ တင်တက်ရင်သည် တပတ်အတွင်း မွန်ဂို စကားအတော့်ကို ပြောတတ်နေသော ကောင်လေးကို ကြည့်ကာ မယုံနိုင်အောင်ဖြစ်နေသည်။ လုံးဝ ထင်မထားပေ။

"ကျွန်တော့်မှာ တိုင်းပြည်လည်းမရှိတော့ဘူး။ လူမျိုးလည်း မရှိတော့ဘူး။ သခင်ကြီးကယ်ထားတဲ့ အသက်ပဲရှိပါတော့တယ်။ သခင်ကြီးရဲ့ အစေခံအဖြစ်နဲ့ လိုက်ခဲ့ပါရစေ။ ကျွန်တော့်ကို စစ်ပညာသင် ပေးပါ။ တာတာတွေကို သတ်နိုင်တဲ့ သူရဲကောင်းဖြစ်အောင် သင်ယူပါရစေ။"

တင်တက်ရင်သည် နှင်းမြို့တော်သားလေး၏ စိတ်ဓါတ်ကို ကြိုက်သဖြင့် လက်ခံ လိုက်သည်။

"ကောင်းပြီ။ ဒါဆိုမင်းကို အခုကစပြီး ငါပိုင်သွားပြီ။ မင်းက င့ါရဲ့ လူပဲ။ ငါသေဆိုသေရမယ်။ ငါရှင်ဆိုရှင်ရမယ်။ မင်း လက်ခံနိုင်ရဲ့လား။"

"လက်ခံနိုင်ပါတယ် အရှင်။"
ကမာ စစ်သူကြီး၏ အမေးကို ချက်ချင်းဖြေလိုက်သည်။

"ကောင်းပြီ။ မင်း အခုကစပြီး ကျုပ်ရဲ့ လက်စွဲတော် တပည့်ဖြစ်သွားပြီ။ ကျုပ်ရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးရမယ်။ အားလုံး မလစ်ဟင်းစေနဲ့။"

ကမာသည် မွန်ဂိုစစ်သူကြီး တင်တက်ရင်၏အစေခံဘ၀တွင် ကြိုးစားသည်။ ပျော့နွဲ့သော ကမာကို တင်တက်ရင်ကလည်း မညှာမတာခိုင်းသည်။ မြင်းစီးကျင့်စေသည်။ စစချင်းတွင် ကမာမှာ ဖျားသွား သည်အထိ ပင်ပန်းသည်။ သို့သော်ကမာက အင်မတန်ကို ဇွဲကောင်းသည်။ တလကြာသော် မွန်ဂို စကားလည်းကျွမ်းကျင်လာသည်။ မြင်းလည်းကောင်းကောင်းစီးလာနိုင်ပြီ။

ယောက်ျားလေးလိုဝတ်ထားသည့်တိုင် ရုပ်ချောလွန်းသည့် ကမာကို စစ်တပ်ထဲမှ စစ်သည်တော်များ ကစိတ်ဝင်စားသည့်တိုင် မည်သူမှ မစရဲကြပေ။ စစ်သူကြီး၏ ဓါးကခေါင်းမရွေးဘူး မဟုတ်လား။
တာတာများကို ထိုဒေသတွင် အမြစ်ဖြုတ်ပြီး အစောင့်တပ်ထားကာ တင်တင်ရင်တို့ တပ်ပြည်တော် ပြန်ခဲ့ကြသည်။

မသိသည့် အချက်က တာတာများက အခဲမကျေပဲ နောက်မှတိတ်တဆိတ်လိုက်လာပြီး တင်တက်ရင် ကို အဆိပ်မြှားဖြင့်လုပ်ကြံရန် ကြိုးစားခြင်းဖြစ်သည်။ ကမာသည် လမ်းတွင်စခန်းချ နားစဉ် သခင်ကြီး အတွက် စားစရာပြင်ဆင်ပြိး စားပွဲတွင် တည်ခင်းပေးနေသည်။ တင်တက်ရင် စားနေစဉ် အနောက်မှ လေတိုးသဖြင့် လှည့်ကြည့်လိုက်မိစဉ် ရွက်ဖျင်တဲကို ဓါးနှင့်ထိုးခွဲပြီး မွန်ဂိုဝတ်စုံဝတ်ထားသည့် တာတာ တစ်ဦးဝင်လာပြီး မြှားဖြင့်ချိန်ထားသည်ကို တွေ့သော ကမာဘာမှ မစဉ်းစားနိုင်တော့ပဲ

"သခင်ကြီး... ရန်သူ...."

ကမာ သခင်ကြီးကို ကိုယ်ဖြင့်ကာလိုက်စဉ် မိမိလက်ပြင်တွင်စူးဝင်သွားသည့် ခံစားချက်နှင့်အတူ နာကျင်သည့် ဝေဒနာက ကပ်ပါလာခဲ့သည်။
"သေစမ်း ခွေးကောင်..."

တင်တက်ရင်က ကမာကို ထိန်းပွေ့ကာ နံဘေးမှ ဓါးဖြင့် လှမ်းပေါက်လိုက်သည်။ တာတာလည်း ဓါးထုတ်ချင်းပေါက်ကာ အသက်ထွက်သွားသည်။ တင်တက်ရင်သည် သွေးမည်းများစီးကျလာ သည်ကို တွေ့သော သမားတော် အဖွဲ့ကို ချက်ချင်းခေါ်ကာ ဆေးကုစေသည်။ ထိုအဖြစ်အပျက်များ ကို ကမာလုံးဝ မသိတော့ပါ။ ကမာသတိရလာတော့ အရင်သတိထားမိသည်က အရမ်းကို အားနည်း ကာ ဗီုက်ဆာနေခြင်းဖြစ်သည်။ ထို့ကြောင့် အားတင်းကာ ထလိုက်စဉ် လက်ပြင်မှနာကျင်မှုကြောင့် ညည်းမိလိုက်သည်။
"အား...ကျွတ်...ကျွတ်..."

"ကမာလေး မင်းနိုးပြီလား။ နေဦး မင်းကို အကိုကြီးထူပေးမယ်။"

ကမာသည် တင်တက်ရင်၏ စကားအသုံးအနုန်းကြောင့် အံ့အားသင့်သွားသည်။
"သခင်ကြီး ကျွန်တော်..."

တင်တက်ရင်က ကမာကို ကြင်ကြင်နာနာထူမပေးကာ အပြင်ကို လှမ်းခေါ်လိုက်သည်။
"စားစရာတွေ ယူခဲ့တော့ဟေ့။ ငါ့ညီလေး ဆာနေပြီ။"

တင်တက်ရင်သည် ကမာကို ငုံ့ကြည့်ကာ
"မင်း ကျုပ်အသက်ကို ကယ်ခဲ့တယ် ကမာ။ ဒါကြောင့် အခုကစပြီး မင်းက ကျုပ်ရဲ့ ညီလေးပဲ။ မင်း ကခုကစပြီး ကျပ်ကို အကိုကြီးလို့ခေါ်ရမယ်။ ပြီးရင် ကျုပ်မှာညီတစ်ယောက်ရှီတယ်။ သူ့ကို အကိုလေးလို့ခေါ်ရမယ်။ ဟုတ်ပြီလား ညီလေး ကမာ.."

ကမာ ၀မ်းသာလွန်းလို့ မျက်ရည်စီးကျလာခဲ့သည်။
"ကျွန်တော် တကောင်ကြွက်မဟုတ်တော့ဘူးပေါ့နော်။"

တင်တက်ရင်က ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။ ကမာ သူ့ရင်ခွင်ထဲ တိုးဝင်ကာ ငိုလိုက်မိသည်။
နှင်းမြို့တော်သား ကမာဘ၀မှ မွန်ဂိုစစ်သေနာပတိချုပ်တင်တက်ရင်၏ ညီတော် ဘ၀အဖြစ်ကိုရလိုက် သည်က မယုံနိုင်စရာကောင်းလှပါသည်။

"မင်းက ကျုပ်ရဲ့ညီဖြစ်သွားပြီ ကမာ။ မင်းကို သေတဲ့အထိ ကျုပ်စောင့်ရှောက်သွားမယ်လို့ ကတိပေးတယ်။ မင်းဘ၀ သာယာအေးချမ်းစေရမယ်။ မင်းကို ဘယ်သူမှ နှိပ်စက်လို့မရနိုင်အောင် ကာကွယ်ပေးသွားမယ်။"

"အကိုကြီး ကျေးဇူးတင်ပါတယ်... အကိုကြီး.."

တင်တက်ရင်သည် နတ်သားလေးလို ချောမွေ့ကာ သစ္စာရှိလှသော ကလေးလေးကို ချစ်ခင်စွာ ပွေ့ဖက်ထားလိုက်မိသည်။

မွန်ဂိုနေပြည်တော်သို့ ရောက်သောအခါ ခန်မင်းကြီးက သောင်းသောင်းဖျဖျကြိုဆိုသည်။တိုက်ရာပါ လက်ဆောင်ပဏ္ဏာများစွာက မင်းကြီးနှင့်တကွ မှူးမတ်အပေါင်းကို အားရကျေနပ်စေသည်။ ခန်မင်းကြီးသည် စစ်သူကြီး တင်တက်ရင်ကို ကျေနပ်အားရလွန်းလို့ ပရိတ်သတ်အလည်တွင် လိုရာဆုကို တောင်းစေသည်။

တင်တက်ရင်သည် ခန်မင်းကြီးကို အရိုအသေပေးကာ ကျေးဇူးတင်စကားပြောပြီး လျှောက်တင် လိုက်သည်။
"အရှင်မင်းကြီး တိုက်ပွဲမှာ ကျွန်တော်မျိုးကယ်တင်ခဲ့သော လူငယ်လေး တစ်ဦးက ကျွန်တော်မျိုး အသက်ကို လုပ်ကြံတဲ့ တာတာလူရိုင်းရဲ့ မြှားချက်ကို ၀င်ခံပေးခဲ့ပါတယ်။ အဲ့ဒီလူငယ်လေးကို ကျွန်တော်မျိုးရဲ့ ညီအငယ်ဆုံးအဖြစ် အသိအမှတ်ပြုပေးတော်မူပါ မင်းကြီး။ ကျွန်တော်မျိုး ဒီဆုကလွဲပြီး ဘာမှ မလိုချင်ပါဘူး။ ကျွန်တော်မျိုးရဲ့ အသက်နဲ့ခန္ဓာက မင်းကြီးပိုင်တာပါ။
မင်းကြီး အတွက် အလုပ်ကျွေးခွင့်ရတာ ကျွန်တော်မျိုးအတွက် နေ့စဉ် ဆုလာဘ်ချီးမြှင့်ခံရ
တာပါ။"

ခန်မင်းကြီးသည် စစ်သူကြီး၏ လျှောက်တင်စကားကြောင့် သဘောကျကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြုံးကာ ခွင့်ပြုလိုက်သည်။
"ကောင်းပါပြီ။ ငါကိုယ်တော်ရဲ့ သစ္စာရှိ စစ်သူကြီးတင်တက်ရင်ရဲ့ အသက်ကို ကယ်ခဲ့တဲ့ လူငယ်လေး က အခုအချိန်ကစပြီး စစ်သူကြီးရဲ့ ညီအငယ်ဆုံးအဖြစ် ငါကိုယ်တော် အသိအမှတ်ပြုတော်မူသည်။ စစ်သူကြီးတင်တက်ရင်အား ဟူနန်နယ်ကို အပိုင်စားပေးစေ။ ယခုစစ်တပ်မှ စစ်သူကြီးများ၊ တပ်သား များ အားလုံးကို ဂုဏ်ထူးဆောင်ဘွဲ့များနဲ့ ဆုလာဘ်များ ချီးမြှင့်စေ။ မနက်ဖြန်ညနေမှာ အောင်ပွဲရ စစ်သည်တော်များကို ညစာစားပွဲနဲ့ ချီးမြှင့်စေ။ "

တင်တက်ရင်နှင့် စစ်သူုကြီးများအားလုံး ကျေးဇူးတင်စွာ ဂါရ၀ပြုကြသည်။
ညီလာခံစဲတော့မှ တင်တက်ရင် အပြင်တွင် စောင့်ဆိုင်းနေသော ကမာကို ခေါ်ကာ အိမ်တော်ကို လာခဲ့သည်။

အိမ်တော်အ၀တွင် ညီငယ် တင်မော်ရင်က တမျှော်မျှေ နှင့် အိမ်တော်အ၀တွင် ထွက်စောင့်နေ သည်။
"နောင်တော်.... ဘယ်မှာလဲ ညီလေး ကမာဆိုတာ။"

တင်တက်ရင်က မော်ရင်၏ အမေးကို မဖြေသေးပဲ ရထားလုံးထဲမှ သားမွေးဝတ်ရုံခြုံထားသည့် ကမာကို ရထားလုံးထဲမှ ဆင်းနိုင်ရန် လက်တွဲကာ ချပေးလိုက်သည်။ ကမာကို တွေ့သောအခါ တင်မော်ရင် သည် ထင်ထားသည့်အတိုင်း ကမာကို မိန်းကလေး အောက်မေ့ကာ မျက်လုံးပြူးကာ ကြည့်လိုက်ပြီး မေးလိုက်သည်။

"နောင်တော် စစ်တိုက်သွားရင်း မိန်းမရခဲ့ပြီလား။ ဘယ်ဒေသက မိန်းကလေးလဲ။ ကျွန်တော့်ကို ဘာမှ ကြိုမပြောထားပါလား။"

ကမာသည် အကိုလေး တင်မော်ရင်၏ စကားကြောင့် ရှက်ကာ ခေါင်းငုံ့သွားသည်။ မိမိကို မိန်းကလေး အောက်မေ့ကာ ပြောနေသဖြင့် နေရခက်နေသည်။ အကိုကြီး၏ လက်ကိုအားကိုးတကြီး ဆုပ်ကိုင်ထားမိသည်။

တင်တက်ရင်သည် ပညာရှိအမတ်ဖြစ်ပြီး ယောက်ျား မိန်းမမခွဲတတ်သောညီကို ခပ်ချဉ်ချဉ်ရှိသဖြင့် ကျီစယ်ချင်လာသည်။

"အေး... နောင်တော်လည်း ဘယ်လိုဖူးစာကြောင့်လည်း မသိပါဘူးကွာ။ ဒီမိန်းကလေးကို တွေ့တာနဲက ချစ်စိတ်ဝင်ပြီး ချက်ချင်းကို အပိုင်သိမ်းပြီး ခေါ်ခဲ့တော့တာပဲ။ ဘယ်လိုလဲ မင်း မရီးတော်က ချောတယ် မဟုတ်လား။"

တင်မော်ရင်သည် နတ်သမီးလေးလိုလှပကာ သွယ်နွဲ့သော မိန်းမလှလေးကိုလှည့်ကြည့်လိုက်၊ လူ့ဘီလူးကြီးလို ထွားကျိုင်းလှသည့် နောင်တော်ကိုလှည့်ကြည့်လိုက်လုပ်ပြီး ပြောလိုက်သည်။

"နောင်တော်ရာ ကြည့်လဲ လုပ်ပါဦး။ နောင်တော့် ကိုယ်လုံးပိပြီူး သေသွားပါဦးမယ်။ ကောင်မလေးက ပန်းကလေးလို နူးနူးညံ့ညံ့လေး။ ဖြစ်ပါ့မလား။ "

တင်တက်ရင်က ရယ်ချင်စိတ်ကို မနည်းထိန်းကာ မျက်နှာထားတင်းတင်းဖြင့် ကမာ့ဘက်လှည့်ကာ မျက်လုံးတဖက်မှိတ်ပြပြီး ပြောလိုက်သည်။

"ချစ်လေး ခံနိုင်ရည်ရှိရဲ့လားတဲ့။ မင်းရဲ့ မတ်တော်မောင်ကို ပြောလိုက်စမ်းပါကွယ်။ စစ်သားလူကြမ်း ကြီးက နေရာတိုင်းမကြမ်းပါဘူးလို့။"

အကိုကြီး၏စကားကြောင့် ကမာ နားရွက်များနီလာတဲ့အထိ ရှက်သွားသည်။ အကိုကြီးက သူ့ညီကို စနေပုံက တကယ်ကိုကြမ်းလွန်းလှသည်။ ပညာရှိအမတ် အကိုလေးကလည်း အစရာမရှိ ဒီိလောက် အ ရသလားဟု တွေးကာ ခေါင်းကိုသာငုံ့မိသည်။ အကိုကြိးအမေးကို ဖြေလည်းမဖြေရဲ့ပါ.

"ဟာ... နောင်တော်ကလည်း မရီးကို ဘာတွေ သွားမေးရတာလဲ။ ခမျာ ရှက်သွားပြီ။ မရီးတော် တောင်းပန်ပါတယ်။ ကျွန်တော့် နောင်တော် လူကြမ်းကြီးက စစ်တိုက်သာတော်တာ။ လူမှုရေး အင်မတန် ညံ့ဖျင်းတာ။ တောင်းပန်ပါတယ် ခင်ဗျာ။ ကျွန်တော်က တင်မော်ရင်ပါ။ "

တင်တက်ရင်သည် ကမာကို တကယ့်မိန်းကလေးမှတ်ကာ အရိုအသေပေးပြီးပြောနေသော အကိုလေးကြောင့် အားနာကာ ပြန်ပြီး ဦးညွတ်ကာ အမှန်ကို ဖွင့်ပြောမည်အပြု အကိုကြီးက ပုခုံးကို ဖက်ကာ တားထားပြီး

"ကဲ..ကဲ.. မော်ရင် .. နောင်တော်တို့ အိမ်ထဲဝင်ပါရစေဦး။ မင်းမရီးတော်က နုနုနယ်နယ်လေး။ သူပင်ပန်းရှာပြီကွဲ့.."

တင်မော်ရင်က တကယ်မှတ်ကာ ပျာပျာသလဲ လမ်းဖယ်ပေးရှာသည်။ နောင်တော် လူကြမ်းကြီးကို အမတ်သမီးများ၊ ၀န်ကြီးသမီးများနှင့် စပ်ပေးခဲ့တာကြာပြီ။. မိန်းကလေးတိုင်းကို လှည့်ပင်မကြည့်ခဲ့ သည့် နောင်တော်က ကျွတ်ချိန်တန်တော့လည်း ကျွတ်သွားသဖြင့် မော်ရင်ကျေနပ်မဆုံးတော့ပေ။

တင်တက်ရင်က ညီတော်ကို ဆက်ပြီးစချင်သဖြင့် ကမာကို ဖက်ကာအိမ်ထဲသို့ ခေါ်လာခဲ့သည်။

"နောင်တော် မင်းကြီးကို မင်္ဂလာသတင်း မနက်ဖြန်လျှောက်တင်လိုက်မယ်။ ကျွန်တော်တို့အိမ်တော့ တခါတည်း ၂ မင်္ဂလာကြုံရတာပဲဗျ။ ညီငယ်လေးလဲ ရလိုက်တယ်။ ပြီးတော့ မရီးလည်း ရခဲ့တယ်။ ဒီ တစ်ခါ် စစ်ချီသွားတာ နောင်တော် ကံကောင်းတာပဲ။ ဒါနဲ့ နောင်တော် ညီတော်လေး ကမာကို ဘယ်မှာ ထားခဲ့တာလဲ။ ညီလာခံမှာ မေးမလို့ နောင်တော်က ရွှေတိုက်ဝန်ကြီးနောက်ပါသွားလို့ ကျွန်တော် မမေးလိုက်ရဘူး။ ဒါကြောင့် မင်းကြီးကိုခွင့်တောင်းပြီး အိမ်ပြန်လာတာ။ ညီလေး ဘယ်မှာလဲ။"

တင်တက်ရင်က ကမာ၏ ကိုယ်ပေါ်မှ သားမွေးဝတ်ရုံကို ဖယ်လိုက်ပြီး ပြောလိုက်သည်။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Onde histórias criam vida. Descubra agora