အချိန်စက်ဝိုင်းတို့ လွဲပြောင်းချိန် - 2 (မုန်တိုင်းများ၏အရှင်သခင်နှင့် အချစ်စစ်)
"အကိုကြီး....ကျွန်တော်ပြန်လာတော့မယ်။ အကိုကြီး စားချင်တဲ့ မုန်ညှင်းပေါင်း ဈေးနားက ဝင်ဝယ်ခဲ့မယ်။ ဘာမှမစားထားနဲ့ဦးနော်။ ကျွန်တော့်ကို စောင့်အုံး... အဲ့ဒါလှမ်းပြောတာ..."
မိုးစက် အကိုကြီးကို ဖုန်းလှမ်းဆက်ပြီး ကားနားကိုလာခဲ့စဉ် အနောက်မှ လက်ကို ဆောင့်ဆွဲခံလိုက်ရသဖြင့် လှည့်ကြည့်လိုက်သောအခါ လူထွားကြီးကို အမှတ်တမဲ့မြင်လိုက်ရသဖြင့် ယောင်ပြီး နောက်ကို တလှမ်းဆုတ်လိုက်သည်။ သို့သော် မိမိလက်ကို ထိုသူက တင်းကျပ်စွာ ကိုင်ထားပုံက တရားခံကို ဖမ်းထားသည့် လူနှယ်ပင်။
"ခင်ဗျား... ဘာလုပ်တာလဲ။ ကျွန်တော့်လက်ကိုလွှတ်ပါ..."
"ငါ ဘယ်နေရာကိုရောက်နေတာလဲ... မင်း ဘယ်သူလဲ... ဘာကြောင့် မင်းတစ်ယောက်တည်း ငါ့စကားကို နားလည်ရတာလဲ..."
မိုးစက်သည် သူပြောသည့်အခါမှ အနားပတ်ဝန်းကျင်မှ မြင်းစီးကွင်းကိုလာသည့် ဧည့်သည်များ၏ စိတ်ဝင်တစား စိုက်ကြည့်ပြီး ပြောဆိုနေသံကို ကြားရတော့သည်။ တကယ်ပဲ သူပြောသည့် စကားက ထူးဆန်းနေပြီး မိမိတယောက်တည်းသာ သူဘာကိုဆိုလိုသည်ကို နားလည်နေသည် မဟုတ်လား။ မိမိပြောသည့် စကားကိုလည်း သူနားလည်ပုံရသည်။
"ခင်ဗျား... အခြားသူတွေ ပြောတဲ့စကားကို နားလည်သလား"
"နားမလည်ဘူး။ မင်းပြောတဲ့စကားကို ငါမသိပေမယ့် နားလည်တယ်။ မင်းနဲ့ငါက ဘယ်လိုပတ်သတ်မှုလဲ..."
ထိုသူမေးလိုက်သည့် စကားကြောင့် အမြန်ငြင်းလိုက်သည်။
"ဘယ်လိုပတ်သတ်မှုမျိုးမှ မဖြစ်နိုင်ဘူးဗျ။ ခင်ဗျားကို ကျွန်တော် လုံးဝမမြင်ဖူးဘူး။ ခုနက မြင်းလာစီးရင်းမှ ရုတ်တရက် ခင်ဗျားကိုတွေ့လိုက်တာ။ နေဦး။ ခင်ဗျား ဘာလူမျိုးလဲ။ ကိုးကန့်လား။ ဝလား။ ခင်ဗျားရုပ်ရည်က တရုတ်နဲ့လည်းမတူဘူး။ ရှမ်းပြည်ကို တရုတ်နဲ့ချစ်ကြည်ရေး ဇာတ်လမ်းစီးရီး လာရိုက်တယ်လည်း မကြားလိုက်မိပါဘူး။ ခင်ဗျား ဘာကြောင့် ဒီလို ဝတ်ရုံရှည်ကို ဝတ်ထားတာလဲ..."
"မင်း ဘာတွေပြောနေတာလဲ။ တရုတ်လူမျိုးနဲ့ ငါက ဘာကြောင့်တူရမှာလဲ။ ငါက မွန်ဂိုလူမျိုးပဲ.. ငါ့အဝတ်စားက လူတိုင်းဝတ်နေကျ အဝတ်စားပဲ။ မင်းတို့အဝတ်စားသာ ရုပ်ဆိုးဆိုးနဲ့။ ပြီးတော့ ဟို မြင်းမပါတဲ့ မြင်းလှည်းတွေလမ်းပေါ်သွားအောင် ဘာနဲ့လုပ်ထားတာလဲ..."
ထိုလူက ကားပါကင်ထဲ ဝင်လာသည့် ကားကို လက်ညှိုးထိုးကြည့်ကာ မေးလိုက်သည်။ မိုးစက်သည် သူပြောသည့် စကားကိုကြားသော် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ မွန်ဂိုလူမျိုး.... ထိုလူက ရူးနေခြင်းမဟုတ်သည်ကို မိုးစက်ယုံကြည်သွားသည်။
"အဲ့ဒါ မော်တော်ကားလို့ ခေါ်တယ်။ ခင်ဗျားက တကယ်မွန်ဂိုလူမျိုးလား... ကျွန်တော်တို့ ခေတ်က မဟုတ်လောက်ဘူးထင်တယ်။ ခင်ဗျား ဂျင်ဂျစ်ခန်ကို သိသလား... မွန်ဂိုစစ်ဘုရင်ကြီးလေ..."
မိုးစက်၏ အမေးကြောင့် ထိုလူထွားကြီး အားတက်သွားဟန်ဖြင့် မော်တော်ကားကို ငေးကြည့်နေရာမှ ဝမ်းသာအားရစိုက်ကြည့်လာခဲ့သည်။
"အဲ့ဒါ ငါ့အဖေရဲ့ကျေးဇူးရှင် ဘုရင်ကြီးပဲ။ မင်း ဘယ်လိုသိတာလဲ..."
မိုးစက်သည် ထိုလူကို မယုံနိုင်အောင်ဖြစ်ကာ ငေးကြည့်နေမိသည်။ ဒါဆို ဒီလူက တကယ်ပဲ အတိတ်ကလူသားကြီးပေါ့။ ကြည့်ရတာ သာမန်လူတန်းစားဖြစ်ဟန်မတူပေ။
ဒီလူ ဒီဘက်ခေတ်ကို ဘယ်လိုရောက်လာသည်ကို စိတ်ဝင်စားသွားခဲ့သည်။ မိမိအမြဲနှစ်သက်စွာကြည့်သည့် အချိန်ခရီးသွား ဇာတ်လမ်းများလို သူ ဒီခေတ်ကို ဘယ်လိုရောက်ခဲ့သည်ကို သိချင်သွားမိသည်။ ဒါကြောင့် သူ့ကို မေးလိုက်သည်။
"ခင်ဗျား... ဒီကို ဘယ်လိုရောက်လာတာလဲ...."
"ငါလည်း အဲ့ဒါကို သိချင်နေတာ...."
ထိုစဉ် အတုလထံမှ ဖုန်းဝင်လာသဖြင့် မိုးစက် ကိုင်လိုက်သည်။ အတုလက သူစားချင်သည်ကို ထပ်မှာနေသဖြင့် မိမိသွားမှဖြစ်တော့မည်ကို သိလိုက်သည်။
"အင်း... ကျွန်တော် မအားဘူး။ အခုသွားမှဖြစ်တော့မယ်.... နောက်မှ တွေ့ကြမယ်..."
"မရဘူး။ ငါ မင်းနဲ့လိုက်ခဲ့မယ်။ "
"ဘာ..."
ထိုလူ၏စကားကြောင့် မိုးစက် မျက်လုံးပြူးသွားခဲ့သည်။ မွန်ဂိုလူထွားကြီးက ခပ်တည်တည်ကြည့်ကာ ပြောခဲ့သည်။
"ဟုတ်တယ်။ မင်း တစ်ယောက်ပဲ ငါ့စကားကို နားလည်တာဆိုတော့ မင်းနဲ့ငါ တခုခုဆက်စပ်နေပုံရတယ်။ ငါ့ နေရာကို ပြန်ရောက်အောင် မင်းပဲလုပ်ပေးနိုင်တယ်လို့ ငါယုံကြည်တယ်။ ဒါကြောင့် မင်း နေတဲ့နေရာကို ငါလိုက်ခဲ့မယ်..."
"မဖြစ်ဘူးဗျ။ ကျွန်တော်က သူများအိမ်မှာတည်းတာ..."
"ငါ့ကို မခေါ်ရင် မင်းဘယ်မှ သွားဖို့မကြံနဲ့..."
ထိုလူက မိုးစက်လက်ကို ပြုတ်တူလို ညှပ်ထားသဖြင့် မိုးစက် ခေါင်းကိုက်သွားသည်။ သူ့ကြည့်ရတာ အတည်ပြောနေပုံရသည်။ အကိုကြီးကို တိုင်ပင်ပြီး တခုခုလုပ်မည်ဟု တွေးပြီး သူ့ကိုခေါ်ခဲ့ဖို့ ဆုံးဖြတ်လိုက်သည်။ တကယ်ပဲ ထူးထူးခြားခြား သူက မိမိကို အန္တာရယ်မပေးဟု အလိုလိုသိနေသည်။
"ကောင်းပြီလေ... ကားပေါ်တက်ပါ။ ခင်ဗျား နေရာကို ပြန်ရောက်ဖို့ ကျွန်တော် ကူညီပါ့မယ်..."
တင်တက်ရင် ထိုအခါမှ သက်ပြင်းရှိုက်လိုက်မိသည်။ မိမိရောက်နေသည်က ထူးခြားသည့်လောကဖြစ်သည်ကို ရိပ်မိလိုက်သည်။ မိမိတို့ခေတ်က မရှိသည့်အရာများ၊ လူများ၏ အမူရာ၊ ဝတ်ဆင်ပုံ၊ ဘာသာစကားများအရ မိမိနှင့် မသက်ဆိုင်သည့် လောကကို ရောက်နေပုံရသည်။ မိမိနှင့် တခုတည်းသောဆက်စပ်နေသည့် ကောင်လေးကို အပျောက်ခံလို့မဖြစ်ဟု သိကာ အတင်းကျပ် လက်ကိုဆုပ်ကိုင်ထားလိုက်သည်။ ကမာ့လို သေးသေးသွယ်သွယ်နှင့် မျက်နှာကျတူသည့် ကောင်လေးက မိမိကိုကြည့်ကာ စဉ်းစားပြီး သူ့စီးတော်ယာဉ်ထဲကိုခေါ်ခဲ့သည်။ ထိုကောင်လေးရဲ့သူတပါးကို ကူညီချင်ပုံလေးက ကမာနှင့်တထပ်တည်းပဲ ဟုတွေးပြီး ကမာ့ကို လွမ်းကာ မျက်နှာမကောင်း ဖြစ်သွားသည်။ ဒီအချိန် ကမာ မိမိကိုမျှော်နေတော့မည်။ မိမိပြန်မလာသည့်အတွက် သူ လိုက်ရှာမှာသေချာသည်။ ရှာလို့မတွေ့လျှင် သူဘယ်လိုခံစားနေရမလဲဟုတွေးကာ သက်ပြင်းရှိုက်လိုက်မိသည်။
မိုးစက်သည် မိမိနံဘေးမှ သက်ပြင်းအကျယ်ကြီးချလိုက်သည့် လူထွားကြီးကို ကြည့်ကာ မေးလိုက်သည်။
"ခင်ဗျား မိန်းမကို လွမ်းနေတာလား..."
"ငါ့ ချစ်သူက ငါ့ကို စိတ်ပူနေတော့မယ်။ ငါ တမနက်လုံး အမဲလိုက်နေတာ။ အပြန်လမ်း မြက်ခင်းပြင်ကြီးကိုဖြတ်တော့ တိမ်မည်းကြီးအုပ်လာပြီး လျှပ်စီးကြောင်း အကြီးကြီးကို မြင်ပြီး မိုးကြိုးပစ်ချလိုက်တာ။ ငါ စက်ကွင်းမလွတ်လို့ လဲကျသွားခဲ့တယ်။ သတိရလာတော့ မင်းတို့ဆီကို ရောက်နေပြီ။ "
မိုးစက်လည်း မြင်းစီးနေရင်း မိုးသားမည်းမည်းတက်လာပြီး လျှပ်စီးကြောင်း လက်ကခနဲဖြစ်ကာ မိုးကြိုးပစ်ချသံကိုကြားလိုက်ရသည်ကို သတိရသွားသည်။ မည်သည့်နေရာကို ပစ်ချသည် မသိသော်လည်း ထိုလျှပ်စီးကြောင်းကိုမြင်လိုက်ရပြီး ထိုမွန်ဂိုကြီးကိုတွေ့လိုက်ရသဖြင့် လျှပ်စီးကြောင်းနှင့် ထိုမွန်ဂိုလူမျိုး ပတ်သတ်ပုံရသည်။
"ခင်ဗျားမြင်တဲ့ လျှပ်စီးကြောင်းကြီးကို ကျွန်တော်လည်း တွေ့လိုက်တယ်။ အဲ့နောက် ခင်ဗျား ရောက်လာတာပဲ။ အင်း ခင်ဗျားခေတ်ကို ပြန်သွားချင်ရင် အဲ့လို မိုးကြီးလျှပ်စီး ပစ်မည့်အချိန်ကို စောင့်ပြီး စက်ကွင်းထဲဝင်ရမယ်ထင်တယ်..."
တင်တက်ရင်သည် ထိုကောင်လေး၏ စကားကြောင့်သက်ပြင်းရှိုက်မိသည်။ ပြောပုံအရ မိမိဒီဘက်ခေတ်တွင် ဘယ်လောက်ပိတ်မိနေမည် မသိတော့ပေ။
"အင်း.... ကံတရားက ငါ့ကျမှ ဖြစ်လာတယ်။ ကမာ ငါ့ကို မျှော်နေရှာတော့မယ်... "
"ကမာ... ခင်ဗျား မိန်းမလား..."
မိုးစက်ကားကို ကျင်လည်စွာမောင်းနှင်ရင်းသူ့ကိုမေးလိုက်သည်။ မွန်ဂိုလူကြီးအကြောင်းကို အခွင့်ရတုန်းစပ်စုရမည်။ သူ့ခေတ်ကိုပြန်သွားလျှင် မိမိ ဘယ်တော့မှ ပြန်ဆုံရမည် မဟုတ်တော့ပေ။
"ကမာက ငါ့ချစ်သူ ကောင်လေး..."
မိုးစက် ယောင်ပြီး ဘရိတ်အုပ်လိုက်မိသည်။ မွန်ဂိုလူထွားကြီးက အရှေ့ကိုငိုက်ပြီး နဖူးနှင့်ကားမှန်မတိုက်မိအောင် အချိန်မှီထိန်းလိုက်သည်။
"ဘာလဲ... "
"ခင်ဗျား...ခင်ဗျား...တို့က ယောကျာ်းခြင်း ကြိုက်နေတာလား... အတူတူနေတာလား..."
"အေး.. ဘာထူးဆန်းလို့လဲ..."
မိုးစက်သည် ပြုံးရွှင်သွားပြီး လေချွန်လိုက်ကာ ကားပြန်မောင်းလာခဲ့သည်။ တော်သေးသည်။ ကားလမ်းပေါ်ရှင်းနေလို့။ ခုနက မိမိလုပ်ပုံက အနောက်က ကား ဝင်ဆောင့်ခံရကိန်းပဲ။ ရှေးခေတ်က လိင်တူချစ်သူကြီးကိုကြည့်ကာ ကူညီပေးချင်စိတ်တို့ တက်ကြွလာခဲ့သည်။ မိုးစက် သဘောကျစွာရယ်မောကာ သူ့ကိုပြောလိုက်သည်။
"ဘာမှ မပူနဲ့။ ခင်ဗျားရဲ့ချစ်သူ ကမာဆီကိုရောက်အောင် ကျွန်တော် ကူညီပေးမယ်....ဝိုး...တကယ်မထင်ထားဘူး။ ရှေးခေတ်ကတည်းက လိင်တူ ချစ်သူရှိမယ်ဆိုတာ... မွန်ဂိုလူမျိုးတွေက လိင်တူချစ်သူထားတာပဲလား..."
"အဲ့ဒါ လူမျိုးနဲ့မဆိုင်ဘူး။ ငါချစ်ချင်တဲ့သူက ယောကျာ်းလေးဖြစ်နေတာတစ်ခုပါပဲ။ မွန်ဂိုတွေက သိပ်တော့ မထားတတ်ကြဘူး။ ပါရှားတွေက ပိုထားကြတယ်..."
မိုးစက်သည် ရှေးခေတ် လိင်တူချစ်သူများအကြောင်း လေ့လာရတော့မည်ဖြစ်လို့ တက်ကြွစွာဖြင့် ပြန်လာခဲ့သည်။ အတုလသာ သိလျှင် သူလည်း စိတ်ဝင်စားမှာသေချာသည်။
"ကျွန်တော့် နာမည် မိုးစက်ပါ။ ခင်ဗျားရဲ့ နာမည်က ဘယ်လိုခေါ်လဲ..."
"တင်တက်ရင်..."
တင်တက်ရင်သည် မိမိပြောသည့် စကားကိုကြားပြီး အရမ်းကို ဝမ်းသာတက်ကြွနေသည့် ကောင်လေးကို ကြည့်ကာ အိန္ဒြရရဖြေလိုက်သည်။ မိမိကို ကူညီမည်ဆိုသည့် စကားကြောင့် တင်တက်ရင် စိတ်အေးသွားသည်။ ကမာလေးဆီကို ပြန်ချင်လှပြီ။
---------------------------------
စနေနှင့် အတုလတို့ သားအဖသည် မိုးစက်ပြောပြသည်ကို နားထောင်ပြီးနောက် တင်တက်ရင်ကို ခြေဆုံခေါင်းဆုံးတစ်ချက်ပြန် ကြည့်လိုက်သည်။ မွန်ဂိုစစ်ဘုရင်ကြီး
တင်တက်ရင်သည်လည်း သူတို့ကို ခပ်တည်တည်ပြန်ကြည့်နေသည်ကိုတွေ့သော် အတုလက မိုးစက်ကို ပြန်မေးလိုက်သည်။
"မိုးစက်... မင်းလူကြီးက အရူးတော့ မဟုတ်ဘူး။ ဒါပေမယ့် လွယ်မယ့်ပုံတော့ မဟုတ်ဘူး၊ မင်းကို တခုခုလုပ်ရင် ဘယ်လိုလုပ်မလဲ.... လူကောင်းလား။ လူဆိုးလား မသိ။ မွန်ဂိုလူသတ်သမားကြီးဖြစ်နေရင် ဘယ်လိုလုပ်မလဲ...."
"သူ့အကြည့်တွေက သိပ်ကိုတည်ငြိမ်တယ်။ သူက သာမန်လူတော့မဟုတ်ဘူး။ကြည့်ရတာ ရှေးခေတ်က စစ်သူကြီးများဖြစ်မလားပဲ..."
စနေက အကဲခတ်ပြီး ပြောလိုက်သည်။ မိုးစက်သည် အကိုကြီး၏ စကားကြောင့် မွန်ဂိုလူထွားကြီးကို မေးလိုက်သည်။
"ခင်ဗျားက ဘယ်လိုလူလဲ..."
"ငါက နန်းစွန့်ဘုရင်ပဲ..."
တင်တက်ရင်သည် တောက်ပြောင်သန့်ရှင်းသည် ဧည့်ခန်းနှင့် လျှပ်စစ်အသုံးဆောင်များကို လှည့်ပတ်ကြည့်နေရင်း လူလတ်ပိုင်းလူရွယ်နှင့် ကောင်လေး ခပ်သေးသေးကို တချက်ကြည့်ကာ ပြောလိုက်သည်။ မိမိအကြောင်းကို မေးမြန်းနေပုံရသည်။ လူငယ်လေးက မိမိကို လန့်နေပုံရပြီး လူလတ်ပိုင်း ရောဂါသည်ဖြစ်ဟန်တူသည့် လူက မိမိကို အကဲခတ်ဟန်တည်ငြိမ်စွာကြည့်ခဲ့သည်။ ထိုလူ၏ ရဲရင့်သောအကြည့်ကို တင်တက်ရင် သဘောကျသည်။
မိုးစက်သည် တင်တက်ရင်၏ အဖြေကြောင့် သဘောကျသွားခဲ့သည်။ သူ အရွယ်ကောင်းနှင့် နန်းစွန့်ခဲ့သည် ဆိုတော့ သူ့ချစ်သူကောင်လေးနှင့်ပတ်သတ်ရမည်။ ရှေးခေတ်က အချစ်ဇာတ်လမ်းကို သိချင်လှပြီ။
"အကိုကြီး သူက နန်းစွန့်ဘုရင်တဲ့... သူ့ကို ကျွန်တော် ကူညီပေးချင်လို့။ ဒီမှာထားခွင့်ပြုပါ အကိုကြီး။ တကယ်လို့ ကျွန်တော် ရန်ကုန်ပြန်တဲ့အထိ သူ့ကို ရှေးခေတ်ပြန်မပို့နိုင်သေးရင် ကျွန်တော် ရန်ကုန်ကို ခေါ်သွားပါ့မယ်...."
"ရပါတယ်ကွာ... ပြောနေဖို့လိုသေးလား။ ဒီအိမ်က မင်းရဲ့အိမ်ပဲဟာ...."
မိုးစက်သည် အကိုကြီး၏ စကားကြောင့် ကျေးဇူးတင်စွာဖြင့် ကြည့်ကာ အတုလကို တလက်စတည်း တောင်းပန်လိုက်သည်။
"မင်းလည်း ခွင့်ပြုပေးပါကွာ.. အတုလ... သူက လူကောင်းဆိုတာ ငါယုံကြည်တယ်... သူနဲ့ငါ ရေစက်ဆုံတယ်လို့ ခံစားမိလို့ ကူညီပေးချင်လို့ပါ..."
"ရပါတယ် မိုးစက်ရာ။ ငါက နည်းနည်းလန့်လို့ပါ။ နည်းတဲ့လူကောင်ကြီးမဟုတ်ဘူး....သူ့ခေတ်နဲ့သူ ဘယ်လောက်တောင် ထက်မြက်တဲ့လူဖြစ်လိုက်မလဲ မသိဘူး... သူ့ဇာတ်ကြောင်းက စိတ်ဝင်စားစရာကောင်းမှာပဲကွ...."
"အေး... ပိုစိတ်ဝင်စားစရာကောင်းတာက သူ့ချစ်သူက မိန်းကလေး မဟုတ်ဘူး။ ကောင်လေးတဲ့ကွ...."
"ဘာ...ရှေးခေတ်က လိင်တူချစ်သူကြီးပေါ့...ဝိုး...ဒါဆို ကူညီရမှာပေါ့ကွာ..."
အတုလ သဘောကျစွာပြောလိုက်သည်။မိုးစက်က အားပါးတရပြုံးကာ တင်တက်ရင်ကိုလှမ်းခေါ်ပြီး အကိုကြီးတို့နှင့် မိတ်ဆက်ပေးလိုက်သည်။ တင်တက်ရင်သည် အိမ်ရှင်များကို မိမိတို့ထုံးစံအတိုင်းနူတ်ဆက်လိုက်သည်။ အမူယာကိုကြည့်ရတာ မိမိကို လက်ခံသွားပြီထင်သည်။ သက်လတ်ပိုင်းလူရွယ်က မိမိကို ခေါ်ခဲ့သည့် ကောင်ေးလကို အတော့်ကိုချစ်ပုံရသည်။ သူ့အကြည့်ထဲမှကို ချစ်ရိပ်ချစ်ရောင်များလွှမ်းလို့နေသည်။ ရယူပိုင်ဆိုင်ခြင်းထက် ကျော်လွန်သည့် ချစ်ခြင်းများကို မြင်ရပြီး တင်တက်ရင် စိတ်မကောင်းသလိုပင် ခံစားလိုက်ရသည်။ တချိန်က တေးဟာခန်၏ မိဖုရားဘဝအဖြစ်ရှိနေသည့် ကမာ့ကို ကြည့်လိုက်သည့် မိမိမျက်ဝန်းကို ပြန်မြင်နေရသလိုပင်။ ယနေ့ခေတ်လူများလည်း မိမိနှင့် ကမာလို လိင်တူချစ်သူရှိပုံရသည်။ မိမိလည်း စိတ်ဝင်စားစရာဇာတ်လမ်းကို တွေ့ရအုံးမည်ဟု ယုံကြည်သည်။
----------------------------------------------