အခန်း (၁၆)

156 29 2
                                    

" တောက် "

တေးယွန်း မကျေမနပ်နဲ့ တောက်ခေါက်လိုက်မိတယ်

" ဒါ……… ဘယ်သူ့ လက်ချက်လဲ မသိဘူး "

စက်ဘီးကလေးကိုကြည့်ရင်း ပျစ်ပျစ်နှစ်နှစ် ဆဲရေးလိုက်ပြန်တယ် ကြည့်လေ……… တေးယွန်း စက်ဘီးကို……… ဘယ်ကောင် ဖြုတ်သွားမှန်းမသိတဲ့ စက်ဘီးထိုင်ခုံက မရှိတော့ဘူး ထိုင်ခုံမရှိတော့တဲ့ စက်ဘီးမှာ ပုလွေရိုးလို့ခေါ်တဲ့ သံပိုက်လုံးက ထိုးထိုးထောင်ထောင် အဲဒီ သံပိုက်လုံးထိပ်ပေါ် ဘယ်လိုလုပ်တက်ထိုင်လို့ ရတော့မလဲ စဉ်းစားကြည့်လိုက်တိုင်း ဒေါသဖြစ်ပြီး ပျစ်ပျစ်နှစ်နှစ်ထပ်ဆဲမိပြန်တယ် ကြာရင် ကိုယ့်မြို့ကိုယ့်ရွာမှာ အေးအေးဆေးဆေးနေခဲ့ရှာတဲ့ မအေတွေ နှမတွေ မျက်ခုံးလှုပ်နေရော့မယ် အပြစ်ရှိတာက တစ်ယောက်တည်း အဆဲခံရတော့ တစ်ဆွေလုံးတစ်မျိုးလုံးကိုး

ဒီနေ့ မနက်စောစောစီးစီး ဂျက်စီကာဆီ အရောက်သွားချင်ပါတယ်ဆိုမှ ညက တစ်ညလုံး အိပ်မပျော်ခဲ့ရတာနဲ့ အခုမနက် အိပ်ယာထ နောက်ကျသွားရတာ အဲဒီလိုနောက်ကျနေလို့လည်း အစ်မ နှမ တူမကအစပေးမယ့် ရွှေယောက်ဖက စက်ဘီးကုန်းကိုဖြုတ်ပြီး လက်ဆမ်ပေးသွားတာ ဖြစ်မှာပေါ့

" တောက်… ကွာ… ဟင်း… "

အခါတိုင်းလို ငှားစီးဖို့ စက်ဘီးတွေ ဆိုင်ကယ်တွေကလည်း တစ်စီးမှ မရှိတော့ဘူး သူတို့လည်း အလျှိုလျှိုထွက်သွားကုန်ကြပြီလေ

" တောက်……… ဘယ်လိုလုပ်ရပါ့မလဲကွာ ဟူး……… "

ကြံရာမရ ပတ်ဝန်းကျင်ကို မျက်စိကစားကြည့်လိုက်တယ် သူတော်ကောင်းမို့ နတ်ကောင်းမတာလား နတ်ဆိုး ချောက်တွန်းတာလားတော့ မသိဘူး စက်ဘီးကုန်းနဲ့ ခပ်ဆင်ဆင်တူတဲ့ ထန်းလက်ပြား အပိုင်းပြတ်ကလေးကို တွေ့လိုက်တယ် မျောက်ကောင်ရေ တစ်ထောင်လောက်ဆော့နိုင်တဲ့ အဆောင်မှူးရဲ့ သားနှစ်ယောက်က တမာပင်ကိုင်းမှာ တွဲလောင်း ချည်ချာထားတဲ့  လွန်ကြိုးပေါ်မှာတပ် ဖင်ထိုင်ပြီး  ဒန်းလွှဲတမ်းကစားနေကျ ထန်းလက်ပိုင်းကလေး အဲဒီ ထန်းလက်ပိုင်းကလေးကို ကောက်ယူလိုက်တယ် စက်ဘီးပုလွေရိုး ပိုက်လုံးပေါ်မှာ တင်လိုက်တယ် ပြုတ်ကျမသွားအောင် လက်တစ်ဖက်က အသာထိန်းထားပြီး ထန်းလက်ပိုင်းပေါ် ခွထိုင်လိုက်တယ် အဲ……… ဟုတ်ပြီ ပုလွေရိုးပိုက်လုံးနဲ့ တင်ပါးအကြားမှာ ထိုင်စရာတစ်ခုရသွားပြီ စက်ဘီးကို အသာကလေး စမ်းနင်းကြည့်တယ်

ချစ်​ခြင်းနံရံကို​ဖောက်​ခွင်းတဲ့ ရယ်​သံ ☑Where stories live. Discover now