
4.3K 209 19
                                    

ဇော်ဂျီသမားများ အောက်ကို ဆွဲချပေးပါ။


အချိန်စက်ဝိုင်းတို့ လွဲပြောင်းချိန် - 1 (မုန်တိုင်းများ၏အရှင်သခင်နှင့် အချစ်စစ်)

တင်တက်ရင်သည် အမဲလိုက်ထွက်ရင်း သားကောင်ရတော့ မိမိတို့နေသည့် နေရာကိုပြန်လာခဲ့သည်။ ကမာလေး မိမိကို မျှော်နေရော့မည်ဟု တွေးပြီး မြင်းကို ခပ်သွက်သွက်နှင်လာခဲ့သည်။ မြက်ရိုင်းလွင်ပြင်ကို ဖြတ်လာစဉ် ရုတ်တရက် ကောင်းကင်ကြီးက တိမ်မည်းများဖြင့် အုံ့မှိုင်းလာခဲ့သည်။ နန်းတော်ကိုစွန့်ခွာပြီး ဒီနေရာမှာ နေလာတာ တစ်နှစ်ကျော်ခဲ့လေပြီ။ ဒီလို တိမ်တွေချက်ချင်းမဲလာတာမျိုးမကြုံဖူးပေ။

တင်တက်ရင်သည် မြင်းကို ခြေထောက်နှင့်တို့လိုက်စဉ် ထူးထူးခြားခြား မဟူရာက အလန့်တကြားဟီကာ သွားရန်ငြင်းဆန်ခဲ့သည်။

"မဟူရာ... ဘာဖြစ်လို့လဲ သားကြီး။ ပြေးလိုက်စမ်း... မင်းရဲ့ ဖေဖေလေးက ခမည်းတော်ကို စောင့်နေတော့မယ်...."

မဟူရာက မြင်းလိမ်မာပီသစွာဖြင့် လန့်နေသော်လည်း သခင့်အမိန့်ကြောင့် မြက်ရိုင်းလွင်ပြင်ကို ကဆုန်ပေါက်ကာ ဖြတ်ပြေးတော့သည်။ မြက်ရိုင်းလွင်ပြင်အလယ်ကို ရောက်သော် တခုခုမှားယွင်းနေသည်ကို တင်တက်ရင် သိလိုက်လေပြီ။ တကိုယ်လုံး ကြက်သီးမွေးညှင်းများ ထောင်ထလာပြီးနောက် မိုးပေါ်က လင်းခနဲဖြစ်တော့ မော့ကြည့်လိုက်စဉ် မိမိရှေ့ ခပ်လှမ်းလှမ်း မြေပြင်ကို ကောင်းကင်ပေါ်မှ အလင်းတန်းကြိုးထိုးကျလာခဲ့သည်။ ဒီလောက် ကြီးသည့် မိုးကြိုးကို မမြင်ဖူးသဖြင့် တင်တက်ရင် ကြက်သေသေကာ ငေးကြည့်နေစဉ် နားကွဲမတတ်ဆူသည့် အသံနှင့်အတူ ပြင်းထန်သည့် အရှိန်ဖြင့် လူက မြင်းပေါ်မှ လွင့်စဉ်ထွက်သွားခဲ့သည်။ တင်တက်ရင်၏ မျက်လုံးထဲ အလင်းတလွဲပြီး ဘာမှ မမြင်လိုက်ရတော့ပေ။ အဆုံးစမရှိသည့် တွင်းနက်ကြီးထဲ ကျသည့်နှယ် လွင့်စဉ်ထွက်သွားတာ မဆုံးနိုင်တော့ဟု ထင်မိစဉ်မြေပြင်ပေါ် အရှိန်နှင့်ကျလာခဲ့သည်။ နာကျင်သွားသည့်ဒဏ်ကြောင့် ချက်ချင်းမထနိုင်ခဲ့ပါ။ ထိုစဉ် မြင်းခွာသံကိုကြားသဖြင့် တင်တက်ရင် အားယူကာ ထထိုင်ပြီး ဟိုသည်ကြည့်လိုက်သည်။

"ကမာ...ကိုယ်ဒီမှာ..."

ကမာ စိတ်ပူလို့ လိုက်လာသည်ဟု တွက်ပြီးတင်တက်ရင် အော်ခေါ်လိုက်သည်။ တဖြည်းဖြည်းနှင့်နီးလာသည့် မြင်းကိုတွေ့သော် တင်တက်ရင် မြေပြင်မှ အားယူကာ ထရပ်လိုက်သည်။ မြင်းစီးသမားတစ်ယောက် မြင်ကွင်းထဲ ပေါ်လာခဲ့သည်။

"ဟင်......"

တင်တက်ရင်၏ နူတ်မှ ထိုစကားသံသာ ထွက်လာနိုင်တော့သည်။ မြင်းဖြူကို စီးကာထွက်လာသည့် လူငယ်တစ်ဦးသည် ကမာနှင့် မျက်နှာကျ ဆင်သော်လည်း ကမာကဲ့သို့ ကျက်သရေရှိသည့် ပိတုန်းရောင် ကေသာ မရှိပဲ ခပ်တိုတိုဖြတ်ထားပြီး အရုပ်ဆိုးလွန်းလှသည့် အဝတ်ကို ဝတ်ထားသည့် လူငယ်လေး တစ်ယောက်ကို စိုက်ကြည့်နေမိသည်။

မိုးစက်သည် အကိုကြီးကို ပြုစုပေးဖို့ တောင်ကြိးကို ရောက်နေခဲ့ရာ အတုလ ပြန်ရောက်လာသဖြင့် ဟိုပုန်းမြင်းစီးစခန်းကို လာလည်ရင်း မြင်းလျှောက်စီးနေစဉ် ရုတ်တရက် ကောင်းကင်တွင် လျှပ်စီးတဖြတ်ဖြတ်လက်ပြီး မိမိပတ်ဝန်းကျင်တွင် မိုးခြိမ်းသံများ ဆူညံနေသဖြင့် အိမ်ပြန်ရန် မြင်းကို ခပ်သွက်သွက်နှင်လာစဉ် ခပ်လှမ်းလှမ်းတွင် မိုးကြိုးပစ်ချလိုက်သည်ကို တွေ့တော့ လန့်သွားခဲ့သည်။ မိမိမသေချင်သေးပါ။ အကိုနှင်းထန် မိမိကို မျှော်နေလိမ့်မည်။ အိမ်ပြန်မှဟုတွေးပြီး မြင်းကိုနှင်လာစဉ် ရုတ်တရက် မိမိမြင်းရှေ့ ဝတ်ရုံရှည် ဖို့ရိုးဖားရားနှင့် လူတစ်ယောက် လာပိတ်ရပ်ခဲ့သည်။ သူ့ ဆံပင်ရှည်ကို ထုံးဖွဲ့ထားပြီး သားမွေးအပေါ်ထပ်ကို ဝတ်ထားသည့် ကြံ့ခိုင်သည့် လူထွားကြီးဖြစ်သည်။ အထူးခြားဆုံးက ထူထဲသည့် မျက်ခုံးနက်နက်နှစ်ခုနှင့် ကျားတစ်ကောင်ပမာ စူးရဲလှသည့် မျက်လုံးတစ်စုံဖြစ်သည်။

"မင်း.... ကမာ...မဟုတ်ဘူး..."

သူပြောလိုက်သည့် ဘာသာစကားက မကြားဖူးသည့် ဘာသာစကားဖြစ်သော်လည်း မိမိအလိုလိုနားလည်နေသည်ကို အံ့သြဖွယ်တွေ့လိုက်ရသည်။

"ခင်ဗျား တိုက်မိတော့မယ်.... မြင်းရှေ့က ဖယ်ပေးပါ..."

"မင်း... ဘယ်သူလဲ... "

မိုးစက်သည် ထူးဆန်းသောလူကြီး၏အမေးကြောင့် ဘယ်လိုဖြေရမှန်းမသိဖြစ်သွားသည်။ စိတ်မနှံ့သည့်လူလားဟု ထင်လိုက်မိသည်။ ခုခေတတွင် မည်သူမှ ဆံပင်ရှည်ကို ထုံးဖွဲ့ထားမည်မဟုတ်ပေ။ သူ့အဝတ်စားများက မွန်ဂိုဘုရင် ဇာတ်ကားများထဲကလိုလိုပင်။ ကြည့်ရတာ သိုင်းရူးရူးနေသူဟု ထင်ပြီး မြင်းကို ကွေ့ရှောင်လိုက်စဉ် သူက ရုတ်တရက် မြင်းဇာတ်ကြိုးကို လှမ်းဖမ်းဆုပ်ကာမေးခဲ့သည်။

"မင်း ဘယ်သူလဲ။ ငါ့ မြင်းကို မတွေ့ဘူးလား..."

"ကျွန်တေ်ာက မြင်းစီးလေ့ကျင့်ကွင်းကို လာတဲ့ဧည့်သည်ပါ။ ခင်ဗျားရဲ့မြင်းကို မတွေ့ဘူးဗျ။ ကျွန်တော့် မြင်ဇာတ်ကြိုးကို လွှတ်ပေးပါ...."

တင်တက်ရင်သည် ကမာနှင့် ဆင်လှသည့် လူငယ်လေးကို ငေးကြည့်ရင်း မြင်းဇက်ကြိုးကို လွှတ်ပေးလိုက်တော့ ထိုကောင်လေး မြင်းကို နှင်ကာထွက်သွားတော့သည်။ သူဘာပြောသည်ကို မိမိနားမလည်ပါ။ မြင်းစီးလေ့ကျင့်ရေးကွင်းကိုလာတဲ့ ဧည့်သည်။ မိမိရောက်နေသည်က တောတောင်ထဲ မဟုတ်လား။ ဘယ်လို မြင်းစီးလေ့ကျင့်ရေးကွင်းဖြစ်ရမလဲ။ မိမိလုပ်ထားသည့် မြင်းစီးလေ့ကျင့်ရေးကွင်းဆိုတာ တကယ့်ကို ဒိတ်ဒိတ်ကျဲစစ်သည်ဖြစ်အောင် လေ့ကျင့်ပေးသည့် နေရာဖြစ်သည်။ ခုတော့ ပျော့စိပျော့ဖတ်ကောင်လေးက ဘာကို ပြောနေတာလဲဟု စဉ်းစားနေမိသည်။ မကြာခင် နောက်ထပ် ဆံပင်ကို ရုပ်ဆိုးအောင် တိုထားသည့် လူတစ်စုရောက်လာပြန်သည်။ သူတို့က မိမိကို အရူးလိုကြည့်ကာ ကွေ့ပြီးထွက်သွားပြန်သည်။ တင်တက်ရင်သည် တခုခုမှားနေပြီကို သတိထားလိုက်မိသည်။ ပတ်ဝန်းကျင်ကိုကြည့်တော့ မိမိမသိသည့် နေရာတစ်ခုဖြစ်နေသည်ကို တွေ့လိုက်သည်။

"ဒါ ဘယ်လိုနေရာလဲ.... "

စစ်ဘုရင်ကြီး တင်တက်ရင် သည် ထူးဆန်းသည့် မိုးကြိုးစက်ကွင်းကြောင့် အချိန်စက်ဝိုင်းတို့ လွဲပြောင်းချိန် မထင်မှတ်ပဲ အချိန်ကာလလွဲပြောင်းပြီး 21 ရာစုကို ရောက်လာခဲ့လေပြီ။

---------------------------------------------------------

(နောက်တပိုင်းမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ ဆိုတာ စောင့်ကြည့်ပေးကြပါ)



အချိန်စက်ဝိုင်းတို့ လွဲပြောင်းချိန်Donde viven las historias. Descúbrelo ahora