
614 76 5
                                    


အချိန်စက်ဝိုင်းတို့ လွဲပြောင်းချိန် - 8 (မုန်တိုင်းများ၏အရှင်သခင်နှင့် အချစ်စစ်)

တင်တက်ရင်သည် မိုးစက်၏ စကားကို တိတ်ဆိတ်စွာ နားထောင်ရင်း အတွေးပွားနေမိသည်။ မိမိရောက်လာသည့် သုံးရက်အတွင်း တွေ့ရှိသည့် အချက်များအရကြည့်ရင် ခေတ်သစ်က လူတွေက ဘဝကို သက်သောင့်သက်သာ ဖြတ်သန်းကာ ဇိမ်ခံလွန်းသည်ဟု မြင်သည်။ ကိုယ်စားဖို့ ထမင်း၊ အသီးရွက်၊ အသားငါးအတွက် အားစိုက်ထုတ်မှု တခုမှမလုပ်ဘဲ အလွယ်တကူ အသက်တချောင်းကို မွေးမြူနိုင်ကြသည်။ ယုတ်စွ အဆုံး မိမိတို့တိုင်းပြည်အတွက် စစ်မှုထမ်းရခြင်းလည်း မရှိ။ လက်တချက် မဖြောက်ရဘဲ လိုတရသည့်ဘဝဖြင့် ကျင်လည်နေကြသဖြင့် အရာရာတွင် ခွန်အားနည်းကာ ပျင်းရိလာကြသည်ဟု မြင်သည်။ မိမိတို့ ခေတ်နှင့်ယှဉ်လျှင် ဖျော်ဖြေရေးများ များပြားလွန်းလှသည်။ ပြီးတော့ ထိုအရာများတွင် စိတ်ရောကိုယ်ပါ နှစ်ထားပြီး လူအချင်းချင်း ဆက်ဆံရေးတွင် ပေါ့တန်လာကြသည်။

မိမိကို ခေါ်ပြီး အပြင်ထွက်တိုင်း မြင်သမျှလူများ တယောက်ကို တယောက်စကားမပြောဘဲ ခေါင်းငုံ့ကာ သူတို့လက်ထဲမှ သေတ္တာပြားလေးထဲမှ သက်မဲ့အရုပ်များကိုသာ စိတ်ဝင်စားနေကြသည်။ လူငယ်လေးများသည်လည်း ပျော့ဖတ်ကာ အရိပ်ထဲမှ နေမထိ၊လေမထိ သစ်ပင်လေးလို သန်စွမ်းမှုကင်းကာ စစ်ဘုရင်တယောက်မျက်လုံးနှင့် ကြည့်ရတာ စိတ်မချမ်းသာစရာကောင်းလွန်းလှသည်။ မိမိသာ ယခုခေတ် စစ်တပ်ကို ဦးဆောင်ရလျှင် ကိုယ်စိတ်နှစ်ပါးဆင်းရဲပြီး ကြံ့ခိုင်သည့် စစ်တပ်တစ်တပ်ပင် တည်ဆောက်နိုင်မလား မသေချာတော့ပေ၊ သူတို့၏ အချစ်ရေးသည်လည်း ပေါ့တန်လိမ့်မည်ဟု တွေးနေမိခဲ့သော တင်တက်ရင်တယောက် မိုးစက်တို့ခံစားချက်နှင့် ချစ်ခရီးလမ်းအကြောင်းကို ကြားရတော့ မိမိနှင့် ကမာ တို့၏ ချစ်ခရီးလမ်း ကိုသတိရကာ သက်ပြင်းချရင်း ချီးကျူးမိသည်။

"မင်းတို့ခေတ်မှာ ဒီလိုလေးနက်တဲ့ချစ်ခြင်းမေတ္တာရှိနေဦးမယ် ဆိုတာ ကျုပ်တကယ် ကို မယုံကြည်ခဲ့မိဘူး...."

မိုးစက်သည် သက်ပြင်းရှိုက်ကာ ထိုင်ခုံနောက်ကို မှီချလိုက်ပြီး ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။

"အကိုက ကျွန်တော့်ကို အရမ်းချစ်တယ်။အကိုချစ်သလောက် ကွျှန်တော်ပြန်မချစ်ခဲ့မိဘူး။ တကယ်လို့ ... အကို ခုခေတ်ကို ပြန်မလာတော့ဘူးဆိုရင် .. ဒါ နတ်ဒေဝါတွေ ကျနော့်ကို ဒဏ်ခတ်တာဖြစ်မှာ သေချာတယ်.."

မိုးစက် ထိုစကားကိုပြောရင်း လက်သီးကို အမှတ်တမဲ့ တင်းနေအောင် ဆုပ်လိုက်မိသည်။ထိုသို့တွေးလိုက်တိုင်း ရင်ထဲ ဓါးနှင့် မွှေသလို နာလွန်းလှသည် အဆင်သင့်မဖြစ်သေးပါ။အကိုနှင့်ဝေးဖို့ မိမိ အဆင်သင့်မဖြစ်သေးပါ။ အကို့အပေါ် အချစ်တွေ အကုန်ပေးထားသော်လည်း ထိုက်သင့်သည့် ဂရုစိုက်မှုကို ပြန်မပေးနိုင်သေးပါ။

"အကို..... အကို ဘယ်ခေတ်ကိုရောက်ပြီး ဘာတွေကို ကြုံတွေ့နေရပြီလဲ အကိုပြန်မလာနိုင်ရင် ကျွန်တော် အကို့နောက်ကို ဘယ်လိုလိုက်လာလို့ရမလဲ... ဒီလိုမျိုး ပျောက်သွားလို့ မဖြစ်သေးဘူးလေဗျာ... ကျွန်တော် အကို့ကို ချစ်ကြောင်း အကုန်မပြောရသေးဘူး။အကို့ကို ကျွန်တော် ချစ်လို့ မဝသေးဘူး။ အကိုနှင်းထန်....ခင်ဗျား ဒီလိုပျောက်သွားလို့.....လုံးဝမရဘူးဗျာ နော် ပြန်လာပါ... ဘယ်နည်းနဲ့ဖြစ်ဖြစ်ပြန်လာပါ...ခင်ဗျားကို ကျွန်တော်လွမ်းနေတယ်... ခင်ဗျားမရှိဘဲ... ကျွန်တော် ဘယ်လိုဆက်ပြီး ရှင်သန်ရမလဲ... လူမသေရင်တောင် ဘဝက သေဆုံးသွားလိမ့်မယ် အကို..."

မိုးစက်သည် ကားမှန်ပြတင်းမှ မြင်ရသည့် ရှုခင်းများကို အဓိပ္ပါယ်မဲ့ ငေးမောရင်း ဘယ်ဆီကို ရောက်မှန်းမသိဖြစ်နေသည့် အကို့ကို တမ်းတကာ စကားပြောနေမိသည်။ မျက်လုံးများက စပ်ဖန်လာသဖြင့် လက်နှင့် အမှတ်တမဲ့ သုတ်မိစဉ် စိုစွတ်လာသဖြင့် သက်ပြင်းရှိုက်မိသည်။

"ခင်ဗျား... ကျွန်တော့်ကို မျက်ရည်ကျအောင် လုပ်မိနေပြီ အကို ပြန်လာပါတော့... ပြန်မလာရင် ခင်ဗျားကို ကျွန်တော် စိတ်ဆိုးမိလိမ့်မယ်..."

တင်တက်ရင်က မိုးစက်၏ လက်ကို အသာဆုပ်ကိုင်ကာ နှစ်သိမ့်လိုက်သည်။ ဒီကောင်လေးက ပျော့တိပျော့ဖတ်ပုံနှင့် အတော်လေးစိတ်မာသည်ကို တင်တက်ရင် ကောင်းကောင်းသတိပြုမိလိုက်သည်။ မိုးစက်ကို ကြည့်ပြီး မိမိပျောက်သွားလို့ ပူဆွေးနေမည့် ကမာကို မြင်ယောင်လာမိသည်။ ကမာလည်း ချူးချူးနှင့် အခြားလူများရှေ့ ဘာမှမဖြစ်သလို ဟန်ဆောင်ထိန်းချုပ်ပြီး ကွယ်ရာမှာ ယခုလို မိမိကို ပြန်ခေါ်ရအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး အပူမီးတောက်နေမှာ သေချာသည်။

"ပြင်းပြတဲ့ စိတ်ဆန္ဒကို ကောင်းကင်ဘုံကတောင် မလွန်ဆန်နိုင်ဘူးဆိုတဲ့ ဆိုရိုးစကားရှိတယ်။ မင်းရဲ့ချစ်သူအပေါ်ထားရှိတဲ့ ပြင်းပြတဲ့ချစ်ခြင်းကြောင့် အချိန်တံခါးပေါက်က သေချာပြန်ပွင့်လာမှာပါ"

စစ်ဘုရင်ကြီး၏ ကြီးမားသည့် လက်ဖဝါးကြီးထဲမှ ခွန်အားများ တစိမ့်စိမ့်စီးဆင်းနေသလို ခံစားလိုက်သည်။ မိုးစက်မော့ကြည့်လိုက်သောအခါ ယုံကြည်မှုပြင်းပြသည့် မျက်ဝန်းနက်တစုံကြောင့် ရင်ထဲမှာ စိတ်အားတက်ကြွလာခဲ့သည်။

"ဟုတ်တယ်။ အကိုနှင်းထန်ကို ပြန်ခေါ်ဖို့ သေချာပေါက် နည်းလမ်းရှိမှာပါ....."

တင်တက်ရင်သည် အပူမီးတချို့လျော့သွားပြီး ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည့် မိုးစက်ကိုကြည့်ပြီး ကမာကို ပြင်းပြင်းပြပြသတိရသွားသည်။ မိုးစက်နှင့်ကမာသည် ရုပ်ရည်ချင်းမတူသော်လည်း သူတို့၏ စိတ်နှလုံးသားနှင့် အမူအကျင့်က တူလွန်းလှသဖြင့် ခေတ်သစ်က ကောင်လေးကို တွေ့ဆုံစေလိုသဖြင့် ကောင်းကင်ဘုံက အချိန်တံခါးဖွင့်ပြီး မိမိကို ခေတ်သစ်ကိုများ ပို့လိုက်သလားဟုပင် ထင်လာမိသည်။

"မင်း ခဏနားလိုက်ဦး။ မင်းကြည့်ရတာ အရမ်းပင်ပန်းနေသလိုပဲ လာ ကျုပ်ကိုမှီပြီး အိပ်လိုက် ... နိုးလာရင် အားလုံးအဆင်ပြေသွားလိမ့်မယ်..."

မွန်ဂိုလူထွားကြီး ၏ စကားကြောင့် မိုးစက်ခေါင်းငြိမ့်လိုက်သည်။ တကယ်ပဲ စိတ်ရောကိုယ်ပါ ပင်ပန်းလွန်းလှပြီ။ ဒါကြောင့် ခဏအိပ်လိုက်ချင်သည်။ တင်တက်ရင်သည် မိမိကို မှီပြီး မကြာခင် အိမ်မောကျသွားသည့် မိုးစက်ကို ငေးစိုက်ကြည့်ကာ သက်ပြင်းရှိုက်မိသည်။ ခေတ်ဟောင်းဖြစ်စေ၊ ခေတ်သစ်ဖြစ်စေ ချစ်ခြင်း ၏ ရိုက်ခတ်မှုကို ခံစားရတာခြင်းက အတူတူပင်ဖြစ်သည်။ ချစ်သူနှင့် ဆုံတွေ့ရပြီးနောက် ဘဝခရီးကို အတူဖြတ်သန်းရဖို့ ပူပင်ရသည်။

ပြီးလျှင် အတူတူ အသက်ရှည်ရှည်နှင့် ပျော်ပျော်ရွှင်ရွှင် နေသွားရဖို့ ပူပင်ရသည်။ ယခုလို ချစ်သူနှင့်ကွဲကွာရလျှင် ချစ်သည့်စိတ်ပမာဏ အတိုင်း ရင်မှာ မချိအောင်ခံစားရသည်။

"ကမာလေးရေ... အကိုကြီးပျောက်သွားလို့ နာကျင်ဝမ်းနည်းနေတဲ့ မင်းကို ဘယ်သူက ဖေးမနှစ်သိမ့်ပေးနေမလဲကွာ... လွမ်းတယ် ကမာလေးရေ အရမ်းလွမ်းတယ်..."

တင်တက်ရင်သည် ပြတင်းပေါက်မှ မြင်နေရသည့် မြင်ကွင်းကို ငေးရင်း ကမာနှင့်နှစ်ကိုယ်တူ ခရီးကြမ်းကို ဖြတ်သန်းခဲ့သည်ကို ပြန်ပြောင်းသတိရမိသည်။ မိမိကယ်တင်ပြီး မွေးစားခဲ့သည့် ညီလေး၊မိမိဘဝတွင် ကမာနှင့်တွေ့မှ ချစ်ခြင်းတရားကို နဖူးတွေ့ဒူးတွေ့ကြုံဖူးခဲ့သည်။ချစ်သူနှင့်ပေါင်းဖက်ဖို့ သူများတွေက လွယ်သလောက် မိမိမှာ စောင့်ခဲ့ရသည်၊ နာကျင်ခဲ့ရသည်၊ စစ်ပွဲကိုဖန်တီးခဲ့ရသည်။ နောက်ဆုံးတိုင်းပြည် အာဏာကိုလုယူခဲ့ရသည်။ အရာအားလုံးကို စွန့်လွှတ်ပြီး ချစ်သူနှင့်တူနှစ်ကိုယ်ဘဝကို ဖြတ်သန်းချိန် နှစ်နှစ်သာ ရှိသေးသည်။ကံတရားက မရှုစိမ့်နိုင်သောကြောင့် ရှင်ကွဲကွဲအောင်လုပ်ခဲ့ပြန်သည်။ တွေးရင်းမိုးနတ်မင်းရှိသည့် ဘုံဗ္ဗိမာန်ကို မီးနှင့်တိုက်ချင်စိတ်ပင်ပေါ်လာတော့သည်။

မိုးစက် အိပ်ပျော်သွားသည်နှင့် အကိုနှင်းထန်ကို ထူးဆန်းသည့် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး တစ်စုံတစ်ဦးကို မြတ်နိုးစွာ ပွေ့ဖက် ထားသည်ကို မြင်လိုက်ရသည်။ ထိုလူကို ဘယ်လောက်တန်ဖိုးထား မြတ်နိုးသည်ကို အကြည့်တချက်ကနေ သိနိုင်သည်။ ဆံပင်လေးကို တယုတယဖယ်ရှားပေးသည့် အမူအယာကနေ သိနိုင်သည်။ ပြီးတော့ ပြုံးနေသည် နှုတ်ခမ်းက ထိုလူကို ဘယ်လောက်မြတ်နိုးတယ်၊ ထိုလူက ဘယ်လောက်စိတ်ချမ်းသာအောင် လုပ်ပေးနေတယ်ဆိုတာကို သိရှိလိုက်ရသည်။ အကို့ရင်ခွင်ထဲမှာရှိသည့် သူက အကို့ကို မှီနွဲ့ပြီး စာအုပ်တအုပ်ကို ဖတ်နေသည်။ အကိုက သူ့ကို ကြင်နာစွာထွေးပွေ့ပြီး နှစ်ယောက်သား မက်မုံပွင့်တို့ကြွေသည့် သစ်ပင်အောက်မှာ အေးအေးဆေးဆေးထိုင်နေကြသည်။

"အကို......."

မိုးစက်၏ နှုတ်မှ တုန်လှုပ်ခြောက်ခြားသည့် ခေါ်သံထွက်လာခဲ့သည်။ မထင်ထားပါ အကို့ရင်ခွင်မှာ တခြား လူတယောက်ကို တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့မိပါ။ မနာကျင်တာကြာပြီးဖြစ်သည့် ရင်ဘတ်က စူးခနဲ့ နင့်ခနဲ့ ပြန်လည်နာကျင်လာခဲ့သည်။

"အကို..... သူက ဘယ်သူလဲ...."

မိမိခေါ်သံကို မကြားသလိုပင် အကိုက ထိုလူ၏ ဆံပင်ကို အသာဆော့ကစားရင် မိမိ ကိုလှည့်ပင် မကြည့်ခဲ့ပါ။တလောကလုံးမှာ သူတို့ နှစ်ယောက်တည်းရှိနေသည့်ပမာ...... မိုးစက် ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တော့ပါ။ အကို့ကိုပြတ်သားစွာ သိရှိရန် သူ့ရှေ့တည့်တည့်ကို သွားရပ်ပြီး အကို့ကို မေးလိုက်သည်။

"အကို.... သူက ဘယ်သူလဲ....အကိုနဲ့ဘယ်လိုပတ်သတ်နေလဲ.."

အကို့ရင်ခွင်ထဲက တယောက်က ခေါင်းမော့ပြီး မိုးစက်နှင့်အကြည့်ချင်းဆုံလာခဲ့သည်။ရှည်လျားသော မျက်တောင်များ ကာဖုံးထားသည့် မျက်ဝန်းလှလှနှင့်နီမြန်းသောနှုတ်ခမ်းပါးလေးများက မိန်းကလေးတစ်ဦးထက်ပင် ခိုင်မာစွာဖြင့် တဖက်သားကို စွဲဆောင်နိုင်လွန်းသည်။ ဖြူဆွတ်သည့်အသားက မိုးပြာဖျော့ဝတ်စုံနှင့် လိုက်ဖက်လွန်းလှသည်။ မည်းနက်သည့် ဆံပင်များကို အကိုနှင်းထန် တယုတယငုံ့နမ်းလိုက်သည်ကို ကြည့်ပြီး မိုးစက်၏ရင်ထဲမုန်တိုင်းထန်လာခဲ့သည်။

"နောင်တော်.....နောင်တော် ချစ်သူလိုက်လာပြီ..."

"နောင်တော် ချစ်သူက မင်းတယောက်တည်းရှိတာပါ ကမာလေး..."

အကိုနှင်းထန်က မိုးစက်ကိုမော့ပင်မကြည့်ပဲ ထိုလူရွယ်ချောကို အနမ်းပေးလိုက်စဉ် မိုးစက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး လှည့်ထွက်လာခဲ့သည်။

"အကို ..... အကိုနှင်းထန်...."

ထိုစကားကို နှုတ်ဖျားမှ တတွတ်တွတ်ရွတ်ရင်း မိုးစက်အဝေးဆုံးကို ပြေးထွက်လာခဲ့သည်။ တလှမ်းချင်းတလှမ်းချင်း ဝေးလာလေ....နှလုံးသားကသေမလိုနာကျင်ရလေဖြစ်သည်။

"ကမာ... အကို...အကိုနှင်းထန်..."

မိုးစက်အိပ်ရင်းယောင်ယမ်းကာ အော်ဟစ်နေသဖြင့် တင်တက်ရင် သူ့ကို အသာဖက်ကာ နိုးလိုက်သည်။

"မိုးစက်.....မိုးစက်..."

မိုးစက်သည် မိမိအိပ်မက်ထဲ နက်နက်ရှိုင်းရှိုင်းနှစ်မြှုပ်နေပြီး မနိုးနိုင်အောင်ဖြစ်နေသည်။ မြက်ရိုင်းလွင်ပြင်ကြီးထဲတွင် ခြေဦးတည့်ရာသွားရင်း အကိုနှင်းထန်နှင့် ကမာဆိုသည့် လူရွယ်အကြည်ဆိုက်နေသည့် မြင်ကွင်းက မျက်စိထဲမှ မထွက်နိုင်ဖြစ်နေသည်။

"ကမာ...ကမာ...ကမာဆိုတာ ....တင်တက်ရင်ရဲ့ ချစ်သူ..မဟုတ်ဘူးလား ... အကိုနှင်းထန်နဲ့ဘယ်လိုချစ်နေတာလဲ... တင်တက်ရင်..ကို ရှာပြီးသွားပြောရမယ်"

ထိုသို့တွေးလိုက်မိသည်နှင့် မိမိနားထဲ တင်တက်ရင်၏ ခေါ်သံတိုးဝင်လာခဲ့သည်။

"မိုးစက်....မိုးစက်..."

မိုးစက်မျက်လုံးကိုဖွင့်ရန် ကြိုးစားသော်လည်း မျက်ခွံက လေးလံလွန်းလှသည်။ မြက်ရိုင်းလွင်ပြင်ထဲ မိမိနာမည်ကို ခေါ်သည့် တင်တက်ရင်၏ အသံက ပဲ့တင်ထပ်နေသော်လည်း သူ့ကိုလုံးဝမတွေ့ရသဖြင့် မိုးစက် အံ့တင်းတင်းကြိတ်ကာ အော်ခေါ်လိုက်သည်။

"တင်တက်ရင်.... ကမာ ကို သွားခေါ်ပါတော့"

"ကမာ.. အကိုနှင်းထန်.. ကမာ.."

မိုးစက်၏နှုတ်ဖျားမှ ကမာ့အမည်ကိုကြားသော် တင်တက်ရင် ထူပူသွားပြီး မိုးစက်ကို ခပ်ကြမ်းကြမ်း လှုပ်နှိုးလိုက်သည်။ မိုးစက်သည် အကြမ်းပတမ်း အနှိုးခံလိုက်ရသောကြောင့် အိပ်မက်ကမ္ဘာမှ တဖြည်းဖြည်း နိုးထလာခဲ့သည်။

"တင်တက်ရင်.. ကမာ့ကို သွားခေါ်ပါတော့.. သူ.. သူ.. အကိုနှင်းထန်နားမှာ.. သူ့ကို သွားခေါ်ပါတော့.."

အိပ်မက်နှင့်လက်တွေ့ဘဝကို မကွဲပြားဘဲ မိုးစက် ကယောင်ကတမ်းနှင့် တင်တက်ရင်၏လက်ကို ဆုပ်ကိုင်ကာ အလောတကြီးပြောလိုက်သည်။ ရင်ထဲမှ မွန်းကြပ်ခြင်းက အသက်ရှူလို့မရနိုင်အောင် အရှိုက်မှာဆို့နေသည်။ တင်တက်ရင်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မိုးစက်၏ပုခုံးကိုဆုပ်ကိုင်ကာ မေးလိုက်သည်။

"မင်း ကမာ့ကို ဘယ်သူနဲ့တွဲပြီးတွေ့လို့ ဒီလောက်ဝမ်းနည်းနေတာလဲ.."

"အကို.. အကိုနှင်းထန်နဲ့.."

"ဘာ.. မင်းချစ်သူနဲ့ ကမာနဲ့..."

အိပ်မက်တခုဖြစ်သည်ဆိုသော်လည်း ထိုစကားကိုကြားသော် တင်တက်ရင်၏မျက်နှာကြီး နီရဲတက်လာပြီး မျက်ဝန်းကကျဉ်းမြောင်းကာ လူသတ်ချင်ရိပ်ဖြင့် တလက်လက် တောက်ပလာတော့သည်။

"ဘယ်မှာလဲ. သူတို့ဘာလုပ်နေကြတာလဲ.."

အမှတ်တမဲ့ဖြင့် တင်တက်ရင်သည် မိုးစက်၏ပုခုံးကို အားဖြင့် ညှစ်ချေဆုပ်ကိုင်လိုက်မိစဉ် မိုးစက် နာကျင်စွာဖြင့်ရုန်းကာ မိမိထက်ပင် သတိလက်လွတ်ဖြစ်နေသည့် မွန်ဂိုစစ်ဘုရင်ကြီးကို လှမ်းခေါ်လိုက်သည်။

"ခင်ဗျား ကျွန်တော့်ပုခုံးကို လွှတ်ပေးဦး.. ကျွန်တော့်အရိုးတွေ ကျိုးကုန်တော့မယ်ဗျ.."

တင်တက်ရင်သည် ဆုပ်ကိုင်သည့်အားကို လျှော့ချလိုက်သော်လည်း သိလိုသည့်အဖြေ မရမချင်း မိုးစက်၏မျက်ဝန်းထဲကို အေးစက်စက်စိုက်ကြည့်ကာ ထပ်မေးလိုက်သည်။

"မင်းရဲ့ချစ်သူနဲ့ ကျုပ်ရဲ့ကမာ ဘာလုပ်နေတာလဲ.."

မိုးစက်သည် အိပ်မက်ထဲမှအကြောင်းကိုပြောမိသဖြင့် မိမိထက်ပင် သွေးရူးသွေးတန်းဖြစ်နေသည့် တင်တက်ရင်ကိုကြည့်ကာ ခေါင်းမွှေးပင် ထောင်လာချင်တော့သည်။ ကိုယ့်ထက် ဒိန်းဒလိန်းပူးသည့်သူနှင့် တိုးနေသဖြင့် မိုးစက် သက်ပြင်းရှိုက်ကာ အော်လိုက်သည်။

"ကျွန်တော် အိပ်မက်မက်တာဗျ.. ခင်ဗျားသတိထားဦး.. တကယ်မဟုတ်ပါဘူး.."

တင်တက်ရင်သည် မိုးစက်၏ ခပ်စူးစူးနှင့် မကျေမနပ်ကြည့်ကာ အော်ပြောလိုက်သည့်စကားကြောင့် သတိဝင်လာပြီး မိုးစက်၏ပုခုံးကို ညှစ်ထားသည့်လက်ကို လွှတ်ပေးလိုက်ပြီး သက်ပြင်းမောကြီးချကာ မျက်နှာကိုလက်နှင့်အုပ်ပြီး စိတ်ကို ငြိမ်အောင်ထိန်းလိုက်ရသည်။ သို့သော်လည်း ရင်ထဲ ကတုန်ကယင် ဖြစ်လာချင်သေးသည်။

"ကမာ.. ကမာ.. သူအခု ဘယ်သူနဲ့ရှိနေမလဲ.. ဟိုလူ.. မိုးစက်ရဲ့ချစ်သူများ မွန်ဂိုပြည်ကို ရောက်သွားလေရော့သလား။ မိုးနတ်မင်း..... ကျီစားတယ်ဆိုတာ အတိုင်းအတာရှိသေးတယ်။ တကယ်လို့.. မတော်တလျော်တွေ အသင်လုပ်ခဲ့မယ်ဆိုရင် ကျုပ်ရဲ့ခေတ်၊ ကျုပ်တိုင်းပြည်ကိုပြန်ရောက်ရင် ကိုးကွယ်မှုနတ်ကွန်းအားလုံးကို မီးရှို့ဖျက်ဆီးပစ်မယ်"

တင်တက်ရင် ထိုသို့ဆုံးဖြတ်ပြီးနောက် စိတ်ငြိမ်သွားကာ မိုးစက်ကိုကြည့်လိုက်တော့ မိုးစက်က ပုခုံးနှစ်ဖက်ကို လက်နှင့် တလှည့်စီပွတ်သပ်နေသဖြင့် စိတ်မကောင်းဖြစ်ကာ ဘာမပြောညာမပြောနှင့် မိုးစက်၏အဝတ်ကိုဆွဲချကာ မိမိဆုပ်ကိုင်ထားသည့် ဒဏ်ရာကိုကြည့်ရန် ကြိုးစားလိုက်သည်။

"ဟာ.. ခင်ဗျား ဘာလုပ်တာလဲ.."

မိုးစက်သည် တင်တက်ရင်ကြောင့် နာကျင်သွားသည့်ပုခုံးကို တဖက်စီ လက်နှင့်ပွတ်သပ်နေစဉ် ဘာမပြော ညာမပြော ရုတ်တရက် အဝတ်ကိုဆွဲချလိုက်မှုကြောင့် ပုခုံးသားများပေါ်သွားကာ လန့်ပြီး အော်လိုက်သည်။ တင်တက်ရင်သည် ဖြူဥသည့်ပုခုံးပေါ်မှ နီရဲသည့် လက်ချောင်းရာများကိုကြည့်ကာ စိတ်မကောင်းဖြစ်သွားပြီး ဘာလုပ်ပေးရမှန်းမသိ ဖြစ်သွားသည်။

"တောင်းပန်ပါတယ်.. မင်းကို ဒဏ်ရာရအောင် လုပ်မိပြီ"

"ရတယ်.. ကိစ္စမရှိဘူး.. ဆေးဝယ်လိမ်းလိုက်မယ်.."

မိုးစက်က ထိုလူကြီး ရိုးရိုးသားသား ဒဏ်ရာကိုကြည့်ရန် ကြိုးစားသည်ကိုသိသောကြောင့် သူ့လက်ကိုဖယ်ကာ အဝတ်ကို နေသားတကျပြင်ကာ ဒရိုင်ဘာကို ဆေးဆိုင်တွေ့လျှင် ရပ်ပြီး လိမ်းဆေးဆင်းဝယ်ပေးရန် ပြောလိုက်သည်။ မိုးစက်သည် ခွန်အားကြီးလှသည့် စစ်ဘုရင်ကြီး တင်တက်ရင်၏ အစွမ်းကို လက်လန်သွားတော့သည်။ လက်နှင့်ဆုပ်ကိုင်ရုံနှင့် မိမိမှာ အညိုအမည်းစွဲနေတာ၊ ကမာက သူ့ဒဏ် ဘယ်လိုများ ခံနိုင်ပါလိမ့်ဟု တွေးမိပြီးမှ မျက်နှာပူသွားတော့သည်။ သေချာတာက ဒီလူကြီး၏ခွန်အားက အဆုံးမရှိ ကြီးမားလွန်းသည်ဆိုတော့ ကမာလည်း သက်သာမည်မဟုတ်ပေ။

တင်တက်ရင်သည် မိုးစက်ကို ထိခိုက်အောင်လုပ်မိသောကြောင့် စိတ်မကောင်းကာ ငြိမ်သွားပြီး ကားမှန်ပြတင်းကိုငေးကာ ကမာ့အကြောင်း တွေးနေစဉ် ကားလေးက မြို့တမြို့နားကအဖြတ် ဒရိုင်ဘာက ဆင်းကာ မိုးစက်ပြောသည့်လိမ်းဆေးကို ဆင်းဝယ်နေစဉ် မိုးစက်က တင်တက်ရင် ဘက်ကိုလှည့်ကာ တီးတိုးပြောလိုက်သည်။

"အိပ်မက်ထဲမှာ အကိုနှင်းထန်နဲ့ကမာ သူတို့နှစ်ယောက်ကို အရမ်းရင်းနှီးတဲ့ပုံစံနဲ့ ပူးကပ်နေတာ တွေ့ရလို့ပါ။ သစ်ပင်အောက်မှာ ကမာက စာဖတ်နေတယ်။ အကိုနှင်းထန်က အနောက်ကနေ သိုင်းဖက်ထားတယ်။ သူတို့ကိုယ်ပေါ် မက်မုံပွင့်တွေ ကြွေကျနေတယ်"

တင်တက်ရင်သည် မိုးစက်၏စကားကိုကြားသော် အံ့အားသင့်ကာ ရင်ထဲ ထူးထူးဆန်းဆန်း ခံစားလိုက်ရသည်။ မိုးစက် အိပ်မက်ထဲမှမြင်ကွင်းက တောင်ပေါ်မှာ မိမိနှင့်ကမာ အမြဲအတူရှိနေတတ်သည့် အနေအထားဖြစ်သည်။ နေ့လည်နေ့ခင်းတွင် ကမာ စာဖတ်တိုင်း မိမိက အနောက်မှ သိုင်းဖက်ကာ သူ့ဆံပင်လေးတွေကို ဆော့ကစားလေ့ရှိသည်။ ပုခုံးသားလေးကို ဖွဖွပွတ်သပ်လိုက်၊ နားရွက်လေးတွေကို ဖွဖွကိုက်လိုက်နှင့် ကမာ့ကို ကလူကျီစယ်လေ့ရှိသည်။ မိမိတို့ကိုယ်ပေါ် လေအဝှေ့မှာ မက်မုံပွင့်တွေ ကြွေကျလာလျှင် ကမာက နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ ရင်ဘတ်ကိုမှီလှဲလာပြီး မိုးသားပြာပြာ နောက်ခံထားသည့် မက်မုံပန်းအလှကို ခံစားလေ့ရှိသည်။ ထိုအခါတိုင်း မိမိက ကမာ၏မျက်နှာလေးကို တရှိုက်မက်မက်ငေးပြီး ဘဝ၏ငြိမ်းအေးမှုကို ခံစားခဲ့ရဖူးသည်။

"မင်းအိပ်မက်ထဲကအတိုင်း ကမာနဲ့ကျုပ် အမြဲ အတူရှိခဲ့ကြတယ်"

မိုးစက်သည် လူထွားကြီးတင်တက်ရင်၏စကားကြောင့် ကိုယ်ချင်းစာမိသွားသည်။ လောလောဆည် မိမိတို့နှစ်ဦးလုံး ချစ်ဒုက္ခသည်များဖြစ်ကြသည်။ အိပ်မက်အရ အကိုနှင်းထန်များ ရှေးခေတ်ကိုရောက်ပြီး ကမာနှင့် တွေ့သွားလေသလား။

"အကိုလေး.. ဆေးရပါပြီ.."

ဒရိုင်ဘာသည် ဆေးဗူးကို ရိုရိုသေသေ ကမ်းပေးကာ ကားပေါ်တက်ပြီး လိုရာခရီးကို ဆက်ပြီးနှင်လာခဲ့သည်။ စနေထွဋ်ခေါင်၏ တပည့်တဦးပီပီ မိမိလုပ်စရာရှိတာကို တစိုက်မတ်မတ် လုပ်နေခဲ့သည်။ ကားနောက်ခန်းမှ သူတို့စကားပြောနေသည်ကို မမြင်သလို၊ မကြားသလို နေနိုင်ခြင်းက စနေထွဋ်ခေါင်၏လုပ်ငန်းက လေ့ကျင့်ပေးလိုက်သည့် အကျင့်ကောင်းများဖြစ်သည်။ မွန်ဂိုလူထွားကြီးက အကိုလေးကို ဘေးအန္တရာယ်ဖြစ်အောင် မလုပ်မချင်း မိမိဆောင်ထားသည့်သေနတ်ကို အသုံးမပြုရဟု သူဌေးမှာလိုက်သည့်စကားအတိုင်း ဒရိုင်ဘာက ကိုယ်လုပ်စရာရှိသည်ကိုသာ လုပ်လိုက်သည်။ မိုးစက်သည် ညှစ်ဆေးကိုယူကာ ပုခုံးမှဒဏ်ရာကို လူးလိုက်ပြီး တင်တက်ရင်ကို ပြောလိုက်သည်။

"ခင်ဗျား နားလိုက်ပါဦး.. ခင်ဗျား ခုရက်ပိုင်း တမှေးတောင် မမှေးဖြစ်သေးဘူးမလား.."

တင်တက်ရင် သက်ပြင်းရှိုက်ကာ ခေါင်းယမ်းလိုက်သည်။ ဘယ်လိုမှ စိတ်မအေးနိုင်သောကြောင့် မျက်လုံးမှိတ်မရတာ ရှင်းပြမနေချင်တော့ပေ။ ကမာ့ကို ပြန်မတွေ့ရမှာစိုးသည့်စိတ်ဖြင့် တင်တက်ရင် တနေ့တခြား ရင်ပူလာတော့သည်။ တရက်ထက်တရက် ကြာလာလေ ကမာနှင့် ပြန်ဆုံဖို့ခက်လာလေဟု စိတ်ထဲထင်ကာ ရင်ထဲမကောင်းဖြစ်နေစဉ် မိုးစက်၏ အိပ်မက်ကိုကြားတော့ ရုတ်တရက် ပေါက်ကွဲသွားမိခြင်းဖြစ်သည်။ မိုးစက်သည် မျက်မှောင်တွန့်နေသော တင်တက်ရင်ဘက်ကိုကိုင်းကာ မျက်ခုံးနှစ်ခုကြား လက်ညှိုးနှင့်ဖိကာ အတွန့်ပြေအောင်လုပ်ပေးပြီး ပြောလိုက်သည်။

"နားလိုက်ပါဦး။ မနားဘဲ ခင်ဗျား လဲသွားလည်း တွေ့ချိန်မတိုင်ရင် ပြန်တွေ့နိုင်ဦးမှာမဟုတ်ဘူး။ ရန်ကုန်ရောက်ဖို့လိုသေးတယ်။ ကျွန်တော်တို့ အားမွေးထားသင့်တယ်။ ဟိုရောက်ရင် ပညာရှင်တွေနဲ့တွေ့ရင် နည်းလမ်းရှာတွေ့မှာပါဗျာ.. အခု နားလိုက်ပါဦး"

ဒီတစ်ခါ မိုးစက်က တင်တက်ရင်ကို နားချရသည့် အလှည့်ဖြစ်သည်။ ချစ်ဒုက္ခသည်ခြင်းမို့ တစ်ယောက်ဝေဒနာကို တစ်ယောက် ကိုယ်ချင်းစာမိသည်။ မိမိရင်ထဲ ပူလောင်နေသလို တင်တက်ရင်၏ ရင်ထဲလည်း မီးလောင်နေမှာသေချာသည်။ အချစ်က မီးလို့ ဒါကြောင့် သီချင်းထဲမှာ ဆိုထားကြတာကိုး..... မိုးစက်သက်ပြင်းကိုသာ နာနာချလိုက်မိတော့သည်။

------------------------------------------


အချိန်စက်ဝိုင်းတို့ လွဲပြောင်းချိန်Donde viven las historias. Descúbrelo ahora