
676 94 5
                                    



အချိန်စက်ဝိုင်းတို့ လွဲပြောင်းချိန် - 10(မုန်တိုင်းများ၏အရှင်သခင်နှင့် အချစ်စစ်)



ကမာသည်မိမိလက်ကိုတွဲကာ စံအိမ်တော်ဟောင်းထဲ အနှံ့လျှောက်သွားကာ ငယ်ဘဝအကြောင်းကို ပြောနေသည်ကိုငေးကြည့်ရင်း ဉာဏ်ကောင်းလှသည့် ညီမလေးကို ချီးကျူးမိသည်။


 "ချူး ဒါတွေကို မေ့သွားပြီလို့ အစ်ကိုလေးထင်နေတာ.."


ကမာကချူးချူးကို ညင်သာစွာ ပြောလိုက်သည်။ ချူးချူးသည် အကိုလေးကမာနှင့် အတူနေခဲ့သည့်ဘဝကိုတွေးကာပြုံးနေရင်း ဆတ်ကနဲလှည့်ကာ ပြောလိုက်သည်။


 "ချူး ဘယ်တော့မှမမေ့ဘူး.. အဲ့တာ ချူးဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ.."


ချူးချူး၏မျက်ဝန်းများကကြည်လင်ကာ တကယ့်ကို လေးနက်ခိုင်မာစွာ ဆက်ပြောလိုက်သည်။


 "ချူးတို့ အသက်ဘေးကြုံတော့ ဘယ်ဆွေတော်မျိုးတော်မှအသက်စွန့်ပြီး ချူးချူးရဲ့ဘဝကို မကယ်တင်ဝံ့ဘူး။ တချိန်က ချူးကို ချစ်လှပါချည်ရဲ့ဆိုတဲ့ဝမ်းကွဲတွေကလည်း သူတို့ကိုယ်တိုင် နောက်တက်တဲ့မင်းကြီးလက်ကို အပ်လိုက်ရင် ငါတို့ရာထူးတွေပြန်ပေးတန်ကောင်းပါရဲ့ဆိုပြီး တိုင်ပင်နေတာတွေကို နားနဲ့ဆတ်ဆတ် ကြားခဲ့ရတယ်။ တချို့ကတော့ကလေးအရွယ်လေးကို ကြုံတုန်း ခြေတော်တင်ပြီး ဖျောက်ဖျက်ပစ်ချင်ကြတယ်။ တချို့ကတော့ အိမ်ရိပ်တောင်အနင်းမခံခဲ့ဘူး.."


 ချူးချူးသည် ထိုစဉ်ကအကြောင်းအရာများကို ပြန်သတိရရင်းကိုယ်ခန္ဓာ မသိမသာ တုန်ယင်လာသဖြင့် လက်သီးနှစ်ဖက်ကို စိတ်မှတ်မဲ့ ဆုပ်ကိုင်လိုက်မိသည်။ကမာသည် မိမိညီမလေး စိတ်ထိခိုက်စရာတွေ ပြန်သတိရတာသိလို့ အနားသွားကာ ကိုယ်လေးကိုသိုင်းဖက်ပြီးပုခုံးကို ညင်ညင်သာသာပုတ်ကာ ပြောလိုက်သည်။


"ချူးလေး..ဒါတွေအားလုံး ပြီးသွားပြီလေ.. ညီမလေး.. ဒါတွေအားလုံး ပြီးသွားပါပြီ.."


ချူးချူးသည်ကမာ၏ရင်ခွင်ထဲသို့ဝင်ကာ ခါးကိုဖက်ထားပြီး ပြောလိုက်သည်။


"သူတို့လက်မခံတာကိုကျေးဇူးတင်ရမလိုပဲ အကိုလေး.. သူတို့သာလက်ခံရင် ချူး အကိုလေးနဲ့ ဘယ်တော့မှ မတွေ့ဆုံနိုင်တော့ဘူး.."


ချူးချူး၏စကားကိုကြားသော်ကမာ စိတ်မချမ်းမသာဖြစ်ကာ သက်ပြင်းဖွဖွချကာ ပြောလိုက်သည်။


"ဒါဆိုအကိုလေးက ခန်မင်းကြီးနဲ့မိဖုရားအပေါ် အကြွေးဆပ်ခွင့် ဘယ်ရတော့မလဲ.. အကိုကြီးနန်းသိမ်းတာအကိုလေးကို ကယ်တင်ဖို့ပဲလေ.."


ချူးချူးသည်မျက်နှာကိုမော့ကာ အကိုလေး၏မျက်လုံးနှင့် အကြည့်ချင်းဆိုင်ကာ ခိုင်မာစွာပြောလိုက်သည်။


 "မင်းကြီးတင်တက်ရင်လုပ်တာ မှန်တယ်လို့ ချူးထင်တယ်။ချူးငယ်တုန်းက သေချာနားမလည်ပေမယ့် အခုနောက်ပိုင်း အတွေ့အကြုံတွေက ချူးကို သင်ပြပေးသွားလို့ဖြစ်ရပ်တစ်ခုနောက်ကွယ်က အကြောင်းအကျိုးတွေကို သေချာခွဲသိနိုင်ပါပြီ။ အဲ့ဒီအချိန်က အကြောင်းကိုချူး အားလုံး စုံစမ်းသိရှိပြီးပါပြီ"


ကမာသည်ငယ်နုသောမိန်းကလေး၏ အသိဉာဏ်ရင့်သန်သော ပုံလေးကိုကြည့်ကာ ထိုက်တန်သော မွန်ဂိုဘုရင်မတစ်ပါးဖြစ်လာပြီဆိုတာသိလိုက်သည်။


 "အဲ့ဒီအချိန် ခမည်းတော်မင်းကြီးက နတ်ရွာစံလုဆဲဆဲနန်းတွင်းထဲက အာဏာလုမယ့်လူတွေ တပုံကြီး။ သူတို့က အကိုလေးကို ခမည်းတော်နဲ့အတူတူ မြှုပ်နှံဖို့တွန်းအားပေးနေတယ်။ သူတို့လက်ထဲ ပလ္လင်ရောက်သွားရင်လဲ ချူးချူးသေရမှာပဲ.. မင်းကြီးတင်တက်ရင်ထီးနန်းသိမ်းလို့ အကိုလေး အသက်ချမ်းသာရတယ်။ အကိုလေးက ချူးကို ကောက်ယူ ကျွေးမွေးပျိုးထောင်ပေးတယ်။ပြီးတော့ နောက်ဆုံး ချူးကို ဘုရင်မနေရာကို ပေးအပ်ခဲ့တယ်"


ချူးချူးသည်ပြောရင်း အကိုလေး၏ စေတနာမေတ္တာများကို ပြန်သတိရကာ မျက်ရည်စီးကျလာခဲ့သည်။


 "ချူးလေး.. ဘာလို့ငိုရတာလဲကွာ.."


ကမာပျာပျာသလဲဖြင့် ညီမလေး၏မျက်ဝန်းထောင့်မှ မျက်ရည်များကို တယုတယ သုတ်လိုက်စဉ် ချူးချူးဘယ်လိုမှ မအောင့်နိုင်တော့ဘဲ အကိုလေး၏လည်ပင်းကို သိုင်းဖက်ကာ နှုတ်ခမ်းကို ထိအပ်ကာ နမ်းလိုက်တော့သည်။ပထမဆုံး အကိုလေး၏နှုတ်ခမ်းပါးကို နမ်းမိစဉ် ယစ်မူးသလိုခံစားလိုက်ရစဉ် ကြမ်းတမ်းစွာ ဆွဲခွာခြင်းခံလိုက်ရပြီးမျက်လုံးဖွင့်လိုက်စဉ် အကိုလေး၏ တင်းမာသည့်မျက်ဝန်းနှင့် ရင်ဆိုင်လိုက်ရကာ တုန်လှုပ်သွားတော့သည်။


"မင်း..ဘာလုပ်လိုက်တာလဲ ချူးချူး.."


 "အကိုလေး.. ချူးလေ.. ချူး.. အကိုလေးကို ချစ်လို့.."


 "တိတ်တော့.."


ကမာဒေါသသွေးကြောင့် တစ်ကိုယ်လုံးတုန်လာသလို ခံစားလိုက်ရသည်။ ညီမလေးတစ်ယောက်လို သဘောထားခဲ့သည့်ချူးချူးကမိမိကို ဒီလောက်အတင့်ရဲစွာဖြင့် ကိုယ်ထိလက်ရောက် နမ်းလာလိမ့်မည်ဟု အိမ်မက်ပင်မမက်ခဲ့ဖူးသည့်ကမာ့အတွက် ကြီးမားသောထိတ်လန့်မှုကြီးတစ်ခုနှင့် တွေ့လိုက်ခြင်းပင်ဖြစ်သည်။


"ငါကမင်းကို ညီမလေးတစ်ယောက်လိုပဲ ချစ်တယ်.."


 "ချူးသိတယ်.. ဒါပေမယ့် ချူး အကိုလေးကို ချစ်တယ်.."


ချူးချူးမျက်ရည်ကျရင်း ရှိုက်ငိုကာ ဆက်ပြောတော့သည်။ "ချူးရဲ့ဘဝသစ်ကို ပေးခဲ့တဲ့အကိုလေးကိုချစ်ခဲ့တာကြာပြီ။ ချူးကို ကယ်တင်ပေးတယ်။ အချစ်တွေပေးခဲ့တယ်။ ဒါကြောင့် ချူးရဲ့နှလုံးသားထဲမှာအကိုလေးကိုပေးဖို့အချစ်တွေကို တဘဝလုံးစာ သိမ်းဆည်းထားခဲ့တယ်။ ကမာ ချူးချူးကိုကျောခိုင်းကာပြတ်သားစွာပြောလိုက်သည်။


 "ငါ.. အကိုကြီးကိုပဲ ချစ်တယ်.."


 "ချူးသိပါတယ်.. ဒါကြောင့် ချူးရင်ထဲကအချစ်တွေကိုသိမ်းဆည်းထားခဲ့တာပါ..ချူးချူးရဲ့အချစ်တွေ အကိုလေးကို ဖွင့်ဟခွင့် မရတော့ဘူးလို့တောင်ထင်ထားခဲ့တာ.."


ထိုစကားကိုကြားသော်ကမာ နောက်ပြန်လှည့်ပြီး ချူးချူး၏မျက်နှာကို စေ့စေ့ကြည့်ကာ ကြိတ်မနိုင်ခဲမရ ပြောလိုက်တော့သည်။


"မင်းဒီအကြောင်းကို ဖွင့်ဟမပြောသင့်ဘူး ချူးချူး.."


"အကိုလေးရက်စက်တယ်.. မင်းကြီးတင်တက်ရင်ရဲ့ အချစ်ကလွဲပြီး ဘာကိုမှမမြင်တာ အရမ်းရက်စက်တယ်.."


 "အင်း.. မင်းကိုကယ်ခဲ့လို့ အကိုလေးကို အချစ်တွေပုံပေးခဲ့သလို..အကိုကြီးက အကိုလေးကိုကယ်ပြီး ချစ်ပေးခဲ့လို့ အကိုလေးအချစ်တွေကို ပုံပေးထားလိုက်ပြီ..အကိုကြီးကလွဲပြီး ဘယ်သူ့အချစ်ကိုမှ မလိုဘူး။ လက်မခံနိုင်ဘူး"


ကမာပြတ်သားစွာပြောကာ လှည့်ထွက်လာပြီး ဧည့်ခန်းဆောင်မှ နောင်တော်နှင်းထန်ကိုခေါ်ကာ စံအိမ်တော်ဟောင်းမှထွက်လာခဲ့သည်။ ချူးချူးသည် အကိုလေး၏စကားကိုကြားသော် ကြမ်းပြင်ပေါ်ဒူးထောက်ကျသွားပြီးမျက်နှာကိုလက်ဝါးနှင့်အုပ်ကာ တသိမ့်သိမ့်ငိုကြွေးလိုက်တော့သည်။


"ချူးလည်းအကိုလေးတစ်ယောက်ကိုပဲချစ်ပြီး အကိုလေးကလွဲပြီး ဘယ်သူ့ကိုမှ လက်မထပ်နိုင်ခဲ့တာပါ အကိုလေးရယ်.."


ချူးချူး၏စကားကြောင့်ကမာ စိတ်အာရုံနောက်ကျိစွာဖြင့် ထွက်လာစဉ် ဘေးမှ နောင်တော်နှင်းထန်၏စကားကြောင့် သတိဝင်လာသည်။


"ဘုရင်မနဲ့တခုခုများ ဖြစ်ခဲ့တာလား ကမာ.."


"နောင်တော်ဘယ်လိုသိတာလဲ.."


ကမာအံ့အားသင့်စွာဖြင့် လှည့်ကြည့်ကာမေးလိုက်တော့ နောင်တော်နှင်းထန်က ဆွေးမြည့်စွာပြုံးကာပြောပြခဲ့သည်။


"ကိုယ်လဲဒီလိုအဖြစ်မျိုးကို ကြုံဖူးခဲ့တာကိုး.."


ကမာသည်နောင်တော်နှင်းထန်ကို ငေးစိုက်ကြည့်နေစဉ် နောင်တော်က သူ့အကြောင်းကို စပြီး ပြောပြခဲ့သည်။နောင်တော်ချစ်သောကောင်လေး.. မိုးစက်အကြောင်း၊ မိုးစက်၏ညီမကြောင့် တစ်ခါကွဲပြီးနောက်နောင်တော်နှင်းထန်၏ နှမတော်ကြောင့် ထပ်မံကွဲကွာရသည့်အကြောင်းကို နားထောင်ပြီးနောက်ကမာ သက်ပြင်းရှိုက်မိသည်။ နောက်ဆုံး နောင်တော်နှင့်မိုးစက် ချစ်ခင်နားလည်မှုရပြီး အတူနေသည်ကိုကြားရမှသက်ပြင်းချမိစဉ် ထပ်ပြောလိုက်သည့်စကားကြောင့် ကမာ အံ့ဩတကြီးဖြစ်ရသည်။


"အခုသူချစ်တဲ့ အကိုကြီးဆိုတဲ့လူဘေးမှာ ရှိနေတယ်.."


ကမာသည်နောင်တော်နှင်းထန်ကို ငေးစိုက်ကြည့်ကာ မယုံနိုင်စွာမေးလိုက်သည်။


"နောင်တော်ဘယ်လိုစိတ်နဲ့များ သည်းခံနိုင်တာလဲ.. အကိုကြီးသာဆိုရင် ဘယ်လိုမှ ကြည့်နေနိုင်မှာမဟုတ်ဘူး.."


တကယ်လည်းမိမိခင်ပွန်း စစ်ဘုရင်ကြီးတင်တက်ရင်သာ နောင်တော်နှင်းထန်နေရာမှာဆိုလျှင် လူသတ်ပွဲဖြစ်မလားမသိနိုင်ပေ။ နှင်းထန်က ကမာကို ညင်သာစွာပြုံးကာ မေးလိုက်သည်။


"စစ်ဘုရင်ကြီးတင်တက်ရင်အိမ်ထောင်ပြုတုန်းက သူ့နားမှာ မိဖုရားတွေ ရှိခဲ့တယ်မလား.. ကမာ ဘယ်လို သည်းခံနေနိုင်ခဲ့တာလဲ.."


 "အကိုကြီးက ကျွန်တော့်ကို ချစ်တယ်ဆိုတာ သိတယ်..အိမ်ထောင်ပြုတာက မလွှဲသာတဲ့အကြောင်းတွေကြောင့်ဆိုတာ သိတယ်.. ပြီးတော့ ကျွန်တော်က အကိုကြီးဘေးမှာမနေနိုင်ဘူးဆိုတာသိလို့ လက်ခံလိုက်တာ"


နှင်းထန်သည်ကမာ့ကိုပြုံးကြည့်ကာ ပြောလိုက်သည်။ ခေတ်တွေဘယ်လိုပဲပြောင်းပြောင်း ချစ်ရသူသည် နားလည်မှုရှိပေးတာမပြောင်းလဲခဲ့ပေ။


"ကိုယ်လည်းဒီလိုပဲပေါ့။ မိုးစက် ကိုယ့်ကို တကယ်ချစ်တာ သိတယ်။ စနေထွဋ်ခေါင်က သူ့အတွက် အစ်ကိုလည်းဟုတ်တယ်၊အဖေလည်းဟုတ်တယ်။ မိုးစက်က စနေ့အပေါ်ထားတဲ့အချစ်က ဖြူစင်တယ်ဆိုတာ သိတယ်။ ကိုယ် သူတို့ကိုတားဆီးဖို့ အကြောင်းမရှိဘူး။ ဒါပေမယ့်.... ဒီရင်ဘတ်က နည်းနည်းနာတယ်ဆိုတာတော့.... ကိုယ်သဘောထားသေးလို့နေမှာပေါ့.."


 နောင်တော်နှင်းထန်၏စကားကိုကြားသော် ကမာ မခံမရပ်နိုင်ဖြစ်သွားသည်။နောင်တော်ပြောသည့်ခံစားချက်ကို မိမိ နားလည်သည်။


"နောင်တော်ကပိုချစ်လို့ ပိုခံစားရတာပါ.."


ထိုစကားကိုပြောလိုက်စဉ်ခေတ်သစ်ကမ္ဘာမှ စစ်ဘုရင်ကြီးတင်တက်ရင်၏ စိတ်အာရုံတို့ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားတော့သည်။


••••••••••••••••••••••••••


"ကမာ..ကမာ..."


"နောင်ကြီးခင်ဗျားနိုးပြီလား..အိပ်မက်ဆိုး မက်နေတာလား.."


တင်တက်ရင်သည်ကမာကမ်းပေးသည့် ပုဝါပိုင်းလေးကိုလှမ်းယူကာ မျက်နှာမှ ချွေးသီးချွေးပေါက်များကို သုတ်လိုက်သည်။ရင်ဘတ်ထဲကနှလုံးသားက အပြင်ကို ပေါက်ထွက်လုမတတ် ခုန်လို့နေသည်။


ကမာနှင့်လူရွယ်တစ်ဦးလမ်းလျှောက်ရင်း စကားပြောနေသည်ကို မြင်မက်ပြီး ကမာပြောလိုက်သည့် စကားတစ်ခွန်းကို နားနှင့်ဆတ်ဆတ်ကြားလိုက်ရပြီး တင်တက်ရင် နာကျင်စွာ နိုးထလာခဲ့သည်။ ကမာက လူရွယ်တစ်ဦးကို နှစ်သိမ့်ပေးရင်းကမာ့မျက်နှာပေါ်က ထင်ဟပ်နေသည့် စာနာရိပ်နှင့်နာကျင်ရိပ်က တင်တက်ရင်ကို အသေသတ်နေသလိုခံစားလိုက်ရသည်။


မိုးစက်သည်တင်တက်ရင်ကို ရေဘူးကမ်းပေးလိုက်သည်။ မိမိတို့နှစ်ဦးစလုံးလဲ တစ်လှည့်စီ အိပ်မက်ဆိုးမက်ရင်းရန်ကုန်မြို့ထဲကို ချဉ်းနင်းဝင်ရောက်လာလေပြီ။ တင်တက်ရင်သည် ရေကို ကုန်အောင်မော့သောက်ပြီးမေးလိုက်သည်။


 "မင်းချစ်သူရဲ့ပုံ ငါ့ကိုပြနိုင်မလား.."


"အင်း..ဒီမှာ.. ဘာဖြစ်လို့လဲ.."


မိုးစက်ကဖုန်းကိုဖွင့်ကာ အကို့ပုံကိုရွေးပြီး တင်တက်ရင်ကို ပြလိုက်သည်။


"အင်း..မင်းရဲ့ချစ်သူက ကမာ့ဘေးနားကို ရောက်နေတာပဲ.. ငါတို့နဲ့ မင်းတို့ကြားက ထူးခြားတဲ့ပတ်သက်မှုတစ်ခုရှိမယ်ထင်တယ်။ မင်းချစ်သူလည်း မိုးကြိုးပစ်ချလိုက်ချိန် ရှေးခေတ်ကိုရောက်ပြီး ကမာနဲ့တည့်တည့်တိုးနေပြီ။ဒီလိုတိုက်ဆိုင်မှုက နတ်ဘုရားတွေ တမင်ကြံစည်မှပဲ ဖြစ်မယ့်အရာတွေပဲ။"


တင်တက်ရင်သည်သက်ပြင်းရှည်ကြီးချကာ ပြောလိုက်သည်။ တင်တက်ရင်၏စကားကိုကြားမှ မိုးစက် စိတ်အေးသွားခဲ့သည်။အကိုနှင်းထန်က မွန်ဂိုပြည်က ကမာ့နားကို ရောက်နေပြီဆိုတော့ မိမိအိပ်မက်ထဲကလိုများ ဖြစ်နေမလားဟုတွေးကာရင်ပူသွားသော်လည်း ခေါင်းယမ်းကာ တင်တက်ရင်ကို မေးလိုက်သည်။


"ခင်ဗျားသူတို့ကို အိပ်မက်မက်တာလား.. ကျွန်တော့်ချစ်သူကို အိပ်မက်ထဲ တွေ့လိုက်သလား.."


"အေး..သူတို့နှစ်ယောက် ငါ့ရဲ့စံအိမ်အဟောင်းကနေ အတူ စကားပြောရင်းထွက်လာတာကို တွေ့လိုက်တယ်.."


 "ခင်ဗျား ဘာကိုတွေ့လို့ လန့်ပြီးနိုးလာတာလဲ.."


မိုးစက်၏စကားကြောင့်တင်တက်ရင် တွေဝေသွားတော့သည်။ တကယ်ဆိုရင် ကမာနှင့်နှင်းထန်က ဒီအတိုင်း စကားပြောရုံပါ။မိမိကသာ ကမာ့မျက်လုံးထဲကအရိပ်နှင့် စကားလုံးကြောင့် နာကျင်ခံစားနေခြင်းဖြစ်သည်။


"ဘာမှမဖြစ်ဘူး..ငါ့ချစ်သူကို အခြားယောက်ျားတစ်ယောက်နဲ့ နီးနီးကပ်ကပ်ရှိတာကိုမြင်ရတာ ငါ့အတွက် စိတ်မတည်မငြိမ်ဖြစ်စေလို့"


 မိုးစက်သည် တင်တက်ရင်၏စကားကြောင့် ငြိမ်သက်သွားပြီးသူ့ကိုမေးလိုက်သည်။ အကိုနှင်းထန်လည်း မိမိကို အခြားသူနှင့်တွဲတွေ့လျှင် သဝန်တိုလွန်းသည်။ဒီအချက်ကို မိမိ သဘောမကျသဖြင့် စကားများရပေါင်း များလေပြီ။ မိမိဘက်က ယူဆချက်အရ မိမိကသူ့ကိုချစ်လို့ လက်တွဲထားပြီးပြီ။ စိတ်ရော၊လူရော ပေးပြီးထားသည့်တိုင် အခြားယောက်ျား၊မိန်းမနှင့် တရင်းတနှီးရှိလျှင် အကိုနှင်းထန် ဘယ်လိုမှဟန်ဆောင်မရစွာ မျက်နှာပျက်ကာစိတ်အခြေအနေ ချက်ချင်း ဆိုးရွားသွားလေ့ရှိသည်။


လူလတ်ပိုင်းဖြစ်သည့်တိုင်စိတ်မတည်ငြိမ်၊ သဘောထားသေးသည့်လူတစ်ယောက် မဖြစ်စေချင်သောကြောင့် သူ့ကို နာအောင်ပြောပြီးဖိနှိပ်ထားမိသည်။ ထိုအခါတိုင်း အစ်ကို့မျက်ဝန်းထဲမှာ နာကျင်ရိပ်တို့ပေါ်လာပြီး မိုးစက်ကိုအမြဲ စိတ်အနှောင့်အယှက်ဖြစ်စေသည်။ သဘောထားကြီးသည့်၊ မိမိအချစ်ကို ယုံကြည်သည့်လူအဖြစ်သူ့ကို မြင်ချင်သည့်မိမိကြောင့် နောက်ဆုံး သူ့ဘက်မှ ဘာမှမပြောတော့ဘဲ ငြိမ်သက်သွားခဲ့သည်။


မိမိလိုချင်သလိုသဘောထားကြီးသည့် လူကြီးလူကောင်းမဖြစ်သည့်တိုင် မိမိကို စကားနာထိုး၊ ရန်လုပ်သည့်လူ မဖြစ်သဖြင့်မိုးစက် ကျေနပ်ကာ မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့သည်။ အခု တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်ခဲ့သည့်စစ်ဘုရင် တင်တက်ရင်ထံတွင်လည်း အကိုနှင်းထန်လို အချစ်ကြီး၊ သဝန်တို၊ ဆတ်ဆတ်ထိမခံသည့်စရိုက်ကိုတွေ့ရတော့ မိုးစက် သိချင်လာမိသည်။


"ခင်ဗျားတို့ကလူကြီးတွေဖြစ်ပြီးတော့ သဘောထား မကြီးပေးနိုင်ကြဘူးလားဗျာ.. ကိုယ့်ချစ်သူရဲ့ခံစားချက်ကိုထည့်စဉ်းစားပြီး သူတို့ရဲ့ လူမှုရေးပတ်သက်မှုကို လွတ်လပ်ခွင့်မပေးနိုင်ကြဘူးလား"


တင်တက်ရင်သည်အတွေးထဲကို နစ်မြုပ်နေရာမှ မိုးစက်၏စကားကြောင့် သတိဝင်လာပြီး မိုးစက်ကို အကြာကြီးစိုက်ကြည့်ကာသူ့အကျင့်အတိုင်း ပြတ်ပြတ်သားသား ဖြေလိုက်သည်။


 "မင်းတို့မျက်လုံးထဲမှာ မင်းတို့ကို မယုံကြည်ဘူးဆိုတဲ့အသိနဲ့ချုပ်ချယ်တယ်ဆိုတဲ့စိတ်နဲ့ မွန်းကြပ်တယ်ထင်တယ်။ ငါတို့အတွေးက ရှင်းတယ်။ ကိုယ့်ချစ်သူကိုချစ်တယ်။ ကိုယ့်ချစ်သူကို ဦးစားပေးတယ်။ ကိုယ်လုပ်သမျှတိုင်းက ကိုယ့်ချစ်သူအတွက်ချည်းပဲရည်ညွှန်းတယ်။ ငါတို့ရဲ့ စိတ်နဲ့ခန္ဓာကို ငါတို့ချစ်တဲ့သူကို ပုံပေးထားတယ်။ ငါတို့ချစ်တဲ့သူကိုချစ်မဝတဲ့အတွက် အနားမှာ အခြား ယောက်ျား၊ မိန်းမတွေကို မမြင်ချင်ဘူး။ မြင်တာနဲ့ ငါတို့သွေးထဲချော်ရည်ပူတွေစီးလာသလို ခံစားရတယ်။ ပိုဆိုးတာက ငါတို့ကိုကျော်ပြီး တစ်ယောက်ယောက်ကိုချစ်ခင် ကြင်နာ ယုယတာပဲ။ မောင်နှမ၊ ညီအစ်ကို သံယောဇဉ်နဲ့ပဲဖြစ်ဖြစ် ငါတို့လို အချစ်ကြီးတဲ့သူတွေအတွက်ဒီမြင်ကွင်းက ငရဲပဲ.."


 တင်တက်ရင် ရှည်လျားစွာ ဖြေကြားပြီးနောက် သက်ပြင်းရှိုက်ကာထပ်ပြောလိုက်သည်။


"ကိုယ်ချစ်တဲ့သူကကိုယ့်ထက် အခြားတစ်ယောက်ကို ပိုချစ်၊ ပိုတမ်းတ၊ ပိုကြင်နာနေရင်... ငါလုပ်စရာ နှစ်ခုပဲရှိတယ်..အဲ့နှစ်ယောက်ကို ထားရစ်ခဲ့တာနဲ့ ငါ့ကိုယ်ငါ အဆုံးစီရင်သွားဖို့ပဲ.. ငါက အချစ်ရူးတစ်ယောက်လို့ပြောလို့ရတယ်။ ဘာမှမဖြစ်ဘူး။ ကိုယ်ချစ်တဲ့လူတစ်ယောက်ကြောင့် ရူးသွပ်သွားတာ။ အချစ်ကိုတန်ဖိုးမထားဘဲလူတကာကို ကစားပြီး အသက်ရှင်နေသူထက်စာရင် အများကြီးကောင်းတယ်လို့ ယူဆတယ်။ ငါက သူတော်ကောင်းအချစ်ဒါနရှင်မဖြစ်ချင်ဘူး။ လူတစ်ယောက်ကို စူးနစ်နေအောင်ချစ်တဲ့ အချစ်ရူးပဲ ဖြစ်ချင်တယ်.."


တင်တက်ရင်၏စကားကိုကြားသော်မိုးစက် တွေဝေသွားတော့သည်။ မိမိက အချစ်ဒါနရှင် ဖြစ်နေပြီလား... ဟင့်အင်း.. မဟုတ်ပါ...။မိမိအချစ်က အကိုနှင်းထန်တစ်ယောက်ထံတွင်သာ ရှိသည်။ ဒါပေမယ့် အကိုကြီးဘေးမှာလာနေတာ အကို့ကိုဘယ်လောက်တောင် သက်ရောက်သွားမိပြီလဲဟု တွေးကာ အပြစ်မကင်းသလို ခံစားလိုက်ရသည်။


"တစ်ဖက်ကဘယ်လောက် စိတ်ကျဉ်းကျပ်မယ်ဆိုတာ ခင်ဗျားတို့ စဉ်းစားဖူးရဲ့လား"


 မိုးစက်သည် မိမိဘောင်းဘီမှအစင်းကို လက်နှင့်အသာကုတ်ခြစ်ရင်းမျက်လွှာချကာ တီးတိုးမေးလိုက်သည်။


စိတ်ထဲမှာမတည်မငြိမ်ဖြစ်လာသောကြောင့် တင်တက်ရင်နှင့် အကြည့်ချင်း မဆုံရဲတာလည်းပါသည်။ တင်တက်ရင်သည်မိုးစက်၏မေးကို ဆတ်ကနဲ ပင့်မ,ကာ အကြည့်ချင်းဆုံပြီး မေးလိုက်သည်။


"ငါ့မျက်လုံးထဲကိုစိုက်ကြည့်စမ်း။ ငါ့အချစ်က ကမာ့ကို နစ်နာစေတယ်၊ စိတ်ကျဉ်းကျပ်စေတယ်လို့ မင်းတကယ် ခံစားမိလား။တကယ် ယုံကြည်သလား.."


 မိုးစက်သည် ရုတ်တရက် မေးကို ပင့်မ,ခံရပြီး မျက်နှာနှစ်ခုနီးကပ်သွားသဖြင့်ထိတ်ကနဲဖြစ်သွားသော်လည်း စစ်ဘုရင်ကြီးက အခြားဘာစိတ်မှမရှိတာကို သိသဖြင့် သူ့မျက်လုံးထဲစိုက်ကြည့်လိုက်သည်။ ပင်လယ်ချောက်နက်နက်လို မည်းမှောင်သည့်မျက်ဝန်းအိမ်က ကမာ့အပေါ်ထားသည့်အချစ်ဘယ်လောက် ခိုင်မာနက်ရှိုင်းသည်ကို ခံစားမိစေသည်။ ကမာကလွဲပြီး ဘယ်သူ့ကိုမှမချစ်ဘူးဆိုသည့်သူ့စကားကို မိုးစက် ယုံကြည်သည်။ ကမာ့တစ်မျက်နှာတည်းကိုကြည့်သည့် စစ်ဘုရင်ကြီး၊ ကမာတစ်ယောက်တည်းကိုပဲအချစ်တွေပုံပေးသည့် စစ်ဘုရင်ကြီး၊ ကမာတစ်ယောက်တည်းအတွက် မွန်ဂိုထီးနန်းကို စွန့်လွှတ်ခဲ့သည့်စစ်ဘုရင်ကြီး။ မိုးစက်၏ရင်ထဲ လှိုင်းတံပိုးထလာသလို ခံစားလိုက်ရပြီး မြင်ကွင်းက ဝါးလာခဲ့သည်။


"ခင်ဗျားကမာ့အပေါ်ထားတဲ့အချစ်ကို ကျွန်တော်ယုံပါတယ်.."


 ထိုစကားနှင့်အတူ မိုးစက်၏ပါးပြင်ပေါ် မျက်ရည်စီးကြောင်းကရေတံခွန်လို ကျဆင်းလာတော့သည်။ ရှိုက်သံကင်းသည့် ငိုခြင်း။ ချစ်ခြင်းကြောင့်ကျသည့် မျက်ရည်။လွမ်းလို့ကျသည့် မျက်ရည်။


----------------------------------


