အချိန်စက်ဝိုင်းတို့ လွဲပြောင်းချိန် - 4 (မုန်တိုင်းများ၏အရှင်သခင်နှင့် အချစ်စစ်)
နှင်းထန်သည် မိမိကိုကယ်တင်ထားသည့် လူငယ်ချောကိုငေးကြည့်ရင်း 21 ရာစုကို ဘယ်လိုပြန်သွားရမလဲဟု တွေးကာ စိတ်ညစ်သွားတော့သည်။ တကယ်လို့ မိမိတို့ခေတ်ကိုပြန်မသွားနိုင်ဘဲ ဒီဘက်ခေတ်မှာ ပိတ်မိခဲ့လျှင် မိုးစက်နှင့် ရှင်ကွဲ ကွဲရပေတော့မည်။ ထိုသို့တွေးလိုက်မိသည်နှင့် နှင်းထန် အိပ်ယာထက်မှ ဝုန်းခနဲထထိုင်ပြီး မိမိ၏ကယ်တင်ရှင်ကောင်လေးကို မေးလိုက်သည်။
"မင်း.. တင်တက်ရင်ဆိုတဲ့ စစ်ဘုရင်ကြီးနဲ့ ဘယ်လိုပတ်သက်နေလဲ.. သူဘယ်လိုပျောက်သွားတာလဲ သိလား..."
ကမာသည် မိမိကယ်လာသည့် တိုင်းတပါးသား၏စကားကြောင့် မိမိချစ်သူကိုဖမ်းထားသည်ဟု ထင်သွားပြီး ဓားရှည်ကိုဆွဲထုတ်ကာ အေးစက်စွာဖြင့် စစ်မေးလိုက်သည်။
"ခင်ဗျား ဘယ်တိုင်းပြည်ကလူလဲ.. ကျွန်တော့်အစ်ကိုကြီးပျောက်နေတာ ဘယ်လိုသိတာလဲ.. ခင်ဗျားတို့ ဖမ်းဆီးသွားတာလား.."
ကမာသည် ပြောရင်း နောင်တော့်အတွက် စိုးရိမ်ပူပန်လာပြီး ဒီလူ့ကို ဓားနှင့်ရွယ်ကာ ခပ်ဆတ်ဆတ်မေးလိုက်သည်။ မိမိကြောင့် ထီးနန်းကိုစွန့်ခဲ့သည့် ကျေးဇူးရှင်အစ်ကိုကြီး အကာကွယ်ကင်းမဲ့ချိန် ဖမ်းဆီးကာ သတ်ဖြတ် လိုက်ပြီလား ဟု တွေးကာ ရင်ဘတ်ထဲမှသွေးယိုကျသလို နာကျင်လာသည်။ အစ်ကိုကြီးသာ အဖမ်းခံရလျှင် အသက် ၁၀ ခါစွန့်ရလည်း မိမိလိုက်ကယ်မည်။ အစ်ကိုကြီးကို သူတို့ သတ်ဖြတ်ပစ်လိုက်လျှင် လူမျိုးစုတစုလုံးကို သတ်ဖြတ်ပြီး ကလဲ့စားချေမည်ဟု ကမာ ဆုံးဖြတ်လိုက်သည်။
နှင်းထန်သည် မိမိကိုဓားနှင့်ရွယ်ကာ နာကျင်စွာပြောလိုက်သည့် လူရွယ်လေးကြောင့် အထင်မြင်လွဲမှားသွားသည်ကို သိကာ လက်ကာရင်း အမြန်ရှင်းပြလိုက်သည်။
"ခဏနေပါဦး.. ငါပြောတာကို သေချာနားထောင်ပါဦး။ ငါ မင်းရဲ့အကိုကြီးကို မြင်တောင်မမြင်ဖူးပါဘူး"
"ဒါဆို မင်း သူ့ရဲ့နာမည်ကို ဘယ်လိုသိတာလဲ.. မင်းရဲ့လူတွေက ဘာလိုချင်လို့ အကိုကြီးကို ဖမ်းသွားတာလဲ.. ငါတို့ဆီမှာ ဘာမှမရှိဘူး။ သူက ထီးနန်းကို စွန့်ပယ်ထားပြီးတဲ့သူပါ.."
ကမာ ရင်နာစွာဖြင့် မိမိကယ်လာသည့်လူကို တောင်းပန်လိုက်သည်။ မိမိကြောင့်သာ မဟုတ်လျှင် နန်းတော်တွင် ဘုရင်အဖြစ် စည်းစိမ်အပြည့်ဖြင့် စိုးစံနေမှာသေချာသည်။ ယခုတော့ မိမိကိုချစ်သည့်အတွက် ထီးနန်းကိုစွန့်ပယ်ပြီး တူနှစ်ကိုယ်ဘဝကို ထူထောင်သဖြင့် လူဆိုးများက အခွင့်ကောင်းချောင်းကာ ဖမ်းဆီးသွားပြီလား။ နောင်တော်က အင်မတန်တော်သည့် စစ်ဘုရင်ဖြစ်သည့်အတွက် ရန်သူများက အခဲမကျေပဲ အနောက်က လိုက်လာခဲ့သလားဟု တွေးကာ ရင်ပူပြီးရင်းပူနေတော့သည်။
နှင်းထန်က ကမာနားလည်အောင် အတတ်နိုင်ဆုံးရှင်းပြဖို့ ကြိုးစားလိုက်သည်။ မိမိပြောသည်ကို ဟိုးရှေးခေတ်ကကောင်လေး နားလည်ပါ့မလားဆိုပြီး ပူပန်နေမိသည်။
"ငါပြောတာကို သေချာနားထောင်ပေးပါ။ ငါက မင်းတို့ခေတ်က မဟုတ်ဘူး။ ငါက မင်းတို့ထက်နောက်ကျတဲ့ခေတ်က လူသားပါ။ မိုးရွာနေတုန်း ငါ့ပေါ်မိုးကြိုးပစ်ချပြီး သတိလစ်သွားခဲ့တယ်။ သတိရလာတော့ မင်းဆီရောက်နေပြီ။ တင်တက်ရင်ဆိုတဲ့နာမည်ကို ငါသိနေတာက ငါမိုးကြိုးပစ်မခံရခင် ငါ့ချစ်သူဆီက ကြားလိုက်ရလို့ပါ။ မွန်ဂိုခေတ်က စစ်ဘုရင်ကြီးတင်တက်ရင်က သူ့ဆီကိုရောက်နေတယ်လို့ ပြောလို့ပါ"
ကမာသည် ထိုလူ၏စကားကိုကြားသော် ယုံရမလား၊ မယုံရဘူးလားတွေးကာ နှင်းထန်ကို အကဲခတ်နေသည်။ မိမိကယ်လာသည့်လူ ဝတ်ထားသည့်အဝတ်အစားက မိမိတခါမှမမြင်ဖူးသည့်အပြင် ချုပ်ပုံချုပ်သား အရမ်းသပ်ရပ်လွန်းလှသည်။ ပြီးတော့ သူစီးထားသည့်ခြေနင်း၊ ထားသည့်ဆံပင်တိုကပ်ကပ်နှင့် မုတ်ဆိတ်ကျင်စွယ်မရှိသည့်မျက်နှာ၊ သူ့လက်မှာပတ်ထားသည့် ထူးဆန်းသည့် လက်ဝတ်ရတနာကိုကြည့်ကာ ထိုသူလိမ်ပြောတာမဟုတ်ဆိုတာ တဖြည်းဖြည်းလက်ခံလာပြီး ဓားကိုပြန်ချကာ သက်ပြင်းရှိုက်လိုက်သည်။
"ကျွန်တော့်အကိုကြီး အမဲလိုက်ထွက်ရင်း မိုးအရမ်းရွာပြီးနောက် ပျောက်ကွယ်သွားတာပဲ.."
ကမာ၏စကားကိုကြားသော် နှင်းထန်၏အထင် မှန်သွားလေပြီ။ မိုးကြိုးသံလိုက်စက်ကွင်းတခုဖြစ်ပေါ်ချိန် ကံဆိုးပြီး မိမိနှင့် ရှေးခေတ်ကစစ်ဘုရင်ကြီး ခေတ်များလွဲပြောင်းရောက်ရှိလာပုံရသည်။
"ကျွန်တော်ထင်တာမမှားဘူးဆိုရင် မိုးကြိုးပစ်ချချိန် ဖြစ်လာတဲ့ သံလိုက်စက်ကွင်းက အချိန်ခရီးသွားလို့ရတဲ့ လမ်းကြောင်းတခု ဖြစ်သွားပုံရတယ်။ ကျွန်တော်တို့ သူ့ခေတ် ကိုယ့်ခေတ် ပြန်ရောက်ဖို့ နောက်တခါမိုးကြိုးပစ်ချချိန်ကို စောင့်မှဖြစ်မယ်.."
ကမာသည် ထိုသူပြောသွားသည့်စကားများထဲမှ နားမလည်သည့်အသုံးနှုန်းများပါသော်လည်း ဉာဏ်ကောင်းသူပီပီ ဆိုလိုရင်းကို သိလိုက်သည်။
"ခင်ဗျားပြောတာက.. မိုးကြိုးပစ်ချလိုက်လို့ တံခါးပွင့်ပြီး ခင်ဗျားနဲ့အကိုကြီး မတူညီနဲ့ခေတ်ကို ရောက်လာတာပေါ့.."
"ဟုတ်တယ်.."
မိမိကယ်ခဲ့သည့်လူရွယ်၏ စကားကိုကြားသော် ကမာ သက်ပြင်းရှိုက်ကာ မျက်နှာကိုလက်နှင့်အုပ်ထားလိုက်မိသည်။ တော်သေးသည်၊ အကိုကြီး အသက်ရှင်လျက်ရှိသေးလို့။ ဘယ်နေရာရောက်ရောက် အကိုကြီး မိမိရှိရာကို အရောက်ပြန်လာမည်ဟု ကမာယုံကြည်သည်။
"မိတ်ဆွေ.. အရမ်းစိတ်မပူပါနဲ့။ စစ်ဘုရင်ကြီးတင်တက်ရင်က ကျွန်တော်တို့နဲ့ ရေစက်ပါသလားမသိဘူး။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်ချစ်သူဆီ ရောက်နေတယ်။ သူ အသက်အန္တရာယ်မရှိပါဘူး"
ကမာသည် ထိုသူ၏စကားကြောင့် ခေါင်းငြိမ့်ကာ စိတ်ကိုပြန်စုစည်းလိုက်ပြီး နန်းတော်ကို စာပို့ခိုလွှတ်ကာ အကြောင်းကြားလိုက်သည်။
"ကောင်းပါပြီ.. ကျွန်တော်တို့ မနက်ဖြန်နေပြည်တော်ပြန်ပြီး နက္ခတ်ဗေဒပညာရှင်တွေနဲ့ သွားဆွေးနွေးကြတာပေါ့.. ခင်ဗျားရဲ့ခေတ်ကိုပြန်ရောက်ဖို့ အခြားနည်းများရှိမလား ရှာဖွေကြည့်တာပေါ့..ခင်ဗျားကို အထင်လွဲမိတာ တောင်းပန်ပါတယ်။ ကျွန်တော်က ကမာအာဇမာန်ပါ။ ဒီက နောင်တော်နာမည်က....ဘယ်သူများလဲ "
"ကျွန်တော့်နာမည်က နှင်းထန်ပါ။ ကျွန်တော်က ဒီမွန်ဂိုအင်ပါယာရဲ့ဟိုးဘက် တောင်ပိုင်းနိုင်ငံကပါ။ မြန်မာနိုင်ငံလို့ခေါ်ပါတယ်။ အဲ...အခုခေတ်အခါဆိုရင် ပျူတိုင်းပြည်ပေါ့ဗျာ"
"သြော်...ပျူတိုင်းပြည်ကလား။ ဂီတစောင်းညှင်းမှာ နာမည်ကျော်တဲ့ တိုင်းပြည်တခုပေပဲ... အင်း... ကျွန်တော့်ရဲ့ အကိုကြီးက အသင်တို့ ခေတ်မှာ ဘယ်လို အခက်ခဲများကြုံနေရမလဲ မသိဘူး။"
ကမာက သူ့ကိုပြောကာ ညစာချက်ပြုတ်ပေးလိုက်ပြီး လုပ်စရာများကို စနစ်တကျ မှတ်သားတော့သည်။ နှင်းထန်သည် ကမာချက်ပေးသည့် အသားဆန်ပြုတ်ကို စားပြီးသည်နှင့် ခွန်အားအတော်ပြည့်သွားပြီး သန့်ရှင်းသည့်အိပ်ယာထက်တွင် သားမွေးခြုံထည်ကြီးကိုခြုံကာလှဲနေရင်း မိုးစက်ကို သတိရနေမိသည်။ ကမာစိုးရိမ်သလို မိုးစက်လည်း မိမိကိုစိုးရိမ်နေလောက်ပြီဟုတွေးကာ နောက်ဆုံး အိပ်ပျော်သွားတော့သည်။
------------------------------------------------
နှင်းထန်သည် ကမာနှင့်အတူ မြင်းစီးကာ မြင်ရိုင်းလွင်ပြင်ကို ဖြတ်ကာ နန်းတော်ရှိရာကို ဦးတည်လာခဲ့သည်။ ခေတ်မှလာသည့်လူဖြစ်သဖြင့် မြင်းမစီးတတ်သဖြင့် ကမာ၏ နောက်မှ ဖက်ကာ လူနှစ်ယောက်အတူတူ မြင်းတစ်ကောင်တည်းစီးလာခဲ့သည်။ သူများနောက်မှ ထိုင်လိုက်ရတာ ရှက်စရာကောင်းသော်လည်း မြင်းမှမစီးလျှင် လိုရာကို ရောက်တော့မည်မဟုတ်သဖြင့် သည်းခံကာ လိုက်လာခဲ့သည်။ တိုးတက်သည့် ခေတ်မှလာခဲ့သူပီပီ မြင်မြင်လေရာ မြက်ရိုင်းလွင်ပြင်၊ တောင်တောင်သဘာဝဖြင့် အေးမြလတ်ဆတ်သည့် လေကို ဆန်ပြီး လေးညှို့မှ ပြေးထွက်လာသည့် မြှားတစင်းပမာ မဟူရာရောင်မြင်းနက်ကြီးက လူငယ်နှစ်ဦးကို သယ်ကာ လျှင်မြန်စွာ ခရီးဆက်နေခဲ့သည်။
ကမာက နန်းတော်ကိုရောက်ချင်ဇောဖြင့် မဟူရာကို ခြေကုန်လွှတ်ကာ စိုင်းတော့ လေထဲ ပျံနေသလို လွှားခနဲ လွှားခနဲ တောတောင်များကို ဖြတ်ကျော်လာခဲ့သည်။ ခေတ်သစ်မှ လာသည့် လူစိမ်းက ပြုတ်ကျမည်စိုးဖြင့် မိမိခါးကို တင်းတင်းဖက်ထားသဖြင့် ကိုယ်ခန္ဓာနှစ်ခု ပူးကပ်လို့ နေသည်။ ကမာသည် အကိုကြီး မဟုတ်သည့် လူစိမ်းတစ်ယောက်၏ ကိုယ်နှင့် ဒီလောက်ပူးကပ်စွာရှိနေသဖြင့် တွန့်သွားသော်လည်း ထိုလူက အသားယူလိုခြင်း မဟုတ်ပဲ ပြုတ်ကျမည်စိုးသည့်အတွက် ရိုးရိုးသားသားဖက်ထားသည်ကို သိလို့ ဘာမှမပြောပဲ ခရီးသာဆက်နေတော့သည်။
"အရှင့်သားကို ကြိုဆိုပါတယ်...."
မြို့တော်နှင့် နီးကပ်လာတော့ အကြိုလာသည့် အဖွဲ့က မဟူရာမြင်းထက်တွင် ထူးဆန်းသည့် လူကိုအတူတင်ဆောင်လာသည့် ကမာအာဇမာန် မင်းသားကို အရိုသေပေးကာကြိုလိုက်သည်။
"အရှင်မင်းသားကို အရှင်မနဲ့ ဦးရီးတော်တို့ စောင့်မျှော်နေပါတယ်"
ကမာသည် စာပို့ခိုက သတင်းပို့ထားသဖြင့် အကိုလေးနှင့် ချူးချူးက နန်းတော်တွင် လိုအပ်သည်ကို ပြင်ဆင်ပြီးစောင့်နေမှန်းသိကာ သက်ပြင်းရှိုက်ကာ နန်းတော်ကို အကြိုတော်အဖွဲ့နှင့်အတူလာခဲ့သည်။ အမှုထမ်းများက စိတ်မြန်သည့် မင်းသား၏ မြင်းနောက်ကို အမှီ အပြေးလွှားလိုက်လာရသဖြင့် မြင်းပေါ်မှ ထူးဆန်းသည့် တိုင်းတပါးသားကို သေချာအကဲမခတ်လိုက်ရပေ။ ကမာမင်းသား၏ ဘေးတွင် စစ်ဘုရင်ကြီးကလွဲလျှင် မည်သူ့ကိုမှ တွဲမတွေ့ဖူးတာ ကြာပြီဖြစ်လို့ ယခုလို သူစိမ်းတယောက်နှင့် အတူတူ မြင်းတကောင်တည်းပေါ် စီးနေသည့်အပြင် မင်းသားကမာ၏ ခါးကို လူစိမ်းက ပိုင်စိုးပိုင်နင်း ဖက်ထားသည်ကို ကြည့်ပြီး ထိုလူစိမ်းအစား လည်ပင်းပင် ယားလာခဲ့သည်။ နန်းစွန့်မင်းကြီးသာ မြင်လျှင် ထိုလူ လည်ပင်းပြတ်မှာ မြေကြီးလက်ခတ်မလွဲပေ။
ကမာသည် မိမိအပူနှင့် မိမိဖြစ်နေသောကြောင့် ကိုနှင်းထန် မိမိခါးကို ဖက်ထားလျက်နှင့် နန်းမြို့ထဲကို မြင်းစီးဝင်လာမိသည်ကို သတိမထားမိပေ။ နန်းတော်ကို ရောက်တော့ မြင်းပေါ်က လွှားခနဲ ဆင်းလိုက်ပြီး စောင့်ကြိုနေသည့် ဘုရင်မချူးချူးနှင့် အကိုလေးကို အရိုသေပေးလိုက်သည်။
နှင်းထန်သည် မြင်းပေါ်မှ လွှားခနဲဆင်းသွားသည့် ကမာကို လှမ်းခေါ်ချင်သော်လည်း ဘုရင်မနှင့် အခြား ရာထူးကြီး လူတစ်ယောက်ကို အရိုသေပြုနေသဖြင့် ကိုယ့်ဖာသာ မြင်းပေါ်မှ ကြိုးစားဆင်းနေစဉ် အနောက်မှ ပါလာသည့် တပ်မှုးကြီးက အမြန်ပြေးလာပြီး မင်းသားကမာနှင့် အတူပါလာသည့် ဧည့်သည်တော်ကို မြင်းပေါ်မှ ဆင်းနိုင်ရန် ကူညီလိုက်သည်။
"ကျေးဇူးတင်ပါတယ်ခင်ဗျာ..."
နှင်းထန် မြေပြင်ပေါ် ခြေချမိမှ အသက်နှင့်ကိုယ်တွဲလျက် ရှိနေသေးသည်ကို ကျေးဇူးတင်မိတော့သည်။ တလမ်းလုံး ကမာက တင်တက်ရင်ဆိုသည့် လူကို စိုးရိမ်လွန်းလို့ အစားကိုပင် မြင်းပေါ်မှ စားပြီး တောက်လျောက် ခရီးနှင်ခဲ့သဖြင့် နှင်းထန်မှာ တကိုယ်လုံး လမ်းကြိတ်စက် တက်ကြိတ်ခံထားရသူလို ခံစားနေရသည်။
"ဘုရင်မနဲ့ ဦးရီးတော်ကို အရိုသေပြုပါတယ်..."
"အကိုလေး...ထပါ။ ဒီလိုတွေ မလုပ်ပါနဲ့...အကိုလေးက ကျွန်မကို အရိုသေပေးဖို့ မလိုဘူး"
ချူးချူးက ကမာကို အပြေးထူကာ ပြောလိုက်သည်။ တင်မော်ရင်က ကမာ၏ နောက်တွင် ရပ်နေသည့် တိုင်းတပါးသားကို ကြည့်ကာ မေးလိုက်သည်။
"သူက မင်းပြောတဲ့ လူစိမ်းလား...."
"ဟုတ်ပါတယ် အကိုလေး... ကျွန်တော် ပြောထားတဲ့ ပညာရှင်တွေကို ခေါ်ထားပြီလား..."
"သူတို့က မနက်ဖြန်မှရောက်မယ်တဲ့ကွ။ အရင် ညစာစားပြီး ညကို အေးဆေးနားဦး. မင်းလည်း တနေကုန် ခရီးပြင်းနှင်လာတာ မဟုတ်လား..."
တင်မော်ရင်သည် ပူပန်လွန်းသဖြင့် စိတ်စောနေသည့် ကမာကို ဖက်ကာ နှစ်သိမ့်လိုက်သည်။ ကမာသည် မိမိခေါ်ချင်သည့် ပညာရှင်က အခြားဒေသမှ လာရမည်ဖြစ်သည်ကို သတိရကာ သက်ပြင်းရှိုက်ရင်း နှင်းထန်ကို ခေါ်ကာ ဘုရင်မနှင့် အကိုလေးဖြင့် မိတ်ဆက်ပေးလိုက်သည်။
"နောင်တော် နှင်းထန်...ဒါက ကျွန်တော်တို့ မွန်ဂိုပြည်ရဲ့ ဘုရင်မ နဲ့ ဦးရီးတော် မင်းသားကြီးပါ..."
"ဘုရင်မနဲ့ ဦးရီးတော်ကို အရိုသေပြုပါတယ်ခင်ဗျာ..."
နှင်းထန်က ကမာလုပ်သလို အတုခိုးပြီး မိမိရှေ့မှ မိန်းမချောတစ်ဦးနှင့် လူရွယ်တစ်ဦးကို ဦးညွတ်ကာ နူတ်ဆက်လိုက်သည်။
တင်မော်ရင်နှင့် ချူးချူးက အဝတ်အစားနှင့်ရုပ်ရည်သွင်ပြင်ထူးခြားသည့် ထိုတိုင်းတပါးသားကို စိတ်ဝင်စားစွာဖြင့် ပြန်လည်နူတ်ဆက်ကာ နန်းတော်ထဲကို ခေါ်လာတော့သည်။
နှင်းထန်သည် သေလုအောင် ပင်ပန်းနေပြီဖြစ်လို့ နားချင်သော်လည်း မိမိရောက်နေတာက ဘုရင်ခေတ်ဖြစ်လို့ မိမိဖြစ်ချင်တိုင်းပြောလို့ မဖြစ်သဖြင့် အောင့်အီးနေရစဉ် ကမာက သူ့ကို တချက်ကြည့်ပြီး ခွင့်တောင်းလိုက်သည်။
"နောင်တော်နဲ့ အရှင်မ... ကျွန်တော်တို့ ခရီးပန်းလာလို့ အရင်ရေချိုးပြီး နားပါရစေ။ ပြီးမှ အခစားဝင်ပါ့မယ်..."
တင်မော်ရင်နှင့် ချူးချူးက မေးမြန်းချင်သည့်စိတ်ကို ထိန်းကာ ခွင့်ပေးလိုက်ရတော့သည်။
နှင်းထန်သည် ရေနွေးစည်ကြီးထဲ စိမ်ပြီး အကိုက်ကဲများပြေလျော့သဖြင့် အိပ်ပျော်လုမတတ်ဖြစ်သွားတော့သည်။
"အား...အညောင်းပြေသွားတာပဲ... ရှေးခေတ်က မစွံပါလား။ မြင်းစီးတာကိုကြည့်ရတာ ကျော့ကျော့လေးနဲ့ ဒီလောက် ပင်ပန်းမယ် မထင်ထားဘူး။ ငါတို့ 21 ရာစုက အကောင်းဆုံးပဲ... မိုးစက်လေး...မင်း ကိုယ့်ကို စိတ်ပူနေပြီး ရဲစခန်းတိုင်နေလောက်ပြီလား..... ကိုယ် မင်းကို ပြန်မတွေ့ရမှာ တွေးမိရင် ရင်ဘတ်ထဲ မီးတောင်ကြီးပေါက်နေသလို ခံစားနေရပြီ....မိုးစက်လေးရေ... ဘယ်လို အကုသိုလ်များဝင်လို့ ဒီလို အချိန်ခရီးသွားနဲ့ ကြုံနေရတာလဲကွာ...."
နှင်းထန်သည် ရေစိမ်ရင်း မိုးစက်အကြောင်းတွေးကာ ပူပန်ရလွန်းလို့ အော်ဟစ်ငိုချင်စိတ်ပင်ပေါက်လာတော့သည်။
-----------------------------------