အချိန်စက်ဝိုင်းတို့ လွဲပြောင်းချိန် (11) ဇာတ်သိမ်းပိုင်း
ချူးချူးသည်ကမာထွက်သွားသည့် နောက်ကျောပြင်ကို မမှိတ်မသုန်ငေးကြည့်ကာ ကြမ်းပြင်ပေါ် ပုံလျက်သားထိုင်ချလိုက်ပြီးရှိုက်ငင်ခြင်းကင်းမဲ့စွာဖြင့် မျက်ရည်ကျနေမိသည်။ မိမိနှင့် ဘဝချင်းတူသည့် အကိုလေး၊မိမိက အကိုလေးကို အသည်းနင့်အောင်ချစ်သလို အကိုလေးကလည်း မင်းကြီးကို အသည်းကြွေကျမတတ်ချစ်သည်ကို ပြတ်သားစွာသိပြီးနောက် ချူးချူး၏ တိတ်တခိုးမျှော်လင့်ချက်တို့ ဆပ်ပြာပူဖောင်းလေးလိုပေါက်ကွဲသွားလေပြီ။ အကိုလေးကမာက မင်းကြီးကိုဘယ်လောက်ချစ်ချစ်၊ မင်းကြီးနှင့်ဝေးကွာချိန်ခဏလေး.. တခဏလေးတောင် မိမိအပေါ် စိတ်ယိုင်လေမလားဆိုသည့်အတွေးဖြင့် အကိုလေးကို မိမိခံစားရသမျှရင်ဖွင့်လိုက်သော်လည်း မင်းကြီးအပေါ်ထားသည့် အကိုလေး၏မေတ္တာ၊ ချစ်ခြင်းတရား၊ သစ္စာတရားကကျောက်တောင်ကြီးလို ခိုင်မာလွန်းလို့ မိမိ၏ချစ်ခြင်းမေတ္တာလေးက တောင်နံရံကိုထိမိသည့်ကြက်ဥလေးလို ကွဲကြေသွားလေပြီ။
မင်းသားကမာထွက်သွားပြီးနောက်ကျန်သည့်အပါးတော်မြဲနှင့် ကိုယ်ရံတော်တချို့က ဝင်လာမည်အပြု ချူးချူးက ဝင်မလာရန်တားပြီးအကိုလေးကမာ၏ချစ်ခြင်းမေတ္တာရိပ်တို့ ထင်ကျန်နေသောအခန်းလေးထဲ မျက်ရည်မြစ်ကြီး ခန်းသည်အထိကျောက်ချထိုင်ရင်း လှပသောရွှေရောင်နေ့ရက်များကြား ချူးချူးတစ်ယောက် တိုးဝင်လို့သွားလေပြီ။ချူးချူးမျက်လုံးမှိတ်လိုက်သည်နှင့် လွန်ခဲ့သောအတိတ်ကာလကို ပြန်ရောက်သွားလေပြီ။
ဒီအိမ်ထဲမိမိ၏ရယ်သံ၊ အကိုလေး၏ ဂရုတစိုက်သင်ကြားပေးသံ၊ ဥယျာဉ်ထဲ ဝါးသိုင်းလေ့ကျင့်သံ၊ အထိန်းတော်ကြီး၏အသံ၊နံရံတွေက သိမ်းဆည်းထားသည့် အသံများကို ပြန်လည်ထုတ်လွှင့်ပေးနေသည်ကို ချူးချူး ပြုံးရင်းနားထောင်နေမိသည်။
"အကိုလေးကို ချစ်တယ်ဆိုတာထက် ပိုပါတယ်.."
ချူးချူးသက်ပြင်ရှိုက်ကာတစ်ယောက်တည်းရေရွတ်လိုက်သည်။ မိမိ၏ရှေ့ လေထုထဲတွင် အကိုလေးကမာ၏ ပြုံးနေသောပုံရိပ်ကိုငေးကြည့်ပြီး နောက်ဆုံး ထရပ်ကာ ခိုင်မာစွာပြောလိုက်သည်။
"ချူးချူးက ခမည်းတော်လို အမှားမျိုးကို ဘယ်တော့မှ မမှားပါဘူးအကိုလေး.. ကိုယ်ချစ်ရတဲ့သူ စိတ်ချမ်းသာအောင်ပဲ ချူးချူးလုပ်ပေးမှာပါ.."
ထိုစကားပြောလိုက်သည်နှင့်မိမိ၏စိတ်အာရုံထဲမှာ ထင်ဟပ်နေသည့် အကိုလေးကမာ၏ပုံက သွားစွယ်လေးများပေါ်အောင်ရယ်မောကာမိမိခေါင်းကို ချစ်ခင်စွာထိလိုက်ပြီး ပျောက်ကွယ်သွားသလို ထင်လိုက်သည်။ ချူးချူးသည်မိမိခေါင်းကို အသာတို့ထိကာ ပြုံးလိုက်သည်။ ပါးပေါ်မှ မျက်ရည်များက သွေ့ခြောက်သွားလေပြီ။
"နန်းတော်ကို ပြန်မယ်..."
ဘုရင်မ၏အမိန့်ကိုကြားမှအခန်းအပြင်ဘက်မှ စိတ်ပူနေသော အခြွေရံများက သက်ပြင်းချလိုက်တော့သည်။ မင်းသားကမာ ထွက်သွားပြီးထမင်းတအိုးချက် ကြာသည်အထိ အခန်းထဲ ငြိမ်သက်နေသည့်ဘုရင်မ ယခုမှ နန်းတော်ကိုပြန်တော့သည်။ဘုရင်မနှင့် မင်းသားကမာကြား တစုံတခုကို ရိပ်မိကြသော်လည်း သစ္စာရှိကျေးကျွန်ပီပီ မမြင်သလို၊မကြားသလိုသာ နေလိုက်သည်။
ချူးချူးသည်နန်းတော်ပြန်ရောက်သည်နှင့် ပါရှားမှပညာရှင်များ အမြန်ဆုံးရောက်စေရန် အထူးစစ်တပ်နှင့်အမြန်ဆုံးမြင်းများ ကထားသည့် ရထားလုံးကို အနောက်ပိုင်းလမ်းကြောင်းသို့ ပို့လွှတ်ကာ ညတွင်းချင်းရောက်ရန်အခေါ်လွှတ်လိုက်သည်။ ပထမ ဦးရီးတော်မင်းသားကြီး ပြောသော်လည်း အကိုလေးကမာနှင့် ကြာကြာနေနိုင်ရန်တမင် အကြိုမလွှတ်ဘဲ နယ်စပ်မှစစ်တပ်ကိုသာ လိုက်ပို့စေခဲ့သည်။ ယခုတော့ မိမိကြောင့် အကိုလေးကမာ၏စိတ်နှလုံးပူပန်ရသည်ကိုတွေ့တော့ ချူးချူး အချိန်မဆွဲဝံ့တော့ပါ။ မညှင်းဆဲရက်တော့ပါ။
"ဒါ ချူးချူးရဲ့အချစ်တွေပါ အကိုလေး။ ချူးချူးက ခမည်းတော်နဲ့မတူအောင်အကိုလေးကို ချစ်မယ့်သူပါ.."
....................................
နှင်းထန်သည်ကမာနှင့်အတူ နန်းတော်ထဲရှိ ဥယျာဉ်ထဲတွင် ရေနွေးကြမ်းတစ်အိုးကို အရသာခံသောက်ကာ သဘာဝအလှကြားစိတ်ကိုငြိမ်အောင် ထိန်းချုပ်နေသည်။ ကြည့်လေရာတိုင်း မိုးစက်၏ အသက်ဝင်သည့်အပြုံးကိုသာတွေ့နေမိသည်။ နှင်းထန် သက်ပြင်းချကာ ရေနွေးခွက်ကို မော့သောက်လိုက်စဉ် ကမာက ပြောလိုက်သည်။
"မိုးစက်ကို သတိရလို့ စိတ်မောနေတာလား နောင်တော်.."
"ကိုယ့်ရင်ထဲ မီးလိုပူနေတယ် ကမာ.. မိုးစက်ကို ပြန်မတွေ့ရတော့ရင်ဆိုတဲ့အတွေးကြောင့် စိတ်က ဘယ်လိုမှ မအေးချမ်းနိုင်ဘူးဖြစ်နေတယ်.."
ကမာသည်ရေနွေးခွက်ကို အသာချကာ လေထဲမှ ကြွေလွင့်လာသည့် မက်မုံပန်းပွင့်လွှာတစ်ချပ်ကို လက်နှင့်အသာဖမ်းကာစိုက်ကြည့်ရင်း မေးလိုက်သည်။
"နောင်တော်သာ ခေတ်သစ်ကာလကို ပြန်မသွားနိုင်ရင် မိုးစက် ဆင်းရဲဒုက္ခရောက်သွားနိုင်လား။သူ ခိုကိုးရာမဲ့ ဖြစ်သွားနိုင်လား.."
ကမာ၏စကားကိုကြားသော်နှင်းထန် ငြိမ်ကျသွားတော့သည်။ မိမိစိတ်ကိုလည်း သေချာပြန်လည်ဆန်းစစ်ရန် သတိရလိုက်သည်။မိမိရင်ထဲ မီးတောင်ကြီးပေါက်ကွဲသလို လောင်နေတာ မိုးစက်တခုခုဖြစ်မှာ ပူလို့လား။ မိမိပြန်မသွားနိုင်ရင်မိုးစက် ဆင်းရဲဒုက္ခရောက်သွားမှာလား။ ဟင့်အင်း... မဖြစ်ပါ။ မိုးစက်သည် အစွမ်းအစရှိသော လူငယ်တစ်ယောက်ဖြစ်လို့သူ့ဘဝတိုးတက်အောင် လုပ်ဆောင်နိုင်သူဖြစ်သည်။ ခိုကိုးရာမဲ့လည်း မဖြစ်ပါ။ မိုးစက်ကိုမိမိထက်နားလည်ပြီး ရယူလိုခြင်းကင်းတဲ့အချစ်နှင့်ချစ်သည့် အကိုကြီးတစ်ယောက်လုံး အနားမှာရှိနေသည်။မိုးစက် ဝမ်းနည်းမည်လား။ ဝမ်းတော့နည်းမှာ သေချာသည်။ "သေသောသူ ကြာလျှင်မေ့.." ဆိုသည့်စကားအတိုင်းတစ်နှစ်ကြာလျှင် မိုးစက် ပူဆွေးဝမ်းနည်းမှုက လွတ်ကင်းနိုင်ပါသည်။
ဒါဆိုလျှင်မိမိက ဘာကြောင့် ရင်ပူနေရသလဲ..?
မိုးစက်အတွက်လား..?ကိုယ့်အတွက်လား..?
ကိုယ်ချစ်ရသည့်ချစ်သူလေးကိုဆုံးရှုံးမှာစိုးသည့်စိတ်၊ မိမိသာမရှိတော့လျှင် နံဘေးမှ ကျားချောင်းချောင်းနေသူ၏ရင်ခွင်ထဲမိမိချစ်သူ သက်ဆင်းသွားလေမည်လားဟု မနာလိုခြင်းရောစွတ်နေသည့်စိတ်၊ ထိုစိတ်ကြောင့် ပူလောင်နေတာပါလား။
ချစ်ခြင်းတရား...... မိုးစက်ကို အချစ်တွေမပေးနိုင်တော့မှာစိုးလို့ ပူပန်သည်ဟုပြောရအောင်လည်းမိုးစက်က မိမိဆီကအချစ်ကိုရမှ ပျော်မည့်သူမဟုတ်ပါ။ မိမိထံမှ အချစ်ကိုလိုအပ်လို့ ချစ်ခဲ့တာမှမဟုတ်တာ။မိမိကို ချစ်ကိုချစ်ခဲ့ရုံမျှသာ။ ဒါကြောင့် ချစ်ရသောမိုးစက်ကို အချစ်တွေ ဆက်မပေးနိုင်လို့မိုးစက်စိတ်ဆင်းရဲမှာ ပူပန်နေသည်ဆိုသည့် မိမိအကြောင်းပြချက်က အလကားပဲပေါ့။ တကယ်တော့မိမိအတ္တကြောင့် မိမိပူပန်နေခြင်းသာဖြစ်သည်။
"အင်း... ကိုယ့်အတ္တစိတ်ကြောင့်ပူလောင်နေတာပါ ကမာ..."
နှင်းထန်၏ဝန်ခံစကားကိုကြားသော်ကမာ ခပ်သဲ့သဲ့ပြုံးမိသည်။ မိမိနားလည်ထားသည့်အရာကို မျှဝေခွင့်ရသောကြောင့် ကမာ ဝမ်းသာသွားသည်။ထို့နောက် လူသားနှစ်ယောက် မက်မုံပွင့်ဖတ်တို့ ကြွေကျနေသည့်ဥယျာဉ်ထဲ ငြိမ်သက်စွာထိုင်နေပြီးမိမိတို့ချစ်ရသူကို ဦးတည်သည့် မေတ္တာစိတ်ဖြင့် တည်ငြိမ်စွာ ဆက်ထိုင်နေကြသည်။ ပတ်ဝန်းကျင်သည်ပန်းချီဆန်လွန်းလှသည်။
....................................
မိုးစက်တို့ကားလေးကရန်ကုန်မြို့ထဲကိုရောက်သည်နှင့် အကိုကြီးထံမှ ဖုန်းဝင်လာခဲ့သည်။
"မင်း ဦးမင်းထန်ကို သွားတွေ့ပြီး အကျိုးအကြောင်းမေးပါ။မွန်ဂိုလူကြီးကို အတုလရဲ့အိမ်မှာ ဝင်ပို့ထားလိုက်။ အဲ့ဒီမှာ မင်းသူငယ်ချင်းစောင့်နေတယ်။ဦးမင်းထန်ဆီသွားတာ အဖော်လိုက်ပေးလိမ့်မယ်"
"ကျွန်တော် အခင်းဖြစ်တဲ့နေရာကို အရင်သွားချင်တယ်"
"သွားလည်းမထူးဘူး။ ပညာရှင်တွေလာမှ အတူသွားမယ်။ မင်းဘက်ကလုပ်စရာရှိတာပြီးအောင်လုပ်ထား။ သားတစ်ယောက်လုံးပျောက်သွားလို့ စိတ်ဆင်းရဲနေတဲ့ မင်းယောက္ခမကိုမျက်နှာအရင်သွားပြလိုက်ဦး.."
အကိုကြီး၏စကားကြောင့်မိုးစက် စောဒကမတက်တော့ဘဲ တင်တက်ရင်ကို အတုလ၏အိမ်တွင် ဝင်ချလိုက်သည်။ ဧည့်ခန်းထဲတွင်ဝသုန်နှင့်အတုလ ပူးကပ်ထိုင်ကာ စကားပြောနေသည်ကိုတွေ့သော် မိုးစက် ချောင်းဟန့်လိုက်သည်။
"အဟမ်း.."
"သြ.. မင်းရောက်လာပြီလား.. မြန်လိုက်တာ..."
"မမြန်ဘူး... ဝသုန် ထတော့.. ငါ့ဘိုးတော်ဆီသွားရမှာ.. အတုလ..ဒီလူကြီးကို စားဖို့၊ နားဖို့ ပြင်ပေးဦး.."
မိုးစက်သည်ဝသုန်နှင့်အတုလတို့ အချစ်ငှက်နှစ်ကောင်ကို မကြည်သလိုကြည့်ကာ လောဆော်လိုက်သည်။ ထို့နောက်တင်တက်ရင်ကို ဒီမှာ ခဏနားဖို့ လှည့်ပြောလိုက်သည်။
ဝသုန်ကမိုးစက် ဘုကြည့်ကြည့်သည်ကို သဘောကျကာ အနားလာဖက်ကာ ဆံပင်များကိုထိုးဖွပြီး ပြောလိုက်သည်။
"မိုးနတ်မင်းက ဒေါက်တာကို သေချာပေါက် ပြန်ပို့ပေးမှာပါကွာ.."
မိုးစက်အင်တင်တင်နှင့် ခေါင်းငြိမ့်ပြီးနောက် ဝသုန့်ကိုခေါ်ကာ ယောက္ခမကြီးအိမ်ကို ထွက်လာတော့သည်။
"ငါ့သားပျောက်တာတောင် မင်းက ခုမှပေါ်လာတယ်။ မင်း ဘယ်ကိုသွားပြီးအလေလိုက်နေတာလဲ.."
ဦးမင်းထန်သည်သားဇောကြောင့် မိုးစက်အပေါ် မကျေနပ်ချက်များကို ဖောက်ခွဲတော့သည်။ မိုးစက်သည် ဦးမင်းထန်ဘာပြောပြော ငုံ့ခံပြီးနောက် တောင်းပန်စကားဆိုကာ ပြန်ခဲ့သည်။
"မင်း ဘာကြောင့် ဒီလောက် သည်းခံရတာလဲ မိုးစက်.. ငါက ဘေးကနေတောင်ဒေါသထွက်နေတာ.."
"သူက အကို့ဒယ်ဒီလေ.. ငါသာ အန်ကယ့်နေရာဆိုရင် ဒီလိုဒေါသထွက်မိမှာပဲ။ငါ့ကို ပြောလိုက်လို့ အန်ကယ်ဒေါသ ပြေသွားရင်ရပြီ.."
"ဒေါက်တာပျောက်သွားတာနဲ့ မင်းက ဘာဆိုင်လို့လဲကွာ.. ခုက ဘလိုင်းကြီး။မင်းကိုလက်ထပ်ထားလို့ သူ့သား လမ်းမှားရောက်တာတွေရော.. သူ အရှက်ရတာတွေရော.. သားတကွဲမယားတကွဲ ဖြစ်ရတာတွေရော မဆိုင်တာလျှောက်ပြောတာလည်း ယောက္ခမဆိုတဲ့စိတ်နဲ့ သည်းခံတာပဲလား.."
မိုးစက်သည်ဝသုန်၏စကားကို အေးဆေးစွာပြုံးကာ ပြောလိုက်သည်။
"အန်ကယ်ပြောတာတွေက အမှန်တရားတွေပဲ။ လူ့ပတ်ဝန်းကျင်က ငါတို့ကိုပြောတဲ့စကားတွေပဲ။ဒါကို အန်ကယ်က သူ့ရင်ထဲ လှောင်ထားတာ။ အခုမှ ဖွင့်ချခွင့်ရတာပါ။ ပြီးတော့ အကို့ဘေးမှာငါရှိရင် အကို ခုလို ပျောက်ချင်မှပျောက်သွားမယ်လေ။ ဒါမှမဟုတ်လည်း နှစ်ယောက်လုံး ရှေးခေတ်ကိုရောက်ပြီးသာယာချင်သာယာနေမှာပေါ့"
ဝသုန်သည်မိုးစက်၏စကားကြောင့် သက်ပြင်းချလိုက်မိသည်။ လိင်တူအချစ်တို့၏ ဘဝခရီးက မိမိထင်ထားသည်ထက်ကြမ်းတမ်းသည်ကို ဝသုန်တွေးမိပြီး ဒါကြောင့် အတုလက မိမိနှင့်သူ၏သတင်းကို လုံး၀ အမှောင်ချထားတာမိမိကိုချစ်လို့ဆိုတာကို ပိုနားလည်လာခဲ့သည်။
"တကယ်ပဲ ဒေါက်တာက ရှေးခေတ်ကိုရောက်သွားတာလား.."
"အင်း... ထင်တာပဲ..ငါ အိပ်မက်မက်တယ်.."
"မင်းတို့ဟာကလည်း သိပ္ပံဇာတ်လမ်းဆန်လိုက်တာ.."
ဝသုန်စိတ်ပျက်လက်ပျက်ပြောရင်း မိမိနှင့် အတုလသာ ဒီလိုကြုံရင်ဟုတွေးပြီး ရင်ထဲ လှပ်ခနဲဖြစ်သွားသည်။
"မိုးနတ်မင်းက ငါ့ကို ဒဏ်ခတ်တာထင်တယ်..."
"ဘာဆိုင်လို့လဲကွ.."
"အကို့ကို ပစ်ထားမိလို့... ငါ... အမြဲပဲလုပ်ချင်တာလုပ်ခဲ့တာ။ အကိုကလွဲရင် ကျန်တာအားလုံးကို ဦးစားပေးနေမိတယ်လေ..."
မိုးစက်၏စကားကြောင့်ဝသုန် မခံမရပ်နိုင်ဖြစ်ကာ ဝင်ပြောလိုက်သည်။
"ဘာမှမဆိုင်ဘူး.. ပေါက်ကရလျှောက်မတွေးနဲ့။ လာ... ပြန်ကြစို့.. မင်း တောက်လျှောက်ခရီးပမ်းလာတာ။ မနားရသေးဘူး.."
ဝသုန်သည်မိုးစက်ကို အိမ်သို့လိုက်ပို့ပေးလိုက်ပြီး ပြန်သွားသည်။ မိုးစက်သည် အကို့အရိပ်အောက်ပြန်ရောက်လာပြီး အကို၏ ကိုယ်သင်းနံ့စွဲသည့် အိပ်ယာထက်တွင် လှဲအိပ်လိုက်စဉ် သိပ်သည်းသည့်အမှောင်ထုထဲကို ကျရောက်သွားတော့သည်။
....................................
တင်တက်ရင်တရေးနိုးလို့ အောက်ထပ်ကိုဆင်းလာတော့ စနေထွဋ်ခေါင်ဆိုသည့်လူ ဧည့်ခန်းထဲတွင်ထိုင်ပြီးမည်းမည်းပြားပြား ပစ္စည်းလေးတစ်ခုကိုကိုင်ကာ အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။ မိုးစက်၏စကားအရဒီလူက မိုးစက်ချစ်သူမဟုတ်ဘဲ ကျေးဇူးရှင်အကိုကြီးဆိုတာ သိလိုက်ရသည်။ ဒါပေမယ့် တင်တက်ရင်၏စိတ်ထဲတွင်ဒီလူက မိုးစက်အပေါ်ထားသည့်စိတ်က ကမာ့အပေါ် မိမိထားသည့်စိတ်ထက် ဘယ်နည်းနှင့်မှမလျော့ဘူးဆိုတာသိလိုက်သည်။
"ခင်ဗျား နိုးလာပြီပဲ။ ဗိုက်ဆာပြီလား.."
"မဆာသေးဘူး။ မိုးစက် ဘယ်သွားတာလဲ.."
ထိုသူကစကားတခွန်းပြောလိုက်ပြီးနောက် မည်းမည်းအပြားထဲမှ မွန်ဂိုဘာသာစကားဖြင့် ပီသသည့်စကားသံထွက်လာသည်ကိုကြားသော်တင်တက်ရင်စိတ်ဝင်စားပြီး သူ့လက်ထဲကပစ္စည်းကို စူးစမ်းကာ ပြန်ဖြေလိုက်သည်။ မိမိစကားသံထွက်လာပြီးချက်ချင်း သူတို့ဘာသာစကားဖြင့် အသံတသံ ထွက်လာသည်ကို ကြားလိုက်ရသည်။
"မိုးစက် သူ့အိမ်မှာ ပြန်နားနေတယ်။ သူနိုးလာရင် ဒီကိုလာဖို့ခေါ်ထားတယ်..ထိုင်ပါဦးဗျာ.."
စနေထွဋ်ခေါင်၏စကားကိုဖုန်းထဲမှ direct translation လုပ်ပေးပြီးနောက် တင်တက်ရင်က ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။စနေထွဋ်ခေါင်က ဖုန်းနောက်တစ်လုံးကိုယူကာ ဒီဘာသာပြန် application အကူညီဖြင့် တင်တက်ရင်ကိုရှင်းပြလိုက်သည်။
တင်တက်ရင်သည်ခေတ်သစ်လူများ၏ ဉာဏ်ရည်ကို အံ့အားသင့်စွာဖြင့် ချီးကျူးမိသည်။ ဒီအမည်းပြားက ဘာသာစကားအတော်များများကို ပြန်ပေးနိုင်သဖြင့် ဒီလူနှင့် စကားပြောဖို့ အခွင့်ရေးရလာလေပြီ။ တင်တက်ရင်သည်မိမိမရှင်းသည်ကို ဒီဘာသာပြန်စက်လေးရဲ့ အကူအညီနှင့် မေးလိုက်သည်။
"ဘာကြောင့် မိုးစက်ကို ချစ်လျက်နဲ့ မယူတာလဲ.."
"သူတကယ်ချစ်တာ ကျွန်တော်မဟုတ်လို့.. နောင်ကြီးသာဆိုရင် ကမာကနောင်ကြီးကိုမချစ်ရင် အတင်းယူရက်မလား.."
ထိုစကားကိုကြားလိုက်သည်နှင့်တင်တက်ရင်၏ဦးနှောက်ထဲ အလင်းရသွားတော့သည်။ ကမာကို မိမိ အခက်အခဲများစွာကို ကျော်ဖြတ်ပြီးရယူသည်ဆိုတာက ကမာ မိမိကို ချစ်နေသောကြောင့်ဖြစ်သည်။ တကယ်လို့ ကမာသည် အခြားတစ်ယောက်ကိုချစ်မြတ်နိုးနေသည်ဆိုလျှင် မိမိ ကမာ့ကို သိမ်းပိုက်မည်မဟုတ်ပါ။
"ခင်ဗျားစိတ်မဆင်းရဲဘူးလား.."
"ကိုယ့်ချစ်တဲ့သူရဲ့ အပြုံးကို မြင်ခွင့်ရနေတာပဲ... ဘာကြောင့် စိတ်ဆင်းရဲမှာလဲ.."
"မိုးစက်က အခြားလူကို ချစ်နေတယ်။ သူ့ချစ်သူနဲ့ ချစ်ကြည်နူးနေတာခင်ဗျား ဘယ်လိုမှ မနေဘူးလား.."
တင်တက်ရင်၏အမေးကိုစနေထွဋ်ခေါင် မဖြေခင် ခဏငြိမ်သွားသည်။ ပြီးမှ ပြုံးကာ အမှန်တိုင်းဖြေလိုက်သည်။
"ဝမ်းသာဝမ်းနည်းပေါ့...။ ကိုယ့်ချစ်သူပျော်လို့ ဝမ်းသာတယ်။ကိုယ်မဟုတ်တဲ့သူကိုချစ်နေလို့ ကိုယ့်အတ္တအတွက် ဝမ်းနည်းတယ်.."
"ခင်ဗျား... ဝေးရာကို ဘာကြောင့်မသွားတာလဲ။ မြင်နေရရင် စိတ်ဆင်းရဲနေဦးမယ်မဟုတ်လား.."
"သူ့ကို မမြင်တော့ရင် ပိုစိတ်ဆင်းရဲလို့ အနားကမခွာဘဲ နေခဲ့တာပဲ.."
တင်တက်ရင်သည်စနေထွဋ်ခေါင်၏စကားကိုကြားသော် ရင်ထဲ နင့်နင့်သည်းသည်း ခံစားလာရသည်။ ခန်မင်းကြီး၏မိဖုရားဘဝနှင့်ကမာနေရစဉ်က မိမိ အဝေးက ငေးကြည့်နေသည့်ခံစားချက်ထက် ဆယ်ဆဆိုးမည်ကို သိလိုက်သည်။ ကမာကခန်မင်းကြီးကို မချစ်။ မိမိကိုချစ်သည်ဆိုသည့်အသိက သည်းခံနိုင်ဖို့ တွန်းအားပေးနိုင်ခဲ့သည်။ဒီလူ... ဒီလူကိုဘာက တွန်းအားပေးခဲ့သလဲ။
"ခင်ဗျား.. ဘယ်လိုကြောင့် ဒီဘဝကို ရွေးချယ်ရတာလဲ.."
"ချစ်ခြင်းတရားကပဲ ရွေးချယ်ပေးသွားတာပါ။ အသက်ရှင်နေတဲ့တစ်သက်တာမှာချစ်ခြင်းတရားရဲ့လှပမှုကို နှစ်ကြိမ်တိုင် ကြုံတွေ့လိုက်ရသူအဖို့ ဒီအနေအထားလေးနဲ့တင်ကျေနပ်စရာဖြစ်နေပါပြီ"
စနေထွဋ်ခေါင်ကအေးချမ်းစွာပြုံးကာ စစ်ဘုရင်ကြီးကို ပြန်ဖြေလိုက်တော့သည်။
"အရှင်မင်းသား... ဘုရင်မကြီးက အခေါ်လွှတ်ပါတယ်.."
ကမာသည်နောင်တော်နှင်းထန်နှင့်အတူ အပါးတော်မြဲနောက်ကို လိုက်လာခဲ့သည်။ ပါရှားမှ ပညာရှင်များရောက်လာတာတပတ်တိတိရှိလေပြီ။ နောင်တော်နှင်းထန်နှင့်အတူ တွေ့ဆုံဆွေးနွေးပြီးနောက် နောင်တော်၏ခေတ်သစ်မှအသိပညာဗဟုသုတနှင့် ခေတ်ဟောင်းကျမ်းမှ ရေးသားချက်ကို တိုက်ဆိုင်စစ်ဆေးသော် တထပ်တည်းတူညီနေသည်ကိုအံ့အားသင့်ဖွယ် တွေ့ရှိလိုက်ပြီး အားလုံးက ထိုကိစ္စကို အားကြိုးမာန်တက် ကြိုးစားကြတော့သည်။
မြက်ရိုင်းလွင်ပြင်ဘက်ကိုချူးချူးကိုယ်တိုင်လိုက်လာပြီး မိုးရွာချိန် မိုးကြိုးစက်ကွင်းကို ထပ်မံစောင့်ဆိုင်းကြသည်။ဒီတခါ ခေတ်ဟောင်းက အသိပညာတချို့ကိုသုံးကာ လျှပ်စစ်စွမ်းအင်စက်ကွင်းကို ဖန်တီးဖို့ကြိုးစားကြသည်။နှင်းထန်သည် ရှေးခေတ်လူသားတို့ ဖန်တီးထားသည် လျှပ်စစ်စွမ်းအင်စက်ကွင်း သိုလှောင်သည့်ကိရိယာကိုကြည့်ကာလန့်တော့နည်းနည်းလန့်နေသည်။ ခေတ်သစ်ကို ပြန်ရောက်မလား၊ မီးသွေးတုံးဖြစ်ပြီး သေသွားမလားနှစ်ခုထဲကတစ်ခုသေချာနေသည်။
ချူးချူးကပညာရှင်များနှင့် စကားပြောနေရာမှ အကိုလေးလာသောအခါ မိမိတို့ထပ်သိလိုက်သည့်အရာကို ပြောလိုက်သည်။
"ဒီတံခါးက တစ်ကြိမ်မှာ လူတစ်ယောက်ပဲ ဖြတ်သန်းနိုင်တယ်တဲ့။အကိုလေးကမာ သွားရှာမလား၊ ဒီက နောင်တော်နှင်းထန်ကို ပြန်ပို့မလား တခုရွေးရမယ်တဲ့.."
နှင်းထန်သည်ရင်ထိတ်သွားသည်။ ကမာသည် ကိရိယာကို အကြာကြီးငေးကာ နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည်။
"နောင်တော်နှင်းထန်ကို ပြန်ပို့လိုက်ပါ.."
နှင်းထန်လှိုက်ခနဲပျော်သွားသော်လည်း ကမာ့ကို အားတုံ့အားနာဖြင့် မေးလိုက်သည်။
"မင်း ဘာကြောင့် သွားမရှာတာလဲ.."
"ကျွန်တော် ခေတ်သစ်ကိုရောက်ရင် ဘာသာစကား အခက်အခဲကြောင့်ဘယ်လိုမှ အကိုကြီးကို ရှိတွေ့မှာမဟုတ်ဘူး။ နောင်တော်သာပြန်သွားရင် အကိုကြီးဆီကို တန်းတန်းမတ်မတ်ရောက်သွားနိုင်မယ်။ ပြီးတော့ အကိုကြီးကို ကျွန်တော်စောင့်နေတယ်ဆိုတာ စာလွှာပါးလိုက်နိုင်မယ်။ကျွန်တော့်စာကိုရရင် အကိုကြီးစိတ်ပူတာ လျော့ပါးသွားမယ်.. ဒါကြောင့်ပါ.."
နှင်းထန်သည်ကမာ၏လက်ကိုဆုပ်ကိုင်ကာ လေးစားစွာပြောလိုက်သည်။ မိမိသာ ကမာ့နေရာမှာဆိုလျှင် ဒီလိုဆုံးဖြတ်နိုင်ပါ့မလား။လူတွေက ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပိုတိုးတက်လာလေ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက် နိမ့်ကျလေပဲလားဟုတွေးနေမိသည်။
"ဒီည မိုးရွာလိမ့်မယ် အကိုလေး... အားလုံး အသင့်ပြင်ထားဖို့ ပညာရှင်တွေက ပြောပါတယ်.."
....................................
မိုးစက်အိပ်ယာနိုးတော့ ဒေါ်ပိုကို စကားအနည်းငယ်ပြောကာ အတုလ၏အိမ်ကို ထွက်လာခဲ့သည်။ ဧည့်ခန်းတွင်အကိုကြီးနှင့် တင်တက်ရင်တို့ Translation application ကိုသုံးပြီး စကားလက်ဆုံကျနေသည်ကိုတွေ့သော်သဘောကျသွားသည်။ ထို့နောက် အကိုကြီးဘေးတွင် ဝင်ထိုင်ကာ မေးလိုက်သည်။
"အကိုကြီး... ခုနက ပညာရှင်တွေနဲ့ သွားတွေ့တာဆို.."
"အေး... သူတို့လေ့လာကြည့်ပြီးပြီ။ကံကောင်းတာ အဲ့နားက ကွက်လပ်မှာ သံလိုက်စက်ကွင်း အကြွင်းကျန်ကို တွေ့ရတယ်။ နောက်တစ်ခါမိုးရွာရင်ဒီနေရာမှာ ဝင်ပေါက်တစ်ခုဖြစ်အောင် ထပ်လုပ်ရမယ်။ Time Skiper နဲ့ပတ်သက်ပြီး အထူးပြုလေ့လာထားတဲ့ပညာရှင်တွေက ဒီလိုဟာကို စမ်းသပ်ဖို့ကိရိယာကို ယူလာတော့ အဆင်ပြေသွားတယ်ကွ..."
"သူတို့ စမ်းသပ်ဖူးလား.."
"စမ်းဖူးတယ်တဲ့.. သူတို့ပို့လွှတ်တဲ့ အရာဝတ္ထုတွေ ပျောက်ပျောက်သွားတယ်တဲ့... ဟိုတစ်ဖက်ကအရာကို မယူလာနိုင်သေးဘူး။ သက်ရှိနဲ့ မစမ်းသပ်ရသေးဘူးကွ.."
"ဖြစ်နိုင်ချေရှိပါ့မလား.."
"ဒါတော့ ကံသေကံမ မပြောတတ်ဘူး.."
"အကို့ကို ပြန်မခေါ်နိုင်ရင် ဘယ်လိုလုပ်မလဲ။ အထဲကို ဝင်ရှာရမှာလား.."
"အဲ့လိုကြုံရာသွားရှာလို့ ဘယ်ရမလဲ.. ဟိုဘက်ခေတ်မှာ ဘာရှိမှန်းမသိ"
စနေထွဋ်ခေါင်ကမဆိုင်းမတွ ပယ်ချလိုက်သည်။ တင်တက်ရင်က ငြိမ်နားထောင်နေပြီး ဝင်ပြောလိုက်သည်။
"ကျုပ်သွားလိုက်မယ်။ ပါရှားဘက်က ပညာရှင်တွေကို စုစည်းပြီးမင်းရဲ့ချစ်သူကို ပြန်ပို့ဖို့ ကျုပ်ကတိပေးတယ်"
မိုးစက်ကကိုယ်တိုင်သွားရှာချင်သော်လည်း တင်တက်ရင်နှင့် စနေတို့ ဝိုင်းပြောနေသဖြင့် အင်တင်တင်နှင့်ခေါင်းငြိမ့်လိုက်ရတော့သည်။
တင်တက်ရင်သည်ကမာ့ကို ပြန်တွေ့ရတော့မည်ဖြစ်လို့ စိတ်ထဲ အေးချမ်းသွားတော့သည်။ ဒီဘက်ခေတ်ရဲ့ စက်ယန္တရားကတိုးတက်လို့ မိမိခေတ်ကို ပြန်ရောက်နိုင်ချေများပါသည်။ ကမာနှင့်သာ ပြန်တွေ့လျှင် သူ့ကိုဘယ်တော့မှခွဲမသွားတော့ဘူးဟု ကတိပေးရဦးမည်။
မိုးစက်တို့ကံကောင်းသည့်အချက်က သံလိုက်စက်ကွင်း ဖမ်းဆုပ်သည့်စက်က လျှပ်စစ်ပမာဏပြည့်လျှင် လူနှစ်ယောက်ကိုပို့ဆောင်နိုင်သည်ဟု သိရသောအခါ စနေဘယ်လိုတားတား မိုးစက်က တင်တက်ရင်နှင့်လိုက်မည်ဟုဆုံးဖြတ်ချက်ချလိုက်တော့သည်။
စနေထွဋ်ခေါင်သည်မိုးရွာလာသည်နှင့် မိုးစက်ကို စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။ မိုးစက်က အကိုကြီးကိုပြုံးကာ ကတိပေးလိုက်သည်။
"ကျွန်တော် သေချာပေါက်ပြန်လာမှာပါ... စောင့်နေပေးပါ.."
လမ်းဘေးမြေကွက်လပ်တွင်စနေထွဋ်ခေါင်တို့အဖွဲ့ လုပ်ဆောင်နေသည်ကို လူတွေမရိပ်မိစေရန် မီးကြိုးပြင်နေသည့်ပုံဖြင့်တဖက်တချက် လမ်းပိတ်ကာ လာသမျှကားကို လမ်းလွှဲထားသဖြင့် ကားနှင့်လူ ရှင်းနေသည်။ ကံကောင်းသည့်အချက်ကပတ်ဝန်းကျင်ကလည်း လူနေအိမ်ခြေရှင်းသဖြင့် ပညာရှင်များက သူတို့အလုပ်ကို အနှောင့်အယှက်ကင်းကင်းလုပ်နေနိုင်သည်။
လျှပ်စစ်သံလိုက်ထုတ်လွှင့်စက်ကိုဖွင့်လိုက်သည်နှင့် သတ်မှတ်ထားသည့်နေရာတွင် ရပ်နေသည့် မိုးစက်နှင့်တင်တက်ရင်၏ ပတ်လည်တွင်ဆံပင်မွှေးများ ထောင်ထသွားစေသည့် စွမ်းအင်စက်ကွင်း အသက်ဝင်လာသည်ကို ခံစားလိုက်ရသည်။
မိုးစက်သည်စိတ်လှုပ်ရှားစွာဖြင့် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိစဉ် တင်တက်ရင်က မိုးစက်၏ပုခုံးကိုအသာညစ်ကာ အားပေးလိုက်သည်။ မကြာခင် သူတို့နှစ်ဦးကို လှည့်ပတ်သိုင်းခြုံနေသည့် စွမ်းအင်များကပိုမိုထူထပ်လာပြီး မမြင်ရသည့်ရေနံရံက မိမိတို့နှစ်ယောက်ကို အုပ်မိုးသွားသလိုခံစားရပြီးအသက်ရှူရကြပ်လာသည်။ အကိုကြီးနှင့် ပညာရှင်အဖွဲ့ကို ဝိုးတဝါးသာမြင်ရပြီး နားတွေအူလာတော့သည်။
အသက်ရှူရခက်လာစဉ်ရုတ်တရက် လေအေးအေးတိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်က ပြန်လည်ကြည်လင်သွားတော့သည်။ထိုအခါ မိမိတို့ဘေးပတ်ပတ်လည်တွင် မီးတုတ်များ ထိန်အောင်ထွန်းထားသည့် လူအုပ်ကြီး ဝိုင်းနေသည်ကိုတွေ့လိုက်ရပြီး မိုးစက်လန့်သွားသည်။
"အချိန်စက်ဝိုင်း ကူးပြောင်းလာပြီထင်တယ်.."
တင်တက်ရင်ကခေါင်းငြိမ့်လိုက်ကာ စည်းအပြင်ကိုထွက်လိုက်စဉ် လူနှစ်ယောက် ပြေးလာသည်ကိုတွေ့လိုက်ရသည်။
"အကိုကြီး..."
"မိုးစက်..."
မိုးစက်သည်တိုက်ဆိုင်လွန်းလှသည့်ကံတရားကြောင့် ရှိသမျှနတ်အားလုံးကို ကျေးဇူးတင်စွာဖြင့် အကိုနှင်းထန်ကိုပြေးဖက်လိုက်တော့သည်။
ထိုစဉ်မိမိတို့ရပ်နေခဲ့သည့်နေရာမှ အပြာရောင်အလင်းတချို့ စပြီးလင်းလာသဖြင့် တင်တက်ရင်က သတိပေးလိုက်သည်။
"မိုးစက်... မင်းတို့သွားတော့..."
မိုးစက်သည်အကိုနှင်းထန်၏လက်ကိုဆိုပ်ကိုင်ကာ သံလိုက်စက်ကွင်းထဲကို အမြန်ပြေးဝင်လာတော့သည်။
"ကမာရေ.. နောင်တော်သွားပြီ... ဘုရင်မ.. ကျွန်တော်သွားပြီ..."
"စစ်ဘုရင်ကြီး... ကျွန်တော်တို့ပြန်ပြီ..."
မိုးစက်နှင့်နှင်းထန်ကအလွမ်းသယ်နေသည့် တင်တက်ရင်နှင့်ကမာတို့ကို အော်ဟစ်နှုတ်ဆက်ကာ မွန်ဂိုဘုရင်မနှင့် မွန်ဂိုခေတ်ကိုထားရစ်ကာခေတ်သစ်ကို ပြန်လာခဲ့တော့သည်။
စနေထွဋ်ခေါင်သည်စက်ဝိုင်းထဲမှ မိုးစက်နှင့်တင်တက်ရင်တို့ ပျောက်သွားပြီးနောက် စိတ်ထဲမှကြောက်ရွံ့စိတ်ကိုမထိန်းနိုင်ဘဲ ဟိုသည်လျှောက်ကာ နာရီကိုပဲ ကြည့်နေမိသည်။
ငါးမိနစ်... ငါးမိနစ်အတွင်း သူတို့ ဒီစက်ဝိုင်းထဲပြန်မလာနိုင်ရင် မိုးစက်21ရာစုနှစ်ကို ပြန်လာနိုင်မည်မဟုတ်တော့ပေ။ တကယ်လို့ မိုးစက်ပြန်မလာနိုင်ရင် ငွေပုံပေးပြီးဒီလိုစက်မျိုးထပ်လုပ်ခိုင်းပြီး မိမိကိုယ်တိုင် မွန်ဂိုခေတ်ကိုသွားရှာရန် ဆုံးဖြတ်လိုက်စဉ်အပြာရောင်အလင်းက တောက်ပလာပြီး စက်ဝိုင်းထဲ မိမိမျှော်လင့်ထားသည့် လူသားနှစ်ဦး ပြန်ပေါ်လာတော့သည်။
စနေထွဋ်ခေါင်သည်လက်ချင်းတွဲထားသည့်လူသားနှစ်ဦးကို ပြုံးကြည့်ပြီး ကြည်နူးမျက်ရည်တစ်စက်က မြက်တောထဲသို့လွင့်ကျသွားတော့သည်။