အချိန်စက်ဝိုင်းတို့ လွဲပြောင်းချိန် - 6 (မုန်တိုင်းများ၏အရှင်သခင်နှင့် အချစ်စစ်)
တင်တက်ရင်သည် မိုးစက် ပူလောင်စွာနှင့် ဖုန်းဆက်ကာ အကြာကြီးစကားပြောနေသည်ကို စောင့်ကြည့်ပြီး အရေးကြီးတာဖြစ်နေပြီကို သိလိုက်သည်။
"မင်း ဘာပြဿနာပေါ်လို့လဲ မိုးစက်.. ငါ ဘာကူညီပေးရမလဲ"
တင်တက်ရင်သည် မိုးစက်ကို မေးလိုက်စဉ် ငိုင်တွေနေရာမှ မိုးစက် သတိဝင်လာသည်။
"ကျွန်တော့်ချစ်သူ ရုတ်တရက်ပျောက်သွားလို့။ မနေ့ညက ဖုန်းပြောအပြီး သူနဲ့ အဆက်သွယ်ပြတ်သွားတာ။ သူ့ကားကို လမ်းဘေးမှm ရပ်ထားတာတွေ့ပြီး လူကပျောက်သွားတယ်"
တင်တက်ရင်သည် မိုးစက်၏စကားကို သေချာစွာအာရုံစိုက်နားထောင်ပြီးမှ မေးခွန်းပြန်မေးလိုက်သည်။
"သူ အခြားကိုထွက်သွားစရာ စိတ်ညစ်စရာရှိလား။ မင်းမဟုတ်တဲ့ အခြားချစ်သူများ ရှိနေနိုင်လား"
"မဖြစ်နိုင်ဘူး.. အကိုနှင်းထန်က ကျွန်တော့်ကို အရမ်းချစ်တယ်။ အခြားတစ်ယောက် လုံးဝမရှိဘူးဆိုတာ သေချာတယ်။ အခြားစိတ်ညစ်စရာလည်း မရှိဘူးထင်တာပဲ"
မိုးစက်သည် တင်တက်ရင်၏အမေးကို ပြန်ဖြေရင်း စကားတို့သိမ်ဝင်သွားတော့သည်။ အကိုနှင်းထန် တကယ်ပဲ စိတ်ညစ်စရာ ရှိ၊မရှိ မိမိသေချာမသိခဲ့ပါ။ company ကကိစ္စကို များသောအားဖြင့် အကိုက မပြောပြတတ်သလို မိမိကလည်း သူ့အလုပ်ကို ဝင်စွက်ဖက်ရာကျမည်စိုး၍ မမေးဖြစ်တာများသည်။ ပြီးတော့ သူ့ဒယ်ဒီနှင့်သူ ပြဿနာများဆက်ဖြစ်သေးလားလည်း သေချာမသိပေ။ အကိုကြီးကိုပြုစုပေးရန် တောင်ကြီးနှင့် ရန်ကုန်ကို မိမိ ကူးသန်းနေတာ ၂ပတ်ကြာတော့ မိမိပင်ပန်းတာကို မကြည့်ရက်လို့ company ကအလုပ်ကို ဝသုန့်ကိုလွှဲခိုင်းပြီး မိမိကို တောင်ကြီးမှာနေခိုင်းတာ (၁)လရှိနေပြီ။
တင်တက်ရင်၏စကားကို နားထောင်ပြီးမှ အကို့ကို မိမိလျစ်လျူရှုနေမိသည်ကို သတိပြုမိလာသည်။ မိမိ၏စိတ်အာရုံက အကိုကြီးကျန်းမာရေး အမြန်ဆုံးပြန်ကောင်းလာဖို့သာ အာရုံစိုက်နေမိပြီး ကျန်းမာသည့်သူ့ကို လုံးလုံး ပစ်ပယ်ထားမိသည်။ အကိုကြီး မိမိကိုချစ်သည်ကို သူသိသည်။ မိမိနှင့်အကိုကြီးကြားက သံယောဇဉ်ကြိုး ဘယ်လောက်ခိုင်မာသည်ကို သူသိသည်။ အကိုကြီးနံဘေး အနီးကပ်နေကာ ပြုစုနေသည့်မိမိကို သူ ခွင့်ပြုပေးနေတာက မိမိ စိတ်ချမ်းသာစေချင်လို့ဆိုတာ မိုးစက် ပိုပိုမြင်လာခဲ့သည်။ မိမိက အကိုကြီးနား တလလုံးလုံးရှိနေစဉ် အကိုနှင်းထန် တယောက်တည်း အဆင်ပြေလိမ့်မည်ဟု မိမိထင်ခဲ့မိသည်။ အိမ်တွင် ချက်ပြုတ်ကျွေးမွေးမည့် ဒေါ်ပိုရှိသည်။ Company ရုံးချုပ်မှ အလုပ်လည်း ပြဿနာမရှိသဖြင့် အရာအားလုံး မိမိ သူ့အနားမရှိသည်ကလွဲလျှင် အားလုံးအဆင်ပြေသည်ဟု မိုးစက် တထစ်ချ မှတ်ယူထားမိသည်။
မိမိအနားမှာမရှိသည့် တလအတွင်း အကိုနှင်းထန် တကယ်အဆင်ပြေရဲ့လား။ ဒီမေးခွန်းကို ပြန်မေးရင်း မိုးစက် တွေဝေသွားတော့သည်။ မိမိက အကိုကြီးဘေးတွင် ပြန်ရောက်နေပြီး ပတ်ဝန်းကျင်အသစ်တွင် နေ့စဉ်လုပ်ဆောင်မှုအသစ်ကို တွေ့နေချိန် အကိုနှင်းထန်က ပတ်ဝန်းကျင် ဟောင်းတွင် ကျန်ရစ်ကာ မိမိမရှိသည့်ဘဝတွင် ကျင်လည်နေရသည်။ အကို့ရင်မှာ လစ်ဟာမှု မရှိနိုင်ဘူးလား။ မိုးစက် ထိုသို့တွေးရင်း ရင်ထဲမှ အားနာစိတ်ဖြင့် တင်းကျပ်လာခဲ့သည်။
"ဘာတဲ့လဲ မိုးစက်.."
စနေထွဋ်ခေါင်သည် မိုးစက် မျက်နှာမကောင်းသည်ကို တွေ့သော် မေးလိုက်သည်။ မိုးစက်သည် ပူပန်စိတ်ဖြင့် အကိုကြီးနားတွင် ဝင်ထိုင်ကာ မိမိသိသမျှ ပြောပြလိုက်သည်။
"မနေ့ညနေ ကျွန်တော်နဲ့ဖုန်းဆက်ပြီးချိန်လောက်ကတည်းက အကိုနှင်းထန်ပျောက်သွားတယ် အကိုကြီး။ အကို့ကားကို လမ်းဘေးမှာရပ်လျက်သား တွေ့ရပြီး အကို့အလုပ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်း ဘာမှမပျောက်ဘူး။ ကားက သော့တန်းလန်းနဲ့ပေမယ့် တံခါးအားလုံး အထဲကနေ လော့ခ်ချထားတယ်တဲ့။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ.."
စနေထွဋ်ခေါင်သည် မိုးစက်ပြောသည်ကို နားထောင်နေရင်း ဖြစ်နိုင်ချေများကို တိတ်ဆိတ်စွာစဉ်းစားနေသည်။ ပုံမှန်ဆိုလျှင် လူတယောက် ပျောက်သွားတာ တနေရာကို တိမ်းရှောင်သွားခြင်း၊ ပြန်ပေးဆွဲခံရခြင်း၊ အသတ်ခံရခြင်းကြောင့် ဖြစ်နိုင်သည်။ ယခု ဒေါက်တာနှင်းထန်၏ကားမှာ ကျန်ရစ်သည့်အရာတွေက ထိုအချက်များမဖြစ်နိုင်ပေ။ ထိုစဉ် တင်တက်ရင်က မိုးစက်ကို လှမ်းပြောလိုက်သည်။
"မနေ့က မင်းတို့ စကားပြောတဲ့အချိန် ဟိုမှာ မိုးရွာနေသေးလား"
"မသိဘူး။ အကို ဘာမှမပြောဘူး။ ဘာဖြစ်လို့လဲဗျာ"
"ငါတောင် မင်းတို့ခေတ်ကို ရောက်လာနိုင်ရင် မင်းရဲ့ချစ်သူက ငါတို့ခေတ်ကို ရောက်မသွားနိုင်ဘူးလား"
ထိုစကားကိုကြားသော် မိုးစက် ချက်ချင်း ဝသုန့်ထံ ဖုန်းဆက်မေးပြီးနောက် မယုံနိုင်လောက်စွာ အံ့အားသင့်သည့်အကြည့်ဖြင့် တင်တက်ရင်ကိုကြည့်ကာ ပြောလိုက်သည်။
"အကို့ကားရဲ့ ခပ်လှမ်းလှမ်းက သစ်ပင်ကို မိုးကြိုးပစ်ချထားတယ်တဲ့..."
"ဒါဆိုရင် မင်းချစ်သူ ငါတို့ခေတ်ကို ရောက်သွားတာဖြစ်နိုင်တယ်"
ထိုစကားကိုကြားသော် မိုးစက် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်မိတော့သည်။
"ဘယ်လိုဖြစ်နိုင်မလဲ။ ဒီလိုကိစ္စက တကယ်ကို ဖြစ်လာခဲ့တာလား။ ဒါဆို အကို့ကို ဘယ်လိုပြန်ခေါ်တော့မလဲ"
စနေထွဋ်ခေါင်လည်း အကျိုးအကြောင်းမေးပြီးနောက် လေးလေးနက်နက် စဉ်းစားကာ ပြောလိုက်သည်။
"သိပ္ပံဇာတ်ကားဆိုတာ စိတ်ကူးယဉ်သက်သက်ကြောင့် ရိုက်ပြတာမဟုတ်ဘူး။ ဒီလိုကိစ္စရပ်မျိုး မရှိဘူးလို့ ပြောလို့မရတော့ဘူး။ ဒီစစ်ဘုရင်ကြီးနဲ့ ဒေါက်တာနှင်းထန်တို့ သူ့နေရာသူပြန်ရောက်လာဖို့ ကိုယ်တို့ဘက်က အတတ်နိုင်ဆုံး ကြိုးစားဖို့ပဲ လိုတော့တယ်။"
စနေထွဋ်ခေါင်က ပြောလိုက်ပြီး မိမိ company ရုံးချုပ်ကို ဖုန်းလှမ်းဆက်ကာ လျှပ်စစ်သံလိုက်စက်ဝန်းနှင့် ပတ်သက်ပြီး ထင်ရှားကျော်ကြားသည့် ပညာရှင်များကို ဆက်သွယ်ကာ မြန်မာပြည်ကိုလာရန် ဖိတ်ကြားခိုင်းလိုက်တော့သည်။ မိုးစက်သည် အကိုကြီးကို ကျေးဇူးတင်စွာဖြင့် ထိုပညာရှင်များရောက်မည့်အချိန်ကို ရင်ပူစွာ စောင့်ဆိုင်းနေရတော့သည်။
နှင်းထန်သည် တင်မော်ရင်တို့၏ အိမ်တော်မှ ပြန်လာပြီးနောက် အနားယူရန် မိမိတို့အဆောင်ကို ပြန်လာခဲ့သည်။ ကမာက နှင်းထန် အရမ်းပင်ပန်း နေသည်ကို သိသောကြောင့် သေရည်တစ်ခွက်ငှဲ့ပေးကာ သောက်ပြီး အိပ်ခိုင်းလိုက်သည်။ ခေတ်သစ်မှလာသော ကိုနှင်းထန်သည် တနေကုန် မြင်းစီးလာရပြီး သေမလိုပင်ပန်းကာ သေရည်တခွက်သောက်ပြီးနောက် အိပ်မောကျသွားတော့သည်။ ကမာအတွက်က မြင်းစီးခြင်းက လေ့ကျင့်ခန်း သာသာဖြစ်သောကြောင့် အိပ်ချင်စိတ်မရှိသေးပေ။ အကိုကြီးကို ပူပန်သည့်စိတ်ဖြင့် အိပ်ယာထက်တွင်လှဲကာ ကိုနှင်းထန်ပြောသည့် ခေတ်သစ် တွင် ရောက်နေမည့် အကိုကြီးအကြောင်းကို တွေးနေမိသည်။ ခေတ်သစ်ဆိုလို့... ဘယ်လိုအရာများရှိသည်ကို မေးရန် တေးထားလိုက်ပြီး ညနက်မှ မှေးခနဲ ဖြစ်သွားတော့သည်။
-------------------------
အိပ်မက်ထဲတွင် ကမာ မောကြီးပမ်းကြီးဖြင့် အကိုကြီးကို လိုက်ရှာနေမိသည်။ တောတောင်အနှံ့ အကိုကြီးကို အောင်ဟစ်ခေါ်သော်လည်း မိမိအသံက ပဲ့တင်ထပ်နေသည်။ အကိုကြီးနှင့် မိမိ မခွဲမခွာနေလာခဲ့သည်မှာ နှစ်နှစ်တိတိရှိပြီဖြစ်လို့ မိမိတယောက်တည်းရှိနေသည့်အဖြစ်က ကမာ၏ရင်ကို နာကျင်လာစေသည်။ အကိုကြီးသာ မိမိထံ ပြန်မလာနိုင်ခဲ့လျှင်... ထိုအတွေးကြောင့် အိပ်မက်ထဲမှာ ကမာ မျက်ရည်ကျကာ နာကျင်စွာ ငိုရှိုက်မိသည်။
နှင်းထန်နိုးလာသောအခါ အရင်ဆုံး ဘေးကိုစမ်းလိုက်မိသည်။ ခါတိုင်းလို မိုးစက်ကို မစမ်းမိသဖြင့် ထိတ်ခနဲဖြစ်ကာ ထထိုင်လိုက်မိစဉ် ရှေးခေတ်အပြင်အဆင်များကြောင့် မိမိ အချိန်စက်ဝန်းကိုဖြတ်သန်းပြီး မွန်ဂိုပြည်ကို ရောက်ရှိနေကြောင်း သတိရသွားပြီး သက်ပြင်းရှိုက် လိုက်မိသည်။ 21 ရာစုကို ပြန်မသွားနိုင်ခဲ့လျှင် ဒီရာဇာဝင်ခေတ်မှာ မိမိ တသက်လုံး နေသွားရတော့မည်ကိုတွေးကာ နှင်းထန် စိတ်ညစ်သွားတော့သည်။
"ကိုယ်လက်သန့်စင်ဖို့ အဆင်သင့်ဖြစ်ပါပြီ ဧည့်သည်တော်ကြီး ခင်ဗျား.."
နန်းတွင်းအစေတော် လူငယ်လေး လာခေါ်သဖြင့် နှင်းထန် ကိုယ်လက်သန့်စင်ရန် ထလိုက်သည်။ ပန်းပေါင်းစုံဆီခတ်ထားသည့် ရေနွေးဖြင့် မျက်နှာသစ်၊ ကိုယ်လက် သုတ်သင်လိုက်သည်။ သွားတိုက်ရန် ဆားတောင်းပြီး တိုက်လိုက်သည်။ ထို့နောက် အသစ်ပြင်ဆင်ပေးထားသည့် ပိုးသားဝတ်စုံသစ်ကို ဝတ်ဆင်ကာ ထွက်လာခဲ့သည်။ ကမာက ဒီနန်းတော်အတွက် အရေးကြီးပုဂ္ဂိုလ်ဖြစ်ပုံရသည်။ အဝတ်အထည်အားလုံးက ပိုးထည်ဖြစ်ပြီး အသုံးအဆောင်များက တန်ဖိုးကြီးကာ လက်ရာမြောက်လှသည်။
"ညက အိပ်ရေးဝရဲ့လား နောင်တော်နှင်းထန်"
"ဟုတ်ကဲ့.. အိပ်ရေးဝပါတယ်"
ကမာသည် နောင်တော်နှင်းထန်ကို နှုတ်ဆက်ကာ အစားသောက်များချရန် အချက်ပြလိုက်သည်။ ထိုအခါမှ နန်းတွင်းသူများက အငွေ့တထောင်းထောင်း ဟင်းလျာများနှင့် စားစရာများ လာချပေးသည်။ ထိုစဉ် အဆောင်ထဲ ဟေဇယ်ဝင်လာပြီး စားပွဲတွင်ဝင်ထိုင်ကာ ပြောသည်။
"ကျွန်တော်လဲ အတူစားမယ်"
"အကိုလေးနဲ့ ညီလာခံ မလိုက်သွားဘူးလား"
"ကနေ့ ခွင့်တောင်းထားတယ်။ နောင်တော့်နားနေချင်လို့"
ဟေဇယ်က ပြုံးရယ်ကာပြောသည်။ ကမာသည် ညီတော်ကိုကြည့်ပြီး သတိပေးလိုက်သည်။
"မင်းက ရာထူးတခုယူထားပြီး အကိုလေးအလိုလိုက်တိုင်း အကျင့်ပျက်မနေနဲ့ဦး။ ကျန်အမတ်ကြီးတွေ လက်ညှိုးထိုးစရာဖြစ်မယ်"
"နောင်တော်ကလည်း.. မပူပါနဲ့.. ဟေဇယ်က နောင်တော်လာလို့ ခုမှ ညီလာခံပျက်ကွက်တာပါ.. နောင်တော့်ကို လွမ်းလွန်းလို့ပါဗျာ.."
"အေးပါကွာ.. ကဲ.. စား စား.. စကားမများနဲ့... နောင်တော်နှင်းထန် အားမနာတမ်း စားပါ။ ကျွန်တော့်ညီတော်က အမတ်သာဖြစ်နေတာ ကျွန်တော့်ကိုတွေ့ရင် ချွဲချင်တဲ့စိတ်က မကုန်သေးဘူး.."
ကမာက ဟေဇယ့်စကားကြောင့် လက်မြှောက်သွားပြီး နောင်တော်နှင်းထန်ကို လောကွတ်ပြုကာ ရှင်းပြလိုက်သည်။ ဟေဇယ်က ရယ်ပြီး ပြန်ပြောတော့ နှင်းထန်ပြုံးမိသည်။
"ဟေဇယ်က နောင်တော်တယောက်တည်းကိုပဲ ချွဲတာပါဗျာ.. နောင်တော်ကသာ မင်းကြီးနဲ့အတူရှိရင် ကိုယ့်ညီကို သတိတောင်မရဘူး.. ညီတော်က လာတွေ့ချင်တာတောင် အကိုလေးက သူ့နောင်တော် စိတ်ဆိုးမှာစိုးလို့ မလွှတ်ဘူး"
နှင်းထန်သည် ဟေဇယ့်ကိုကြည့်ပြီး သဘောကျစွာပြုံးနေရင်း မိုးစက်ကို သတိရသွားသည်။ မိုးစက်သာ မိမိနှင့်အတူ ဒီကိုရောက်လာလျှင် မည်မျှကောင်းလိုက်မည်နည်း။ ဒါဆို 21 ရာစုကိုပြန်ဖို့ မိမိလောနေမည်မဟုတ်ပေ။ ချစ်စရာကောင်းသည့် မင်းသားညီနောင်နှစ်ပါးနှင့်သာဆို မိုးစက်လည်း ဒီရာဇဝင်ခေတ်မှာ ပျင်းမည်မဟုတ်ပေ။ Company ကိစ္စ၊ စနေထွဋ်ခေါင်၏ကိစ္စ ပူစရာမလိုဘဲ မိမိနှင့်မိုးစက် နှစ်ဦးတည်းရှိမည့် လောကလေးအကြောင်းကို တွေးကာ နှင်းထန် သက်ပြင်းချမိသည်။
"နောင်တော်နှင်းထန်.. လွမ်းရမယ့်သူ ကျန်ခဲ့လို့လား.."
ဟေဇယ်က နှင်းထန်ကို မေးလိုက်စဉ် နှင်းထန် ပိုလို့လွမ်းဆွတ်လာမိသည်။ စားသောက်ရင်း နှင်းထန်လည်း ဟေဇယ် မေးသမျှကိုဖြေရင်း မိုးစက်အကြောင်းကို ပြောပြလိုက်မိတော့သည်။ မိုးစက်ကို မိမိဘယ်လိုတွေ့ပြီး ချစ်မိသွားသည်၊ အတူနေခွင့်ရရန် မည်မျှကြိုးစားခဲ့ရသည်၊ ပြီးတော့ မိုးစက်ကို မိမိ ဘယ်လောက်ချစ်သည်။ ဟေဇယ်သည် နောင်တော်နှင်းထန်၏မျက်နှာကို ငေးကြည့်ကာ ကိုယ်ချင်းစာမိသည်။ မိမိလည်း အကိုလေးနှင့် ခွဲရလျှင် ဒီလိုဖြစ်နေမှာ သေချာသည်။ ကမာသည် နောင်တော်နှင်းထန်တို့၏ အချစ်ဇာတ်လမ်းကို နားထောင်ပြီး မေးလိုက်သည်။
"နောင်တော်နှင်းထန်တို့လင်မယား ကလေး ဘယ်နှယောက်ရှိလဲ"
"အာ... ကျွန်တော်တို့ သားသမီးမရှိပါဘူး"
နှင်းထန်၏စကားကြောင့် ဟေဇယ် ထပ်မေးလိုက်သည်။ "သားသမီး မယူသေးတာလား နောင်တော်.."
နှင်းထန်က ရယ်ကာ ရှင်းပြလိုက်သည်။
"မိုးစက်က ယောက်ျားလေးပါ။ ကျွန်တော်ချစ်မိတဲ့သူက ယောက်ျားလေးတယောက်ပါ"
ဟေဇယ်နှင့်ကမာလည်း အံ့သြသွားမိသည်။ နောင်နှစ်ပေါင်းထောင်ချီသည့် အချိန်တွင်လည်း မိမိတို့လို ယောက်ျားလေးချင်း ချစ်သည့်သူများ ရှိသည်ကို သိလိုက်ရသည်။ ဟေဇယ်က တက်ကြွစွာဖြင့် မိမိသိလိုသည်ကို စုံအောင်မေးကာ စပ်စုနေတော့သည်။ ကမာသည်လည်း အကိုကြီး ရောက်ရှိသည့်ခေတ်အကြောင်းကို စိတ်ဝင်တစား နားထောင်နေမိတော့သည်။
ဟေဇယ်သည် နောင်တော်နှင်းထန်ဆီက ထူးဆန်းသည့် အကြောင်းရာကို နားထောင်ပြီးနောက် ခေတ်သစ်ကို သွားကြည့်ချင်စိတ်တို့ ပြင်းပြလာခဲ့သည်။ ပါရှားနန်းတော်ထဲတွင် မင်းကြီး၏ အချစ်တော်ဘဝတွင်နေထိုင်ရစဉ် မှော်စာပေဟု ခေါ်သည့် အကြောင်းရာများကို ဟေဇယ် စွဲလမ်းနှစ်ခြိုက်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း လေးထောင်လောက်က ပါရှားပြည်၏ တောင်ဘက်ရှိ ဖာရိုဘုရင်တို့၏ ကနဦး နတ်ဘုရားများ၊ ကောင်းကင်တခုလုံး ထွန်းလင်းသွားစေသည့် ယာဉ်ကြီးများဖြင့် ရောက်လာပြီး ဖာရိုဘုရင်များကို င်္သချိုင်းဂူတည်ဆောက်နည်းကို ပြသခဲ့သည့် အကြောင်းရာများ၊ လှပသည့် ဖာရိုဘုရင်၏ သမီးတော်ကို ချစ်ကြိုက်သည့်နတ်ဘုရားအကြောင်းများ၊ ပြီးတော့ တိုင်းပြည်တခုလုံး ရေအောက်ကို နှစ်မြှုပ်မသွားခင် တလောကလုံးကို လှည့်လည်သွားနိုင်သည့် စက်ယန္တရားများကို တည်ဆောက်နိုင်သည့် တိုင်းပြည်အကြောင်းကို ကွက်စိမ်ဆရာများ၏ ပါးစပ်ရာဇဝင်များမှလည်းကောင်း၊ ဘုရင့်စာကြည့်တိုက်မှ စာပေများမှ လည်းကောင်း ဖတ်ရှုဖူးသဖြင့် နောင်တော် နှင်းထန် ပြောသည့် အကြောင်းရာများကို နားလည်အောင်လုပ်ဖို့က ဟေဇယ်အတွက် မခက်ခဲပေ။ နောင်တော် ပြောပြသည့်အထဲတွင် လေပေါ်ပျံသန်းနိုင်သည့် ယာဉ်များ၊ မြင်းမပါသည့် စီးတော်ယဉ်များ၊ ဘယ်လောက်ဝေးနေပါစေ စာပို့ခိုမလိုပဲ ဆက်သွယ်နိုင်သည့် အရာများ၊ ပြီးတော့ လူနေသည့် အထပ်များစွာပါသည့် အဆောက်အဦးများ။
"ကျွန်တော့်အကိုကြီး... နောင်တော်တို့ ခေတ်သစ်မှာ အဆင်ပြေလောက်ပါတယ်နော်...နောင်တော်တို့ဆီက အမဲလိုက်ပြီး စားလို့လည်း ဖြစ်မယ်မထင်ဘူး။"
"အဆင်ပြေပါတယ်။ မင်းကြီးတင်တက်ရင်က နောင်တော့်ချစ်သူ မိုးစက်နဲ့အတူရှိနေတာ ဆိုတော့ သူ့အတွက် ပြန်လာဖို့ လမ်းကြောင်းကို ရှာပေးမှာ သေချာပါတယ်။"
နှင်းထန်က စိတ်ပူနေသည့် ကမာကို နှစ်သိမ့်လိုက်သည်။ မိမိပျောက်သွားသည်ကို မိုးစက်သိပြီးရဲစခန်း တိုင်မှာ သေချာသည်။ ဒါပေမယ့် မိမိက ရှေးရာဇဝင်ခေတ်ကို ရောက်လာသည်ကို မိုးစက်သိနိုင်ပါ့မလား။ သို့သော် တင်တက်ရင်နှင့်အ တူရှိသည်ဆိုတော့ မိမိပျောက်ကွယ်မသွားခင် မိုးကြိုးစက်ကွင်းကြောင့် ဖြစ်လာသည့် သံလိုက်စက်ကွင်းကြောင့်ဆိုတာ သိလျှင်တော့ မိမိပျောက်ကွယ်သွားသည့် အကြောင်းရင်းကို သိနိုင်ပေလိမ့်မည်။
"နောင်တော်နှင်းထန်နဲ့ မင်းကြီးတင်တက်ရင်တို့ ဒီလို ခေတ်ပြောင်းပြီးရောက်လာတာ ထူးဆန်းတယ်လို့ မထင်ဘူးလား။ တခုခု ဆက်နွယ်ချက်များရှိမယ် ထင်တယ်။"
ဟေဇယ်၏စကားကြောင့် ကမာနှင့် နှင်းထန် မတွေးမိသည့် အချက်ကို သတိထားလိုက်မိသည်။ တိုက်တိုက်ဆိုင်ဆိုင် မိမိကျမှ ရာဇဝင်ထဲကို အချိန်ခရီးသွားပြီးရောက်လာခဲ့သည်။ ပြီးတော့ တင်တက်ရင် ရောက်လာသည့်နေရာကလည်း တိုက်တိုက်ဆိုင်ဆိုင် မိုးစက်ရှိသည့်နေရာ ဖြစ်နေသည်။ မိမိတို့အတွဲနှင့် ကမာတို့အတွဲကြား တစုံတခု ပတ်သတ်မှုရှိမည်ထင်သည်။
ဒါ ဘယ်လို ပတ်သတ်ချက်များဖြစ်နိုင်မလဲ.......
(စာဖတ်သူတွေလည်း ဘယ်လိုထင်လဲဗျ။ အတော်ထူးခြားတယ်နော်။ စာဖတ်သူတို့လည်း အချိန်ခရီးသွားလို့ရရင် ဘယ်ခေတ်ကို သွားချင်သလဲ။ အပန်းမကြီးရင် ဖြေပေးသွားကြပါလား။ ဘယ်ခေတ်ကို သွားပြီး ဘယ်သူနဲ့တွေ့ချင်လဲ။ ဘာလုပ်ချင်လဲ... ကျွန်တော် သိချင်မိတယ်ဗျာ)
-------------------------------------------