
1.3K 150 28
                                    



အချိန်စက်ဝိုင်းတို့ လွဲပြောင်းချိန် - 3 (မုန်တိုင်းများ၏အရှင်သခင်နှင့် အချစ်စစ်)


တင်တက်ရင်သည် ညစာစားပြီးနောက် သူတို့ပေးသည့် အခန်းထဲမှအိပ်ယာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားခဲ့သည်။ ပြန်နိုးလာသောအခါ ညမိုးချုပ်လို့နေပြီ။ တင်တက်ရင်သည် အမှောင်ထဲမှာ ငြိမ်ပြီး မိမိခေတ်ကို ဘယ်လိုပြန်သွားရမည်မှန်းမသိပဲ ရင်တခုလုံးပူနေမိသည်။ ကမာ မိမိပြန်မလာသည်ကိုသိလျှင် သူ့ကိုစွန့်ပစ်သွားသည်ဟု ထင်နေမလား။ ဒါမှမဟုတ် မိမိအသက်ဘေး တခုခုကြုံသည်ထင်ပြီး တောတောင်အနှံလိုက်ရှာမှာသေချာသည်။ ကမာလေးကို လွမ်းဆွတ်ကာ တင်တက်ရင် ရင်ပူလာပြီးရေသောက်ရန် အပြင်ကိုထွက်လာခဲ့သည်။

"မိတ်ဆွေနိုးလာပြီလား...ညစာစားလိုက်ပါဦး..."

စနေထွဋ်ခေါင်သည် ဧည့်ခန်းထဲတွင်ထိုင်နေရင်း တင်တက်ရင်နိုးလာသည်ကိုတွေ့သော် လှမ်းပြောလိုက်သည်။ တင်တက်ရင်က သူ့စကားကို နားမလည်သည်ကို တွေ့သော် ထမင်းစားခန်းကို ခြေဟန်လက်ဟန်ဖြင့် ခေါ်လာခဲ့သည်။ စားပွဲပေါ်တွင်အသင့်ပြင်ထားသည့် ထမင်းဟင်းများကို တွေ့သော် တင်တက်ရင်၏မျက်လုံး တောက်ပြောင် သွားခဲ့သည်။ အသားကင်နှင့် ပန်းကန်လုံးထဲမှ ထမင်းများကိုမြင်သော် အရိုသေပေးပြီး စားပွဲတွင် ဝင်ထိုင်ကာ အားပါးတရစားတော့သည်။ ထမင်းတအုပ်လုံးကို ကုန်အောင်စားပြီးနောက် ကြည်လင်သော ဗူးရှည်ရှည်နှင့် ထည့်ထားသည့် ရေကိုဌဲ့သောက်လိုက်သည်။ ယခုခေတ်သည် ဘာခေတ်ပြောရမည် မသိသော်လည်း ခွက်သည်လည်း ကြည်လင်နေပြီး ထည့်လိုက်သည့် ရေက ရေခဲတောင် အရည်ပျော်ကျသည့် ရေပမာ အေးစက်နေသည်။

တင်တက်ရင်သည် အားလုံးကို စားသောက်ပြီးသည်နှင့် ထိုအိမ်ရှင်က ခြေဟန်လက်ဟန်ဖြင့် အရှေ့ကို ပြန်ခေါ်လာခဲ့သည်။ ဧည့်ခန်းဆောင်မှ အိစက်သည့် ထိုင်ခုံပေါ်တွင် ထိုင်ကြပြီးနောက် ထိုလူက နံရံမှာကပ်ထားသည့် အမည်းရောင် အပြားကြီးကို လက်ထဲမှ အရာနှင့်ညွန်လိုက်သည်နှင့် ရုပ်ပုံများလှုပ်ရှားလာခဲ့သည်။ ထူးဆန်းသည့် အရာများစွာကိုတွေ့ပြီးဖြစ်လို့ တင်တက်ရင် ထူးပြီး မအံ့သြတော့ပါ။ မြက်ရိုင်းလွင်ပြင်မှ မြင်းရိုင်းများကိုကြည့်ပြီး တင်တက်ရင် ကမာကို ပိုပြီး သတိရလာခဲ့သည်။ မိမိရောက်နေသည့် နေရာကို စူးစမ်းလေ့လာချင်သဖြင့် ထိုင်ရာမှ ထလိုက်သည်။

စနေထွဋ်ခေါင်သည် ထိုလူထွားကြီး၏ မျက်ဝန်းထဲမှတဆင့် သူ့ချစ်သူကို မည်မျှသတိရသည်ကို ကိုယ်ချင်းစာမိသည်။ မိုးစက်အပြင်ခဏထွက်သွားတာတောင် မိမိမျှော်နေမိသေးသည်။ ယခု ထိုလူကြီးက သူ့ချစ်သူကောင်လေးကို ထားရစ်ကာ အချိန်ခရီးသွားခဲ့သည်ဆိုတော့ ဘယ်လောက်များပူူလောင်နေမလဲဟု တွေးမိစဉ် မိုးစက်တို့ ကားဝင်လာသံကိုကြားသော် စိတ်အေးသွားသည်။ ထိုလူကို မိမိတားဖို့ရာ စကားလည်းမပေါက်သဖြင့်အခက်တွေ့နေသည် မလား။

တင်တက်ရင်သည် ကားသံကိုမှတ်မိလိုက်သည်။ မိမိစကားကိုနားလည်သည့် ဟိုကောင်လေး ပြန်လာပြီ။ တကယ်လည်း အကောင်သေးသေးနှစ်ကောင် ဝင်လာသည်ကိုတွေ့သော် တင်တက်ရင်က မိုးစက်နားကို သွားကာ ပြောလိုက်သည်။

"ငါ ဟိုးက မြင်ရတဲ့ တောင်တွေဆီကိုသွားချင်တယ်..."

"ညကြီးဗျ... မနက်မှ ပို့ပေးမယ်..."

"ငါ အခုသွားချင်တာ..."

တင်တက်ရင်၏ ပြတ်သားသည့်စကားကြောင့် မိုးစက် အကိုကြီးကိုလှမ်းပြောလိုက်သည်။

"အကိုကြီး ဒီလူက တောင်ပေါ်သွားကြည့်ချင်နေတယ်တဲ့... "

"လိုက်ပို့ပေးလိုက်ပါ။ သူက ခုနက ချန်နယ်လိုင်းကလာတဲ့ မြက်ရိုင်းလွင်ပြင်ကိုတွေ့ပြီး သူ့တိုင်းပြည်ကို သတိရနေတာ... ကိုယ်လည်း လိုက်ခဲ့မယ်။ အတုလ မင်းကော လိုက်မလား..."

"ဒယ်ဒီနဲ့ မိုးစက်ပဲ သွားတော့။ ကျွန်တော် ဝသုန် နဲ့ V Call ခေါ်ဖို့ချိန်းထားတယ်..."

စနေထွဋ်ခေါင်နှင့် မိုးစက်တို့ တင်တက်ရင်ကို ခေါ်ပြီးရွှေဘုန်းပွင့်ဘုရားကို တက်လာခဲ့သည်။ တင်တက်ရင်လူထွားကြီးက တောင်စွန်းကိုသွားပြီး မီးရောင်များဖြင့် ထိန်လင်းလှပနေသည့် တောင်ကြီးမြို့ကိုစီးကြည့်ကာ သက်ပြင်းချသည်။ မိုးစက်သည် ထိုလူကြီး၏ သက်ပြင်းချသံကိုကြားသော် စိတ်မကောင်းဖြစ်သွားပြီး ဟိုးခပ်လှမ်းလှမ်းက တောင်ချွန်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ဟိုးမှာ တွေ့လား။ ခင်ဗျား တိုင်းပြည်ကိုပြန်ဖို့ ခင်ဗျားအဲ့တောင်ချွန်းမှာ မိုးကြိုးပစ်ချအောင်လုပ်ရလိမ့်မယ်.... "

တင်တက်ရင်သည် ထိုတောင်ချွန်းကို သေချာမှတ်သားပြီး မိုးရွာလျှင် ကိုယ့်ဖာသာလာနိုင်ရန်တေးမှတ်ထားသည်။ ထိုစဉ် ဖုန်းဝင်လာသဖြင့် မိုးစက် နံပါတ်ကိုကြည့်လိုက်ပြီး ခွင့်တောင်းလိုက်သည်။

"ခဏနော်။ ကျွန်တော့် ချစ်သူဖုန်းဆက်လာလို့..."

မိုးစက်သည် မလှမ်းမကမ်းကိုသွားပြီး အကိုနှင့်ဖုန်းပြောလိုက်သည်။ အကိုက အကိုကြီးရဲ့ အခြေနေကိုမေးနေသဖြင့် အကိုကြီးသက်သာလာသည်ကို သေချာပြောပြနေသည်။ ထို့နောက် အတိတ်တနေရာက လာသည့် မွန်ဂိုစစ်ဘုရင်ကြီးအကြောင်းကို ပြောပြနေသည်။

စနေထွဋ်ခေါင်သည် နှင်းထန်နှင့်ဖုန်းပြောရင်း မျက်နှာတခုလုံးပြုံးနေသည့် ကောင်လေးကို ငေးကြည့်ရင်း စိတ်မှတ်မဲ့ ပြုံးလိုက်မိသည်။ ဒီကောင်လေးကို ပြုံးအောင်လုပ်နိုင်သည့်သူက နှင်းထန်တယောက်သာရှိသည်ကို ရင်နာနာနှင့် လက်ခံလိုက်ပြီးဖြစ်သည်။ ယခုအခြေနေဖြစ်လာအောင် မိမိမနည်းကြိုးစားခဲ့ရသည်။ မိမိအသက်ဆက်ရှင်နေတာလည်း မိုးစက်လေး၏ အမိန့်ကြောင့်ဖြစ်သည်။ ယခုဘဝတွင် မိုးစက်ကို မပိုင်ဆိုင်နိုင်ပေမယ့် မိမိအချစ်တွေကို အားလုံးပေးထားနို်င်သည်။ နောင်ဘဝတွင်လည်း မိုးစက်ကို တွေ့လျှင် အချစ်တွေ အားလံးုပေးမိအုံးမည်ဖြစ်သည်။ နောက်ဘ၀ မိုးစက်၏ အချစ်ကို ရဖို့ ဆုမတောင်းရက်ပါ။ အချစ်ဆိုတာ ကိုယ်ပေးသလောက် ပြန်ရခြင်း၊ မရခြင်းနှင့် မသက်ဆိုင်ပါ။ ကိုယ်ပေးနေတာနဲ့ပဲ အဓိကဆိုင်သည်။ တကယ်လို့ ဆုတောင်းမှားခဲ့ပြီး သားအဖဖြစ်လျှင်၊ ညီအစ်ကိုရင်း ဖြစ်လျှင် မခက်ပေဘူးလား။ မိုးစက်လေးကို မိမိကြောင့် အခက်မတွေ့စေချင်ပါ။ မိမိအချစ်ကို သူလက်ခံလျှင်ပင် ကျေနပ်လှပြီ။ဒါက စနေရဲ့ အချစ်ပဲဖြစ်သည်။

တင်တက်ရင်သည် ပတ်ဝန်းကျင်ကို သေချာမှတ်သားပြီးနောက် လှည့်ကြည့်လိုက်စဉ် စနေဆိုသည့် လူက မိမိတွေ့ခဲ့သည့် ကောင်လေးကို ငေးနေသည့် မျက်ဝန်းကို တွေ့လိုက်စဉ် ကမာ့ကိုကြည့်သည့် မိမိမျက်ဝန်းကို ပြန်မြင်လိုက်ရသလိုခံစားလိုက်ရသည်။ ငုံထားမတတ်ချစ်သည် ဆိုသည့် အကြည့်မျိုးကိုကြည့်နေနိုင်အောင် ဒီလူရဲ့ ရင်ထဲ ကောင်လေးအပေါ် တောင်လောက်ရှိသည့် အချစ်တို့စုပုံနေမှာသေချာသည်။

"ကမာလေး... မင်း ကိုယ့်ကို စိတ်ပူနေလောက်ပြီ။ ကိုယ် အဆင်ပြေတယ် ကမာလေး။ မင်းဆီကိုလာနိုင်အောင် ကိုယ်ကြိုးုစားနေတယ်.... ကိုယ့်ကိုစောင့်ပေးပါ။ ကိုယ်ရအောင် ပြန်လာမယ်..."

တင်တက်ရင် သက်ပြင်းချမိစဉ် မိမိလက်မောင်းကို တို့လိုက်သဖြင့် ငဲ့ကြည့်လိုက်သောအခါ မိုးစက်ကိုတွေ့လိုက်သည်။

"ပြန်ကြစို့.. ကျွန်တော့်အကိုကြီး ချမ်းနေပြီ။ သူက နေကောင်းခါစရှိသေးတယ်... ကျွန်တော့်ကို စိတ်မချလို့ လိုက်လာပေးတာ..."

မိုးစက်၏ စကားကြောင့် တင်တက်ရင် မြင်းမပါပဲရွှေ့လျားနိုင်သည့် လှည်းထဲကိုဝင်လိုက်သည်။ အပြန်လမ်းတွင် တင်တက်ရင်က စနေကို တချက်ကြည့်ပြီး မိုးစက်ကိုလှမ်းပြောလိုက်သည်။

"မင်းရဲ့ချစ်သူက မင်းကို အရမ်းချစ်တာပဲ..."

မိုးစက် အံ့အားသင့်သွားသည်။ အကိုနှင်းထန်အကြောင်း ဒီလူကြီးဘယ်လိုများသိသွားပါလိမ့်ဟု တွေးပြီပြန်မေးလိုက်သည်။

"ခင်ဗျား ဘယ်လိုသိတာလဲ..."

"သူ့မျက်လုံးက ဒီလောက်သိသာနေတဲ့ဟာ ကန်းမနေတဲ့လူတိုင်း မြင်နိုင်တယ်။ သူက မင်းကို သူ့အသက်ထက်ကို ချစ်တယ်..."

"နေဦး...ခင်ဗျား ဘယ်သူ့ကိုပြောတာလဲ.. ကျွန်တော့် ချစ်သူက ဒီမှာမရှိဘူး..."

"ဟမ်..ဒီလူက မင်းချစ်သူမဟုတ်ဘူးလား.... သူ မင်းကို ဒီလောက်ချစ်တာ မင်းချစ်သူ မှတ်နေတာ။ "

အကိုကြီးကိုလက်ညှိုးထိုးပြီးပြောလိုက်သည့် စကားကြောင့် မိုးစက် သဘောကျစွာရယ်မောပြီးပြန်ပြောလိုက်သည်။

"အဲ့ဒါ ကျွန်တော့် ကျေးဇူးရှင် အကိုကြီးပါ... ကျွန်တော့် ချစ်သူက အခြားမြို့မှာ..."

"မင်း အတော်ကန်းတာပဲ။ ဒီလူက မင်းကို ဒီလောက်ချစ်တဲ့ဟာ သူ့ကိုကျော်ပြီး မင်း အခြားလူကို ဘယ်လိုရွေးနိုင်တာလဲ.... သူက မင်းအတွက် အသက်ဆက်ရှင်နေတယ်ဆိုတာရော မင်းသိရဲ့လား..."

မိုးစက်သည် အကိုကြီးကို တချက်ငဲ့ကြည့်ကာ ဟိုလူကြီးကို ခေါင်းငြိမ့်ပြလိုက်သည်။

"ကျွန်တော်သိပါတယ်။ သူက ကျွန်တော့်ဘဝကို ကယ်တင်ပေးပြီး ပြန်ဖန်ဆင်းပေးတဲ့ ကျေးဇူးရှင်ပါ။ ကျွန်တော့်အတွက်လည်း အရေးကြီးဆုံးလူပါ..."

မိုးစက် ဒီစကားကို ပြောရင်း ရင်ထဲနွေးလာခဲ့သည်။ အကိုကြီးရှိတာ မိမိဘဝအတွက် ခွန်အားတစ်ခုဖြစ်သည်။ အကိုကြီးရဲ့အချစ်ကိုယုံကြည်။ မိမိကို ဘယ်တော့မှ နစ်နာအောင်မလုပ်ရက်သည့် အမြဲကာကွယ်ပေးသွားမည့် အချစ်ကိုပိုင်ဆိုင်ထားသည့် ကျေးဇူးရှင်အကိုကြီး။

စနေထွဋ်ခေါင်သည် မွန်ဂိုလူကြီး၏ စကားကိုနားမလည်သော်လည်း မိမိကိုလက်ညှိုးထိုးကာ ပြောနေသည်ကို ရိပ်မိကာ မေးလိုက်သည်။

"သူ ဘာပြောနေတာလဲ မိုးစက်..."

"အကိုကြီးအကြောင်းကို မေးနေတာ... "

"ဟုတ်လား.. ဘာမေးတာလဲ..."

"အကိုကြီး ကျွန်တော့်ကို ချစ်တာ ကျွန်တော် မသိဘူးလားတဲ့..."

စနေထွဋ်ခေါင် ရင်ခုန်လာပြီး သိချင်စိတ်ဖြင့်မေးလိုက်သည်။

"မင်း ဘာပြန်ဖြေလိုက်လဲ...."

မိုးစက်သည် အကိုကြီးကို ချစ်ခင်စွာကြည့်ကာ ပြုံုးပြီးဖြေလိုက်သည်။ ဒီစကားကိုပြောခွင့်ရလို့လည်း တင်တက်ရင် ဆိုသည့် လူကြီးကို ကျေးဇူးတင်မိသည်။

"အကိုကြီး အချစ်ကို သိတယ်။ ပြီးတော့ အကိုကြီးရဲ့ အချစ်ကိုရလို့ ကျွန်တော်ကံကောင်းတယ်ဆိုတာ ပြောပြနေတာ... အကိုကြီးက ကျွန်တော့်ဘဝကို ဖန်ဆင်းပေးတဲ့

ကျေးဇူးရှင်ဖြစ်တယ်လို့.... "

စနေထွဋ်ခေါင်သည် မိုးစက်၏ အပြုံးကိုတွေ့သော် ရင်ထဲအေးချမ်းသွားခဲ့သည်။ ဒီကောင်လေးရဲ့အပြုံးကို မြင်ရုံမျှနှင့် အသက်ရှင်ရတာ ထိုက်တန်နေပြီ။ တင်တက်ရင်သည် မိုးစက်နှင့် စနေတို့ အမူယာကိုအကဲခတ်ကာ မိမိချစ်သူကိုပိုလွမ်းလာခဲ့သည်။

-----------------------------------------

ကမာသည် အကိုကြီးပြန်လာရင် နေ့လည်စာစားဖို့ အသင့်ပြင်ထားသော်လည်း မိုးတိမ်များမဲတက်လာသဖြင့် စိုးရိမ်ကာ မြက်ခင်းစပ်အထိ လာကြိုက်ရန် မြင်းကိုကုန်းနှီး ဆင်လိုက်သည်။ ကနေ့ဘယ်လိုဖြစ်သည်မသိ။ စိတ်တို့ထင့်နေမိသည်။ အကိုကြီးကို အမဲလိုက်မထွက်စေချင်သော်လည်း အမြဲလှုပ်ရှားနေရမှ သက်တောင့်သက်သာရှိသည့် အကိုကြီးကြောင့် လွှတ်လိုက်ရသည်။ ဒါကြောင့် အကိုကြီးပြန်မလာမချင်း တမျှော်မျှော်ဖြစ်နေစဉ် မိုးတိမ်များတက်လာစဉ် ချက်ချင်းလိုက်ချလာခဲ့သည်။ ကမာ စိတ်ပူရသည့် အကြောင်းကလည်း ညက မက်သည့် အိပ်မက်ကြောင့်လည်းပါသည်။ အကိုကြီးကို တိမ်မည်းကြီးက စုပ်ယူသွားပြီး ပျောက်သွားသည်ဟုမက်ခဲ့သည်ကို မနက်နိုးတော့ ပြောရန်ပြင်သော်လည်း ယောကျာ်းလေးဖြစ်ပြီးဒါတွေကို ယုံကြည်သည်ဟု အကိုကြီး အပြစ်တင်မည် စိုးသဖြင့် ကမာဖွင့် မပြောလိုက်မိပေ။

မိမိတို့ နှင်းမြို့တော်က အတိတ်နိမိတ်များအရ မိုးကြိုး၊ မိုးတိမ်ဆိုတာ နတ်ဒေဝါများနှင့် သက်ဆိုင်သည်။ နတ်ဒေဝါများက အကိုကြီးကို ခေါ်ဆောင်သွားလျှင် ဆိုပြီး ကမာရင်ထဲ ကြိတ်ပြီးစိုးရိမ်နေမိသည်။ ဒါကြောင့် မိုးတိမ်မည်းကြီးတက်လာပြီး မိုးခြိမ်းနေကတည်းက ဘယ်လိုမှ သည်းမခံနိုင်ပဲ တောင်အောက်ကိုဆင်းလာခဲ့သည်။ မြက်ရိုင်းလွင်ပြင်ကိုရောက်သော် မိုးတိမ်မည်းကြီးတစ်ခုဆီက တလောကလုံးကို မျက်စိကန်းလုမတတ် လင်းလက်သည့် မိုးကြိုးသွားတစ်ခုကို မြေပြင်ပေါ်ပစ်လွှတ်လိုက်ပြီး ကျယ်လောင်သည့်အသံကြောင့် ကမာစီးလာသည့် တိမ်လွှာလန့်ပြီးကဆုန်ပေါက်ပြေးသဖြင့် ဇာတ်ကြိုးကို မနည်းပြန်ထိန်းလိုက်ရသည်။ ထို့နောက် အကိုကြီးရှိမည်ထင်သည့်အရပ်ကို မြင်းကိုစိုင်းခဲ့သည်။ မဟူရာလဲကျသည့်နေရာတွင် အမဲကောင်ကိုသာတွေ့လိုက်ရပြီး အကိုကြီး လုံးဝပျောက်ကွယ်သွားခဲ့လေပြီ။

"အကိုကြီး....."

မြက်တောထဲ ကမာ့အသံက လွင့်ပျံ့သွားသော်လည်း ချစ်သောအကိုကြီး၏ ထူးသံကိုလုံးဝမကြားရတော့ပေ။ ကမာသည် တကိုယ်လုံးအေးစက်သွားမတတ် ထိတ်လန့်သွားခဲ့သည်။ အကိုကြီးက မိမိကို ဘယ်တော့မှ စောင့်ရအောင် မလုပ်ပေ။ မိမိကို မျက်စိအောက်က အပျောက်မခံအောင်ချစ်ပြီး မိမိတခါလှမ်းခေါ်သည်နှင့် မိမိဘေးကို ချက်ချင်းရောက်လာခဲ့သည်။ ယခု မိမိလည်ချောင်းကွဲမတတ်အော်ခေါ်သော်လည်း လုံးဝပြန်မထူး၊ ပြန်မလာပဲ နေနေသည်။ ကမာ တကိုယ်လုံးတုန်ယင် လာခဲ့သည်။

"မဟုတ်ဘူး။ လုံးဝမဟုတ်ဘူး။ အကိုကြီး.. အကိုကြီး ပြန်လာပါတော့... အကိုကြီး...."

ကမာသည် မိုးရေထဲ မြက်ရိုင်းတောထဲ မြင်းဖြင့် လှည့်ပတ်အော်ခေါ်သည့်တိုင်အောင် အကိုကြီး၏ အရိပ်ကို လုံးဝမတွေ့ရတော့ပေ။ မဖြစ်နိုင်ပါ။ မိမိဘေးမှာ အကိုကြီးပျောက်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါ။ မိမိနားမှာ အကိုကြီးအမြဲရှိနေသည်။ အမြဲမခွဲမခွာရှိနေသည်။ ကမာသည် နောက်ဆုံးအသံ မထွက်နိုင်အောင် လည်ချောင်းနာပြီး အသံမထွက်နို်င်အောင်ရှာပြီး မိုးချုပ်လာသဖြင့် မိမိတို့အိမ်ကို လေးကန်စွာပြန်လာခဲ့သည်။ နောက်နေ့မှ ထပ်ရှာရမည်။ မြင်းလည်း မောလှပြီ။ မဟူရာကသေသွားပြီ။ တိမ်လွှာသေလို့မဖြစ်သေးပေ။ အကိုကြီးကို ဆက်ရှာရဦးမည်။

ကမာ အိမ်ကိုရောက်တော့ တိမ်လွှာကို အစာကျွေးကာ ဆေးတိုက်ထားပြီး အဝတ်လှဲပြီး အိပ်ယာထဲကိုလှဲချလိုက်သည်နှင့် ထိန်းထားသည့် မျက်ရည်များ စီးကျလာခဲ့သည်။

"အကိုကြီး... အကိုကြီး...."

အကိုကြီး ဂါထာကိုရွတ်ပြီး ကမာ အိပ်ပျော်သွားတော့သည်။

နှင်းထန်သည် မိုးစက်နှင့်ဖုန်းပြောပြီးနားကြပ်ကို ဖြုတ်ကာ အိမ်ကိုကားမောင်းပြန်ခဲ့သည်။ ချစ်သောကောင်လေး ပြန်လာခါနီး အချိန်စက်ဝိုင်းကို ကျော်လွန်ပြီး ရောက်လာသည့် မွန်ဂိုခေတ်က စစ်ဘုရင်ကို ကူညီစရာရှိသည်ဆိုလား။ နှင်းထန် ပြုံးလိုက်မိသည်။ အချိန်ခရီးသွားဇာတ်လမ်းများလို မိမိလည်း ရှေးခေတ်ကိုရောက်သွားလျှင် ဘယ်လိုဖြစ်မလဲဟုတွေးမိစဉ် မိုးရွာလာသဖြင့် ကားကို ဂရုတစိုက်မောင်းနှင်လာခဲ့စဉ် မိမိကားအရှေ့ လမ်းဘေးမှ သစ်ပင်ကို မိုးကြိုးပစ်ချလိုက်သဖြင့် ကားကို အလန့်တကြား ဘရိတ်အုပ်လိုက်သည်။ လျှပ်စစ် စက်ကွင်းထဲမိပြီး မသေချင်သေးပါ။ မိမိချစ်သော မိုးစက်နှင့် အတူနေချင်သေးသဖြင့် နှင်းထန် ရုတ်တရက်ကားရပ်လိုက်သော်လည်း အနောက်မှ အရှိန်နှင့် မောင်းလာသည့် ကားက မိမိကားကို ဝင်တိုက်ကာ အရှေ့ကို အရှိန်နှင့်ရွေ့သွားခဲ့သည်။ နှင်းထန် နောက်ဆုံးသိလိုက်သည်က လင်းလက်သည့် အလင်းရောင်တခုဖြစ်ပြီး မျက်လုံးပြာသွားခဲ့သည်။ မိမိကိုယ်ကို ပြင်းထန်သည့် လျှပ်စီးကြောင်း စီးဝင်သွားသလို တဆတ်ဆတ်တုန်သွားပြီး သတိလစ်သွားတော့သည်။

ကမာ မနက်နိုးလာသည်နှင့် အကိုကြီးကို အရှာထွက်တော့သည်။ စားစရာကိုယူလာပြီး တနေကုန်ရှာသည်။ တနေရာအရောက်တွင် ထူးထူးဆန်းဆန်းဝတ်ထားသည့် လူတစ်ဦးကို တွေ့လိုက်ရသည်။ ဆံပင်တိုတိုနှင့် လူရွယ်တစ်ဦး။ မြက်ခင်းထဲတွင်လဲကျသတိလစ်နေသည်။ ကမာ ထိုသူကို တွေ့သော် အောက်ဆင်းပြီး သွေးကြောစမ်းကြည့်သော် သွေးတိုးနေသည်ကို စမ်းမိသဖြင့် မြင်းပေါ်တင်ကာ သယ်လာခဲ့သည်။

"မိုးစက်... မိုးစက်...."

နှင်းထန် သတိဝင်လာတော့ မိမိကိုထူမပေးပြီး ရေတိုက်ပေးနေသည့် မိုးစက်ကိုတွေ့သော် တခါတည်းသိမ်းကျုံးပြီးဖက်ထားမိတေ့ာသည်။ သို့သော်တခါတည်း ခပ်ကြမ်းကြမ်း ဆွဲခွာခံလိုက်ပြီး မိမိပါးကို ခပ်ဆတ်ဆတ်ရိုက်ကာ နှိုးခံလိုက်ရသဖြင့် နှင်းထန် မျက်လုံးကိုပွတ်ကာ သေချာကြည့်လိုက်တော့ ဆံပင်ရှည်ရှည်ကိုထုံးဖွဲ့ထားသည့် မိန်းကလေးတစ်ဦးကဲ့သို့လှပသည့် လူငယ်လေးတစ်ယောက်က မိမိကို ရေတိုက်နေသည်ကိုတွေ့လိုက်ရသည်။

"မင်း.. မင်း ဘယ်သူလဲ...."

"မင်း ဘာလူမျိုးလဲ... ဘာကြောင့် ငါပြောတာကို မင်းနားလည်နေတာလဲ။"

ကမာလည်း အံ့အားသင့်စွာဖြင့် ထိုလူရွယ်ကို ပြန်မေးလိုက်သည်။ နှင်းထန်သည် ကမာကိုကြည့်ကာ မိမိရူးသွားပြီဟုထင်လိုက်မိသည်။ မိုးကြိုးပစ်ချလိုက်သဖြင့် စက်ကွင်းလွတ်အောင် ကားကို ဆောင့်ရပ်လိုက်ကာမှ အနောက်က ကပ်ပါလာသည့် ကားက မိမိကိုဝင်တိုက်ပြီး မိုးကြိုးစက်ကွင်းထဲကို ရောက်သွားခဲ့သည်ကို မှတ်မိလိုက်သည်။ ဒါဆို မိုးကြိုးပစ်ချခံရပြီး မိမိသေသွားပြီဟုထင်လိုက်စဉ် ထထိုင်လိုက်တော့ စားပွဲပေါ်တွင် တင်ထားသည့် မိမိဖုန်းကိုတွေ့လိုက်တော့ တမလွန်ဘဝကို ဖုန်းလည်းယူလာနိုင်သလားဟု တွေးမိစဉ် မိုးစက်ပြောခဲ့သည့် အချိန်ခရီးသွားသည့် ထိုလူကို သတိရသွားသည်။ မွန်ဂိုလူမျိုး ဘုရင်တစ်ပါး။ 21 ရာစုကိုရောက်လာသည်ဆိုတော့... မိမိလည်း အတိတ်ကာလကိုများ ရောက်လာသလားဟု တွေးမိကာ မိမိရှေ့မှ ကောင်လေးကို မေးလိုက်သည်။

"အခု ကျွန်တော်ရောက်နေတာ ဘယ်တိုင်းပြည်လဲ..."

"မွန်ဂိုပြည်..."

"ဒါဆိုရင် ခင်ဗျား တင်တက်ရင် ဆိုတဲ့နာမည်နဲ့လူကို သိသလား..."

ကမာသည် ထိုလူစိမ်းထံမှ စကားကိုကြားသော် ဝမ်းသာအားရဖြင့်မေးလိုက်သည်။

"ခင်ဗျား အဲ့လူကို ဘယ်မှာတွေ့ခဲ့တာလဲ... ကျွန်တော် သူ့ကိုလိုက်ရှာနေတာ..."

နှင်းထန် သတိလစ်ချင်စိတ်ပေါက်သွားတော့သည်။ မိမိတကယ်ပဲ ရူးသွားပြီထင်သည်။ မိုးကြိုးပစ်ချပြီး အချိန်စက်ဝိုင်းတို့ ပြောင်းလဲချိန် မိမိက တိုက်တိုက်ဆိုင်ဆိုင် မိုးကြိုးချက်မိကာ ရှေးခေတ်ကိုရောက်လာခဲ့သည်။ မွန်ဂိုသူရဲကောင်းက 21 ရာစုကိုရောက်ပြီး တိုက်တိုက်ဆိုင်ဆိုင် မိုးစက်နှင့် တွေ့သည်။ ဒီလိုတိုက်ဆိုင်မှုမျိုးက supernatural movie ထဲမှာသာရှိသည် မဟုတ်လား။ မိမိတို့နှစ်ဦး ဘာကြောင့် ဒီလောက်တိုက်ဆိုင်ပြီး လူလဲပြီးရောက်လာတာလဲ....။

--------------------------------

(အသားကုန် ဂျီကျပြီး ရေးခိုင်းနေတဲ့ ဟေဇယ်ဆိုတဲ့ သားတော်ကြောင့် အတင်းကို ဖျစ်ညစ်ပြိးရေးလိုက်သည်။ တကယ်ဆို စစ်နတ်ဘုရား ဆက်ရိုက်ချင်နေသည်။)



အချိန်စက်ဝိုင်းတို့ လွဲပြောင်းချိန်Hikayelerin yaşadığı yer. Şimdi keşfedin