
775 91 11
                                    



အချိန်စက်ဝိုင်းတို့ လွဲပြောင်းချိန် - 5 (မုန်တိုင်းများ၏အရှင်သခင်နှင့် အချစ်စစ်)

တင်တက်ရင်သည် မွန်ဂိုခေတ်က အတိုင်းတိုင်းအပြည်ပြည်က ဖိန့်ဖိန့်တုန်ကြောက်ရသည့် စစ်ဘုရင်ကြီးဖြစ်သော်လည်း ခေတ်တစ်ခုကိုရောက်သည့်အခါ ကိုယ်ကာယကြံ့ခိုင်သည့်လူထွားကြီးဆိုတာထက် ဘာမှ မထူးခြားတော့ပေ။ နိုင်ငံတစ်ခုကို ဦးဆောင်နိုင်ဖို့မပြောနှင့် ကိုယ့်စားဝတ်နေရေးကိုပင် မိုးစက်ဆိုသည့် ခပ်သေးသေးလူငယ်လေးတစ်ဦးပေါ် မှီခိုနေရသဖြင့် တင်တက်ရင် သက်ပြင်းချမိသည်။

"နောင်တော်ကြီး.. အပြင်ကို သွားရအောင်"

ယခုလည်း မိုးစက်နှင့် အတုလဆိုသည့် လူငယ်လေးနှစ်ဦးက မိမိကိုခေါ်ပြီး မြင်းမပါသည့်စီးတော်လှည်းထဲ ကျဉ်းကျဉ်းကြပ်ကြပ်ဝင်ကာ လူများစွာသွားလာဝယ်ခြမ်းနေသည့်ဈေးကို ခေါ်လာခဲ့သည်။ ရုပ်ဆိုးလှစွာသော အဝတ်အစားများကိုကြည့်ကာ မိမိအတွက် ဝယ်ခြမ်းပေးပြန်သည်။ မိမိရောက်ကာစက သူဝယ်ပေးထားသည့် အဝတ်နှစ်စုံရှိနေသည်ဟု ပြောသော်လည်း အဝတ်သစ်ထပ်ဝယ်ပြီး ငွေစက္ကူများအစား ကဒ်အမည်းလေးကို ထုတ်ပေးလိုက်ရုံနှင့် အရောင်းအဝယ်ပြီးမြောက်သည်ကိုကြည့်ကာ ထူးဆန်းနေသည်။

မိမိရောက်နေသည့်ခေတ်ကား ယန္တယားကြီးငယ်ကိုသုံးကာ သူတို့ဘဝကို တည်ဆောက်ထားကြပြီး လူတိုင်းလူတိုင်း လက်ဝါးလေးထဲ အပြားလေးတပြားကို ကိုင်ဆောင်ကာ တယောက်ကိုတယောက် ဆက်သွယ်ပြောဆိုကြသည်။ ထိုလက်တဝါးပင်မရှိသည့် ခပ်ပြားပြားအရာလေးမှ ပေါ်လာသည့်ပုံရိပ်ကို သည်းသည်းမည်းမည်းကြည့်ကာ သူတို့ပတ်ဝန်းကျင်မှ လှပသည့်အရာများကို လျစ်လျူရှုထားကြသည်။ တင်တက်ရင်သည် သူတို့ခေါ်သွားသည့် ခုံသေးသေးပေါ် မသက်မသာထိုင်ပြီး ပတ်ဝန်းကျင်မှလူများကို ငေးကြည့်ကာ မြက်ရိုင်းလွင်ပြင်တလျှောက် ကမာနှင့်အပြိုင် မြင်းကို ဒုန်းစိုင်းကာ စီးရသည်ကို တမ်းတနေမိသည်။

အတုလသည် ဆံပင်ရှည်ကိုထုံးကာ V ရှိတ်ဆွယ်တာအပြာ၊ ဂျင်းဘောင်းဘီအပြာရင့်နှင့် ကိုယ်လုံးကိုယ်ပေါက်ထွားထွား၊ ရုပ်ခန့်ခန့်နှင့် မွန်ဂိုလူကြီးကို ငေးကြည့်ရင်း ပတ်ပတ်လည်မှ ယောက်ျားလေး၊ မိန်းကလေးအားလုံး စိတ်ဝင်တစားနှင့် ခိုးကြောင်ခိုးဝှက် ဓာတ်ပုံရိုက်နေသည်ကို သတိထားမိကာ မိမိအခုရိုက်မည့်သီချင်းအတွက် ဒီလူကြီးမြင်းစီးသည့်အခန်းကို ရိုက်ရင်ကောင်းမည်ဟု အတွေးပေါက်လာပြီး မိုးစက်ကို လှမ်းပြောလိုက်သည်။

"ဟေ့ကောင်မိုးစက်.. အခု ဝသုန့်အတွက် ငါရိုက်မယ့် music video ထဲမှာ မင်းရဲ့ စစ်ဘုရင်ကြီးကို မြင်းစီးတဲ့အခန်း ထည့်ရိုက်ချင်တယ်။ မင်းပြောပေးစမ်းပါ.."

"ဒီလူကြီးက မင်းပြောတာ ဘယ်လိုနားလည်မှာတုန်း။ ငါက အစ်ကိုကြီးကို စောင့်ရှောက်ဖို့လာတာ။ မင်းရိုက်ကွင်းမှာ စကားပြန်လိုက်မလုပ်ပေးနိုင်ဘူး.."

"မင်းကလဲကွာ.. ငါဖုန်းထဲထည့်ထားတဲ့ Translation application ကိုသုံးပြီး သူ့ကို ပြောမှာပါကွ.. မင်းသာ သူ့ လုပ်ပေးချင်မလား မေးပေး.."

မိုးစက်သည် အကိုနှင်းထန်ဆီကို ဖုန်းဆက်ကြည့်ရာ စက်ပိတ်ထားသည်အော်နေသဖြင့် မျက်မှောင်ကုတ်ကာ စဉ်းစားနေစဉ် အတုလက လာပူဆာသဖြင့် ဘုတောနေခြင်းဖြစ်သည်။ အကိုနှင့်ဖုန်းပြောပြီးကတည်းက မိမိလည်း အမှတ်တမဲ့နေမိတာ။ ကနေ့ အကိုဖုန်းဆက်မလာသဖြင့် စိုးရိမ်ပြီးခေါ်ကြည့်ရာ ဖုန်းပိတ်ထားသည်ဆိုတော့ ဒေါ်ပို့ထံကို ဖုန်းဆက်ကြည့်လိုက်သည်။

"မောင်နှင်းထန် မနေ့က ပြန်မအိပ်ဘူး မောင်မိုးစက်။ အကိုကြီးအိမ်မှာများ အိပ်သလားမသိဘူး"

ဒေါ်ပို၏စကားကြောင့် မိုးစက် ဦးမင်းထန်ဆီကို ဖုန်းဆက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မိမိတို့အတူနေကတည်းက ဦးမင်းထန်က အကို့ကို ဘယ်လိုမှပြောမရလို့သာ ကြည့်နေရသည်။ မိမိကို ဘယ်လိုမှ မကြည်ဖြူသည်ကို သိသောကြောင့် မိုးစက်လည်း တတ်နိုင်သလောက် ယောက္ခမကို မနှောင့်ယှက်မိအောင် နေခဲ့သည်။ ယခု အကိုနှင်းထန်ကို စိုးရိမ်သောကြောင့် ဖုန်းဆက်မေးမည်လုပ်ပြီးမှ သက်ပြင်းချကာ ဝသုန့်ဆီကိုသာ ဖုန်းဆက်လိုက်သည်။

"အကိုနှင်းထန် company ကိုလာသလား ဝသုန်.."

"ငါတို့ဘက်တော့ မလာသေးဘူး။ ရုံးချုပ်မှာ ရှိမှာပေါ့ကွ။ ခုရက်က လကုန်ခါနီးဆိုတော့ meeting ရှိမယ်ထင်တယ်။ မင်းလည်း တောင်ကြီးရောက်နေတာဆိုတော့ မင်းဘိုးတော်က တော်ရုံတန်ရုံ ငါတို့ company ခွဲဘက်ကို သိပ်မလာဖြစ်ဘူး။ ဘာဖြစ်လို့လဲ"

"ငါဖုန်းဆက်တော့ စက်ပိတ်ထားလို့ စိတ်ပူလို့မေးကြည့်တာ။ အိမ်ကိုဆက်တော့ ညကပြန်မအိပ်ဘူးဆိုလို့ပါ"

မိုးစက် သက်ပြင်းရှိုက်ကာ ဝသုန့်ကို အိတ်သွန်ဖာမှောက် ပြောပြလိုက်သည်။ လင်ပျောက်လို့ရှာနေသည်ဟု ဝသုန်ထင်လည်း မတတ်နိုင်တော့။ အကိုနှင်းထန်နှင့် မနေ့ညက ဖုန်းပြောပြီးနောက် ကနေ့တနေကုန် မိမိလည်း အကိုကြီးကို ဆေးရုံလိုက်ပို့တာနှင့် ရှုပ်နေသောကြောင့် မနက်တိုင်းဆက်နေကျသူ ဖုန်းဆက်မလာသည်ကို သတိမထားမိလိုက်ပေ။ ညနေစောင်းသော် မိမိက မွန်ဂိုလူကြီးနှင့် အတုလကိုခေါ်ကာ ဈေးပတ်နေချိန်လည်း သတိမရသေးပေ။ နောက်ဆုံး အအေးဆိုင်ထိုင်ကာ စားသောက်နေရင်း ဗိုက်ကြီးသည့်မိန်းကလေးကို ကြင်ကြင်နာနာတွဲလာသည့် လူရွယ်တဦးကိုမြင်မှ အရင်က ဝတီနှင့်အကိုနှင်းထန် ဒီလိုမျိုး အအေးဆိုင်ထဲဝင်လာသည်ကို သတိရပြီး တလက်စတည်း သူ မိမိကို တနေကုန်ဖုန်းဆက်မလာသဖြင့် ဆက်ကြည့်မှ ဖုန်းပိတ်ထားတာကိုသိရခြင်းဖြစ်သည်။

ဝသုန်သည် သူငယ်ချင်း၏စကားကိုကြားသော် တချက်ရယ်ပြီး နှစ်သိမ့်လိုက်သည်။ အကိုနှင်းထန်နှင့် မိုးစက်တို့အတွဲကတော့ သြချရသည်။ တစ်ယောက်ကိုတစ်ယောက် အပျောက်မခံနိုင်အောင် ချစ်ကြသည်ကိုတွေးရင်း အတုလကို သတိရလာသည်။

"သိပ်လည်း စိတ်မပူပါနဲ့။ ရုံးချုပ်မှာ သူ့ဒယ်ဒီတို့နဲ့ meeting ရှိလို့နေမှာပါ။ မင်းဘိုးတော်က မင်းထက် အဆတရာ မင်းကို မျက်စိအောက်က အပျောက်မခံတဲ့သူပါကွ။ ဒါနဲ့... အတုလ မင်းနဲ့အတူရှိရင် ဖုန်းပေးလိုက်စမ်းပါကွာ.."

မိုးစက်သည် ဝသုန်၏စကားကြောင့် စိတ်သက်သာရာရသွားပြီး အတုလထံ ဖုန်းကို ကမ်းပေးကာ မိမိရှေ့မှ အအေးခွက်ကို ရင်ပူသက်သာလိုသက်သာငြား ကောက်မော့လိုက်သည်။

အတုလက ဝသုန်၏စကားတခွန်းနှစ်ခွန်းကို နားထောင်ပြီးနောက် ထသွားပြီး ခပ်လှမ်းလှမ်းတွင်သွားကာ ပြောလိုက်သည်။ မပြောလို့လည်း မရတော့။ တဖက်က ခွေးကောင် ဝသုန်က ချစ်ကြောင်း၊ လွမ်းကြောင်း ပြောနေတာကိုကြားတော့ မိမိမျက်နှာအပူရှိန်များ ဖြာထွက်လာသလို ခံစားလိုက်ရပြီး မိုးစက်နှင့်ဟိုလူကြီးကို မျက်နှာပူကာ ခပ်လှမ်းလှမ်းကို ထွက်လာခြင်းဖြစ်သည်။

"သည်းလေး.. ပြန်မလာသေးဘူးလား။ ကိုယ့်ကို ဘယ်အချိန်ထိ ပစ်ထားမှာလဲ.. ကိုယ်က သည်းကိုလွမ်းလို့ သေတော့မယ်"

"ချီးထုပ်ပဲ.. ဝသုန်.. တော်တော့။ ပါးစပ်ပိတ်ထား.."

အတုလက မျက်နှာရဲကာ တဖက်က ဝသုန့်ကို ခပ်ကျိတ်ကျိတ်ပြောလိုက်သည်။ ဒီဝသုန်ဆိုသည့်ကောင် အရှက်ကောရှိသေးရဲ့လားဟု တွေးမိသည်

တွေ့စက ပျော်တတ်၊စတတ်သည့် ကောင်လေးက မိမိနှင့်ချစ်သူလည်းဖြစ်ရော ဒီလိုချွဲတတ်၊သည်းတတ်သောသူမှန်း မသိခဲ့မိပေ။ အတုလက အေးဆေးကာ ငြိမ်သက်သူဖြစ်လို့လားတော့မသိ။ ဝသုန်၏အနုပညာကို လေးစားတာရော၊ သူ့ကို မြတ်နိုးတာရောဖြင့် မိမိအချစ်ကို အပ်နှင်းထားသော်လည်း ယောက်ျားလေးချင်းဖြစ်သောကြောင့် မိမိပါးစပ်မှ ချစ်ကြောင်း၊လွမ်းကြောင်းတော့ မပြောဖြစ်သလောက်ပင်။ ဒါပေမယ့် ဝသုန်ကတော့ တွေ့လျှင် လူကို ဖက်တတ်၊ နမ်းတတ်သလို ဖုန်းထဲမှာလည်း မျက်နှာရဲအောင် ချစ်ကြောင်းချွဲတတ်လွန်းသဖြင့် ထိုသို့မပြောရန်တားသော်လည်း ဘယ်တော့မှမရပေ။

"သည်းလေးကလည်း ကိုက လွမ်းလို့ပါ။ တောင်ကြီးရောက်တာနဲ့ ကိုယ့်အပေါ် အချစ်တွေ အေးစက်သွားပြီလားကွာ.."

ဝသုန်က တဖက်မှ စိတ်မကောင်းဟန်ဖြင့်ပြောတော့ အတုလ သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။

"မင်းလွမ်းတာ ငါသိတယ်။ ဒီလို အူယားစရာတွေ မပြောစမ်းပါနဲ့ကွာ။ ငါ ကြက်သီးထလွန်းလို့ပါ"

ဝသုန်က အတုလ၏စကားကြောင့် သဘောကျစွာရယ်လိုက်ပြီး စိတ်ရင်းအတိုင်းပြောလိုက်သည်။

"မင်းက စောက်ရမ်းချစ်ဖို့ကောင်းတာပဲ။ ဒီလို ရိုးရိုးသားသားလေးမို့ မင်းကို ငါ အရမ်းချစ်တာ အတုလ"

"ငါသိတယ်"

အတုလက တုံးတိပြောသဖြင့် ဝသုန်ရယ်မောကာ ပြောလိုက်သည်။

"မင်းမပြောလည်း မင်းငါ့ကိုချစ်တာ၊ လွမ်းတာကို ငါသိပါတယ်။ မင်းဒယ်ဒီ သက်သာရဲ့လား။ အေးဆေး လုပ်စရာရှိတာလုပ်။ ငါ့ကိုမပူနဲ့။ ငါလွမ်းရင် အလုပ်ပါးတာနဲ့ တက်လာခဲ့မယ်။ ကျန်းမာရေး ဂရုစိုက်ဦး"

ဝသုန်၏စကားကြောင့် အတုလလည်း ပြုံးသွားခဲ့သည်။ ဒီကောင်လေးက မိမိအူယားအောင်လုပ်လိုက်၊ ချစ်အောင်လုပ်လိုက်နှင့် မနိုင်ဘူးဟုတွေးကာ ပြုံးနေမိသည်။

တင်တက်ရင်သည် စကားနားမလည်သော်လည်း အတုလဆိုသည့်ကောင်လေးကို သူ့ချစ်သူက ဆက်သွယ်လာမှန်း ရိပ်မိလိုက်သည်။ ချစ်သူနှင့်စကားပြောလျှင် ဖြစ်ပေါ်လာသည့် သိမ်မွေ့နူးညံ့သည့် ချစ်ခြင်းအရိပ်က ဘေးမှလူကို သတိပြုမိအောင် တောက်ပလွန်းလှသည်။ ထိုကောင်လေးကိုကြည့်ကာ တင်တက်ရင် ကမာ့ကို ပိုပြီးလွမ်းဆွတ်လာခဲ့သည်။ ဒီကို မိမိရောက်နေတာ သုံးရက်ရှိပြီဆိုတော့ သေချာသည်၊ ကမာရင်ပူစွာဖြင့် မြက်ရိုင်းလွင်ပြင်နှင့် တောင်ကြောတလျှောက် မြင်းစိုင်းပြီးရှာနေတော့မည်။ ထိုသို့တွေးလိုက်မိသည်နှင့် တင်တက်ရင် သက်ပြင်းချလိုက်မိတော့သည်။

မိုးစက်လည်း တင်တက်ရင်၏ သက်ပြင်းချသံကြောင့် သတိဝင်လာပြီး မော့ကြည့်ကာ ပြောလိုက်သည်။

"ခင်ဗျားကောင်လေးကို လွမ်းနေတာလား.."

"အေး.. လွမ်းနေတာထက် ငါပျောက်သွားလို့ သူ စိတ်ပူပြီး လျှောက်ရှာနေမှာတွေးပြီး ရင်ပူနေတာ။ မတော်လို့ သားရဲတွေနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ။ သူက အမဲလိုက်လည်း ကျွမ်းတယ်ဆိုပေမယ့် ငါ့ကိုစိုးရိမ်တာနဲ့ အန္တရာယ်ကို သတိမထားမိမှာစိုးနေတာ"

တင်တက်ရင်၏စကားကြောင့် ကမာ့အပေါ် မည်မျှချစ်သည်ကိုတွေးပြီး လေးစားသွားသည်။ ရှေးခေတ်က ကမာသည် သူ့ချစ်သူပျောက်လို့ ပူပန်ကာ ပြေးရှာနေလောက်ပြီ။ အကိုနှင်းထန်လည်း မိမိပျောက်လျှင် ဒီလိုမျိုးစိုးရိမ်မှာသေချာသည်ဟု တွေးနေမိသည်။ အတုလ ဖုန်းပြောပြီးတော့ သုံးဦးသား ထပြန်လာတော့သည်။ အတုလတစ်ယောက်သာ စိတ်လက်ပေါ့ပါးနေပြီး တင်တက်ရင်နှင့်မိုးစက်က စိုးရိမ်မကင်းစိတ်ဖြင့် ငြိမ်သက်နေကြသည်။

အိမ်သို့ရောက်သော် အကိုကြီးအတွက်ဝယ်လာသည့် အအေးကို လာပို့စဉ် ရုတ်တရက် အကိုကြီးက မေးလာခဲ့သည်။

"မျက်နှာမကောင်းပါလား.. ဘာဖြစ်လို့လဲ.."

"အကိုဖုန်းပိတ်လားလို့ စိတ်ပူနေတာ အကိုကြီး.."

"company က reception ကို ဆက်မေးလိုက်"

စနေထွဋ်ခေါင်သည် မိုးစက်ကမ်းပေးသည့်အအေးကို ယူသောက်ပြီး ပြောလိုက်သည်။ မိုးစက်လည်း ချက်ချင်း reception ကို ဆက်ပြီးနောက် မျက်နှာပျက်သွားတော့သည်။

"အကိုနှင်းထန် ကနေ့ company ရုံးချုပ်ကို မလာခဲ့ဘူး။ အိမ်လည်း ပြန်မအိပ်ဘူး။ ဖုန်းလည်းပိတ်ထားတယ်"

"မင်း ဦးမင်းထန်ကို အကြောင်းကြားပြီး သေချာအကူညီတောင်းလိုက်တော့.. သူ တခုခုဖြစ်နေပြီ.."

အကိုကြီး၏စကားက မိုးစက်ကို တုန်လှုပ်သွားစေတော့သည်။

--------------------------------------

နှင်းထန် ရေချိုးစည်ကြီးထဲမှထွက်လာတော့ နန်းတွင်းအမှုထမ်းက ပိုးဝတ်ရုံရှည်ကို ထုတ်ပေးထားသဖြင့် နှင်းထန် ကောက်ဝတ်ကာ ကြေးလင်ဗန်းကို ပြောင်အောင်တိုက်ထားသည့်မှန်ထဲ တချက်ကြည့်နေစဉ် အခန်းထဲကို လူရွယ်တစ်ဦး ဝင်လာခဲ့သည်။ ငွေပြာရောင်နန်းတွင်းဝတ်စုံနှင့် ချောမောလွန်းသည့် ကမာ့ကိုတွေ့သော် နှင်းထန် အံ့သြကာ စိုက်ကြည့်ပြီး မနေနိုင်ဘဲပြောလိုက်မိသည်။

"အိုး.. မင်း တော်တော့်ကို ချောတာပဲ.."

ကမာက နှင်းထန်၏စကားကို မည်သို့မျှမတုန့်ပြန်ဘဲ ညစာစားရန်ခေါ်လာခဲ့သည်။

"ညစာသွားစားကြစို့.. အကိုလေးတို့မိသားစုက သူတို့ဆီ အတင်းလာစားခိုင်းနေလို့။ ကျွန်တော့်ညီတော် ဟေဇယ်က နောင်တော်နှင်းထန်အကြောင်း ကြားပြီး တွေ့ချင်တယ်ပူဆာလို့.."

"မင်းမှာ ညီရှိသေးတာလား.."

"ရှိတယ်။ သွားကြစို့.. ဗိုက်ဆာနေပြီ"

ကမာကဦးဆောင်ပြီး နန်းတော်ထဲရှိ အိမ်ရှေ့မင်းစံအိမ်ကို အမြန်လာခဲ့သည်။ ထင်သည့်အတိုင်း လမ်းတဝက်တွင် ဟေဇယ်နှင့်တိုးသည်။

"ဘာလို့လိုက်လာတာလဲ။ နောင်တော်ခေါ်လာပါ့မယ်ဆိုတာ.." ဟေဇယ်က ရယ်မောကာ နောင်တော်ကမာကို ပြေးဖက်ပြီး ပြောလိုက်သည်။

"နောင်တော့်ကိုလွမ်းလို့။ အတူ ညစာစားချင်လို့"

နောက်ထပ် မိန်းကလေးလို ချောမောလှပသည့် လူငယ်လေးကိုတွေ့တော့ နှင်းထန် ငေးကြည့်မိပြန်သည်။ ဟေဇယ်ကလည်း ကိုလူစိမ်းကို စိတ်ဝင်တစားဖြင့် ခြေဆုံးခေါင်းဆုံးကြည့်တော့ ကမာက သတိပေးလိုက်သည်။

"အကိုလေးရှေ့မှာ ဒီလိုငေးမကြည့်နဲ့"

ကမာက ဟေဇယ့်ကို သတိပေးလိုက်တော့ နှင်းထန်သဘောပေါက်သွားတော့သည်။ ဟေဇယ်က ဦးရီးတော်ရဲ့ ကြင်ယာတော်။ ကမာက စစ်ဘုရင်ကြီးတင်တက်ရင်၏ တစ်ဦးတည်းသော ကြင်သူ။

"နောင်တော်ကလည်း.. သူကရိုးရိုးသားသားကြည့်တာပဲဟာ။ အကိုလေးက နားလည်မှာပါ။"

"အကိုလေး သဝန်တိုတာ ငါသိလို့ပြောနေတာ.. မင်းကြောင့် နောင်တော်နှင်းထန် အခက်တွေ့မယ်။"

"ကောင်းပါပြီဗျာ.. ဒါနဲ့.. မင်းကြီး ဘယ်လိုပျောက်သွားတာလဲ နောင်တော်"

"ဒီနောင်တော်ပြောစကားအရ မိုးရွာတဲ့အချိန် မိုးကြိုးပစ်ချပြီး တံခါးပွင့်ချိန် မထင်မှတ်ဘဲ အနာဂတ်ကို ရောက်သွားတာတဲ့.. ဒီနောင်တော်လည်း အနာဂတ်က လာခဲ့တာပဲ"

ဟေဇယ်သည် နောင်တော့်စကားကိုကြားသော် စိတ်ဝင်စားလွန်းလို့ မျက်လုံးဝင်းဝင်းတောက်သွားတော့သည်။ မိမိ ပါရှားနန်းတော်တွင် ရှိစဉ်ကတည်းက အီဂျစ်ပြည်မှ မှတ်တမ်းများကို ကြားဖူးနားဝရှိခဲ့သည်။ ထူးခြားသည့် မှော်ပညာနှင့် အနာဂတ်အကြောင်း ဟောပြောချက်များ။ ဒါတွေက အမှန်လားဆိုတာ ဒီလူကို မေးနိုင်ဖို့ အခွင့်အရေးရလာပြီဖြစ်လို့ ဟေဇယ် တက်ကြွသွားသည်။

နှင်းထန်သည် ရာဇဝင်ထဲရောက်နေသည့် မိမိအဖြစ်ကြောင့် သက်ပြင်းကို နောက်တကြိမ်ချမိပြန်သည်။ မိမိခေတ်ကို ပြန်မရောက်မည်ကို စိုးသည့်စိတ်၊ မိုးစက်နှင့်ပြန်မဆုံရမည်ကို စိုးသည့်စိတ်ကြောင့် ဘာကိုမှအာရုံမရဘဲ ခေါင်းရှုပ်နေမိသည်။ မိမိလက်ရှိရောက်နေသောခေတ်မှ 21ရာစုကိုပြန်သွားဖို့ မိုးကြိုးစက်ကွင်းကို မျှော်လင့်ရမည်ဖြစ်သော်လည်း မိုးကြိုးလွှဲမပါဘဲ တိုက်ရိုက်မိုးကြိုးပစ်ချခံရလျှင် မိမိခေတ် ပြန်ရောက်၊မရောက်ထက် မီးသွေးတုံးဖြစ်ဖို့က ပိုများသည်။ ပြင်းထန်လှသည့် လျှပ်စစ်လှိုင်းကို မိမိထံ တိုက်ရိုက်မကျစေဘဲ သံလိုက်စက်ကွင်းဖြစ်ပေါ်စေသည့် အနီးဆုံးနေရာကို ရောက်နေဖို့က ဘယ်လိုတွက်ချက်ရမလဲ။ ကျောင်းမှာသင်ခဲ့ရသည့် ရူပဗေဒ သဘောတရားများကိုလည်း မေ့ပစ်ခဲ့တာကြာလေပြီ။

ဟေဇယ်သည် ဆံပင်တိုတိုနှင့် မိမိတို့နှင့်မတူ ထူးခြားသည့်ခေတ်သစ်မှ တိုင်းတပါးသားကို စောင့်ငဲ့ကြည့်ကာ နောင်တော့်နားကပ်ကာ တိုးတိုးမေးလိုက်သည်။

"နောင်တော်.. ဒီလူစိမ်းကို နောင်တော့်မြင်းပေါ် တင်ခေါ်ခဲ့တယ်ဆို.."

"အင်း.. သူက မြင်းမှမစီးတတ်တာ.. နောင်တော် တင်မခေါ်လာရင် ခုချိန် နန်းတော်ကို ရောက်နိုင်ဦးမှာမဟုတ်ဘူး"

"မင်းကြီးပြန်ရောက်လာလို့ ပြန်သိရင် ဒီလူကို ခွင့်လွှတ်ပါ့မလား"

ကမာက ပေါက်ကရတွေးပူနေသော ဟေဇယ့်ကိုကြည့်ကာ စိတ်ညစ်သည့်ကြားမှ ရယ်ချင်သွားသည်။

"ဘာမှမပူနဲ့.. အကိုကြီးပြန်လာရင် သူလည်း သူ့ခေတ်ကို ပြန်ရောက်သွားလောက်ပြီ"

"ဟုတ်သားပဲ.. ဒါနဲ့.. နောင်တော် နည်းလမ်းရှာတွေ့ထားပြီလား.."

ဟေဇယ်၏အမေးစကားကြောင့် ကမာ စိတ်ညစ်ပြီး သက်ပြင်းရှိုက်လိုက်မိသည်။ မိမိ တာတာတပ်များလက်ထဲ ကျရောက်စဉ်ကလို ထွက်ပြေးလွတ်မြောက်ဖို့ ခေါင်းပူအောင် စဉ်းစားရသည်နှင့်မတူ။ ယခုကြုံတွေ့ရသည့်အဖြစ်က မိမိချစ်သောအကိုကြီး မတူညီသောအချိန်၊ မတူညီသောခေတ်ကို ရောက်သွားသည်ဆိုခြင်းက ကောင်းကင်ဘုံရောက်သွားသလို လူ့ပြည်ပြန်လာဖို့ နည်းလမ်းရှာနေတာနှင့် အတူတူဟု ခံစားလိုက်ရသည်။

"နောင်တော်လည်း မသေချာဘူး။ မင်း ပါရှားနန်းတော်မှာနေတုန်းက တောင်ပိုင်းအီဂျစ်ပြည်မှာ ထူးဆန်းတဲ့အကြောင်းတွေ ကြားဖူးတယ်မလား။ နောင်တော်လည်း အဲ့အချက်တွေကို သတိရလို့ အနောက်ဒေသက ပညာရှင်တွေကို ဆင့်ခေါ်ခိုင်းလိုက်တာပဲ"

ဟေဇယ်သည် နောင်တော်၏ ညှိုးငယ်သော်လည်း ခိုင်မာပြတ်သားစွာ ပြောသည့်ပုံစံကိုတွေ့သော် နောင်တော့်စိတ်ကို နားလည်လိုက်သည်။ မင်းကြီးတင်တက်ရင်ကို ကောင်းကင်ဘုံက လာခေါ်သွားလျှင်ပင် နောင်တော်က နည်းလမ်းရှာပြီး ရအောင်လိုက်မည်ဟု မိမိယုံကြည်သည်။

နှင်းထန်သည် ငယ်ကာ ချောမောလှသည့် မင်းသားနှစ်ပါး တီးတိုးပြောနေသည်ကို ကြားတချက်၊ မကြားတချက်နှင့် မိမိလည်း အပူမီးတောက်နေတော့သည်။ ရာဇဝင်ထဲမှာ မိမိပိတ်မိနေခဲ့လျှင်...။ ထိုအတွေးကြောင့် နှင်းထန် သက်ပြင်းသာ တဟင်းဟင်း ချနေမိတော့သည်။ မိုးစက်လေး မိမိကို မျှော်နေတော့မည်။ မိမိပြန်မလာနိုင်တော့လျှင် မိုးစက် ဘယ်လောက်ဝမ်းနည်းနေမည်နည်း။ မိမိကတော့ ကုန်းပေါ်ရောက်သော ငါးလို မိုးစက်မရှိသည့် ဒီရာဇဝင်ခေတ်မှာ ဘယ်လိုရှင်သန်နိုင်တော့မလဲ။

"ကမာ.. လာ.. နောင်တော်နဲ့ မင်းမရီးက မျှော်နေတာ.. မင့်မရီးတော်က ဧည့်သည်တော်အကြောင်းကြားတော့ တွေ့ဖူးချင်တာရယ်၊ မင်းကိုလည်း မတွေ့ရတာကြာလို့ရယ်၊ ဒီကောင်လေးဟေဇယ် ပူဆာတာရယ်ကြောင့် ညစာအတူစားဖို့ ခေါ်ခိုင်းလိုက်ရတာ.. ဧည့်သည်တော်.. ကြွပါ.."

တင်မော်ရင်က ကမာကို ဆီးကြိုပြောကာ ထမင်းစားဆောင်ကို တန်းခေါ်လာတော့သည်။ ဖိန်းဖိန်းသည် ကမာကို ဝမ်းသာစွာ နှုတ်ဆက်ပြီးနောက် မင်းကြီးပျောက်သွားပုံကို မေးနေသဖြင့် ကမာ မျက်နှာမသာမယာဖြင့် ထပ်ရှင်းပြလိုက်သည်။

"ကဲ ကဲ.. ထမင်းစားရအောင်။ ကမာလည်း အရမ်းစိတ်မပူပါနဲ့။ ဒီဧည့်သည်တော်ပြောသလိုဆိုရင် ဝင်ပေါက်တံခါးက ပြန်ပွင့်လာနိုင်မှာပါ.."

ကမာ ခေါင်းကို ဖြည်းညှင်းစွာငြိမ့်ပြီး ညစာကို တိတ်ဆိတ်စွာစားလိုက်သည်။

နှင်းထန်သည် ချစ်သူအတွက် ပူပန်နေသည့် ကမာ့ကိုကြည့်ကာ ကိုယ်ချင်းစာမိသည်။ မိမိလည်း ချစ်သူနှင့် ပြန်မတွေ့ရမှာစိုးလို့ ရင်ထဲ မီးလောင်နေပြီမဟုတ်လား။ ဟေဇယ်၊ တင်မော်ရင်နှင့် မိန်းမိန်းတို့က ကမာနှင့်နှင်းထန်ကို နွေးထွေးစွာ အားပေးစကားပြောကြသော်လည်း ကိုယ့်မိတ်ဖက်ချစ်သူကို ပြန်မဆုံမချင်း မိမိတို့ရင်ကအပူမီး ဘယ်လိုမှ ငြှိမ်းသတ်နိုင်မှာမဟုတ်သည်ကို ကာယကံရှင်သာ အသိဆုံးဖြစ်သည်။

•••••••••••••••••••••••••••••••••••••



အချိန်စက်ဝိုင်းတို့ လွဲပြောင်းချိန်Where stories live. Discover now