
629 79 15
                                    



အချိန်စက်ဝိုင်းတို့ လွဲပြောင်းချိန် - 7 (မုန်တိုင်းများ၏အရှင်သခင်နှင့် အချစ်စစ်)

ကမာသည် နောင်တော်နှင်းထန်ဆီက ထူးခြားဆန်းပြားသည့် အကြောင်းရာကို နားထောင်ပြီး စိတ်မသက်မသာ ဖြစ်နေသည်။ အကိုကြီးက ခေတ်သစ်မှာ ဘယ်လောက်အနေထိုင် ကျဉ်းကျပ်လိုက်မလဲ။ ခေတ်သစ်အစားအစာကို အကိုကြီးခံတွင်းမတွေ့လျှင် အမဲလိုက်စားသောက်ဖို့ တောအုပ်လည်းရှိပါ့မလား။ နောင်တော်နှင်းထန်ပြောစကားအရ တောလည်းပြုန်း၊ သားကောင်လဲရှား၊ ပေါများလှသည့်ရေချိုပင် ရှားပါးနေသည့် ခေတ်ဆိုးကြီးတွင် အကိုကြီး နေနေရသည်ကိုတွေးကာ စိတ်မချမ်းမသာ ဖြစ်နေမိသည်။

နှင်းထန်သည် ဟေဇယ်မေးသမျှဖြေကြားရင်း ဒီကောင်လေးသာ ခေတ်သစ်ကိုရောက်လာလျှင် အမြန်ဆုံးနေသားကျမည်ကို တွေးမိသည်။ မိန်းကလေးရှုံးအောင် တင့်တယ်ခန့်ညားခြင်းနှင့် ချောမောလှပခြင်းတို့ ပေါင်းစပ်ထားသည့် ဟေဇယ်သာ ခေတ်သစ်မှာမွေးဖွားလာလျှင် မိမိ company အတွက် model ကောင်း၊ သရုပ်ဆောင်ကောင်းတယောက် ဖြစ်လာမှာသေချာသည်။

"နောင်တော့်ချစ်သူ မိုးစက်က ကံကောင်းလိုက်တာ.. ခေတ်သစ်မှာ နောင်တော့်လို အရမ်းချစ်တတ်တဲ့သူနဲ့ တွေ့ဆုံရတာ တကယ် ကံကောင်းတာပဲ"

ဟေဇယ်၏စကားကြောင့် ကမာ အတွေးစကိုသိမ်းရင်း ညီတော့်ကို မျက်မှောင်ကုတ်ကာ မေးလိုက်သည်။

"မင်းက ကံဆိုးနေလို့လား.. အကိုလေးက မင်းကို ဒီလောက်ချစ်ပြီး အလိုလိုက်နေတာ"

"ကံတော့မဆိုးဘူး.. ဒါပေမယ့် နောင်တော်ကမာလိုတော့ ကံမကောင်းဘူးလေ.. အကိုလေးမှာ မိသားစုရှိသေးတယ်လေဗျာ.. ပြီးတော့ တိုင်းပြည်ကလဲ သူ့ကိုပိုင်လို့ အားလုံးနဲ့ ကျွန်တော်က ခွဲဝေပိုင်ဆိုင်ရတာ"

ကမာသည် ဟေဇယ်ပြောသည့်ခံစားချက်ကို နားလည်သည်။ ယခင်တုန်းက အကိုကြီးကို မိမိ အများနှင့် ခွဲဝေပိုင်ဆိုင်ခဲ့ဖူးသည်။ ယခုမှသာ အကိုကြီးကြောင့် တဦးတည်းပိုင်ဖြစ်ပြီး တူနှစ်ကိုယ် အချစ်တိုင်းပြည်ကို ထူထောင်နိုင်ခြင်းဖြစ်သည်။

"အကိုလေးတို့ ညီလာခံပြီးလောက်ပြီ.. ပါရှားပြည်က ပညာရှင်တွေ ဘယ်ကိုရောက်ပြီလဲ သွားမေးရအောင်"

"သူတို့ နယ်စပ်ကိုကျော်ဖြတ်ကာစရှိသေးတယ် နောင်တော်။ ကျွန်တော်မေးခဲ့ပြီးပြီ။ လောလောဆယ် နောင်တော်နှင်းထန်ကိုလိုက်ပြပြီး နည်းနည်းလျှောက်သွားရအောင်။ ရွှေမြို့တော်ကြီး ဘယ်လောက်စည်ကားနေတယ်ဆိုတာ နောင်တော့်ကို ပြချင်လို့"

ကမာ မလိုက်ချင်သော်လည်း ထိုင်ပြီးစိတ်ညစ်နေတာ ဘာမှမထူးသည်ကို သိသောကြောင့် သုံးဦးသား နန်းတော်မှ ထွက်လာခဲ့သည်။ ရွှေမြို့တော်ထဲ သုံးယောက် လမ်းလျှောက်ပြီး လျှောက်ကြည့်ကြစဉ် ရွှေမြို့တော်သားများက ငေးမောကြည့်ကာ အရိုအသေပေးကြသည်။ ရွှေမြို့တော်၏ လမ်းမထက်တွင် လနှစ်စင်း တပြိုင်တည်း ထွန်းလင်းလာသည် မဟုတ်လော။ နှင်းထန်သည် ဟေဇယ်ရှင်းပြနေသဖြင့် ဗဟုသုတများစွာ ရခဲ့သည်။ အတော်ကြာလျှောက်သွားနေစဉ် နန်းတော်မှ အခေါ်တော်လွှတ်ခဲ့တော့သည်။

"ဘုရင်မကြီးက မင်းသားနှစ်ပါးနှင့် ဧည့်သည်တော်ကို အခေါ်တော်လွှတ်လိုက်ပါတယ်"

ချူးချူးသည် ကမာ၊ ဟေဇယ်နှင့် နှင်းထန်တို့ကိုတွေ့သော် အခြွေရံများကို နှင်ထုတ်လိုက်ပြီး ကမာကိုပြေးဖက်ကာ လွမ်းဆွတ်စွာပြောလိုက်သည်။

"အကိုလေးရယ်.. ချူးချူး အကိုလေးဆီက စာရကတည်းက အရမ်းစိတ်ပူနေတာ.. ခမည်းတော်ကို ဒီခေတ်ကိုပြန်ခေါ်ဖို့ ဘာမဆိုလုပ်ဖို့ ချူးချူး ဆုံးဖြတ်ထားပါတယ်"

ကမာသည် မွေးစားညီမလေး ချူးချူး၏စကားကြောင့် တင်းထားသည့်စိတ်တို့ ပျော်လာပြီး ပူပန်သည့်နှလုံးသားက မျက်ရည်အဖြစ် စိမ့်ထွက် လာခဲ့သည်။ ကမာက ချူးချူးရှေ့ မျက်ရည်မကျချင်သောကြောင့် လက်ဖမိုးနှင့် အသာတို့သုတ်ကာ ချူးချူးကို ဆို့နင့်စွာပြောလိုက်သည်။

"အကိုလေး ယုံပါတယ် ချူးချူး.. ချူးချူးကို ပစ်ထားခဲ့လို့ အကိုလေးကို စိတ်မငြိုငြင်တာကိုပဲ အကိုလေး ဝမ်းသာလှပါပြီ"

ချူးချူးသည် အကိုလေးကိုမော့ကြည့်ကာ နှုတ်ခမ်းစူပြီးပြောလိုက်သည်။

"အကိုလေးနဲ့ ခမည်းတော်ရဲ့ကျေးဇူးက ချူးချူးအပေါ် တောင်ကြီးလောက် ကြီးတာ ဘယ်လိုလုပ် စိတ်ငြိုငြင်ရဲမှာလဲ.. ဟေဇယ့်ကိုမေးကြည့်။ ချူးက အကိုလေးတို့ကို လွမ်းပြီး လာတွေ့ချင်နေပေမယ့် ခမည်းတော်ရဲ့ ဒေါသကိုလန့်လို့ မလာရတာ"

ဟေဇယ်လည်း ထောက်ခံသည်။

"ဟုတ်တယ် နောင်တော်ကမာ.. ချူးက မင်းကြီးကိုကြောက်လို့ ဟေဇယ့်ကိုခေါင်းဆောင်ပြီး လာတွေ့ခိုင်းနေတာ.."

"နင်လည်း လွမ်းတယ် လာလာငိုနေတာကိုး.."

ချူးချူးက ဟေဇယ့်ကို မျက်စောင်းထိုးကာ ပြန်ရန်ထောင်သည်။

နှင်းထန်သည် ငယ်ငယ်ရွယ်ရွယ်လေးနှင့် ဘုရင်မရာထူး ရထားသည့် ချူးချူးဆိုသည့် မိန်းကလေးကို ငေးကြည့်နေရင်း ကမာတို့ညီအကိုနှင့် အင်မတန်ရင်းနှီးသည့် ဆက်ဆံရေးရှိသည်ကို ရိပ်မိလိုက်သည်။ ဒါကြောင့် အခြွေရံများကို နှင်ထုတ်ပြီးမှ ကမာနှင့် ဖက်လှဲတကင်း ပွေ့ဖက်နေခြင်းဖြစ်မည်။

"မနေ့ညကတည်းက လာတွေ့ချင်တာ။ ဒါပေမယ့်.. အကိုလေး ကမာတို့ စိတ်ပန်း လူပန်းလာမယ်ဆိုပြီး မြိုသိပ်ထားရတာ.."

ကမာသည် ကြီးလေးသည့် တိုင်းပြည်တာဝန်ကို ထမ်းထားရသည့် ညီမလေးကို ကြင်နာစွာကြည့်ကာ အကိုကြီးနှင့် ပြောထားသည်ကို သတိရပြီး မေးလိုက်သည်။

"ချူးချူး.. အိမ်ထောင်ပြုဖို့ သင့်တော်တဲ့သူ တွေ့ထားပြီလား"

"ချူးချူးက အိမ်ထောင်မပြုတော့ဘူး အကိုလေး။ ချစ်ခြင်းမေတ္တာစစ်နဲ့ ချစ်နိုင်မယ့်သူပေါ်မှ လက်ထပ်ဖို့စိတ်ကူးထားတယ်"

ချူးချူးက ခိုင်မာစွာပြောလာသည်ကိုကြားသော် ကမာ ခေါင်းယမ်းကာ သတိပေးရသည်။

"ချူးချူးက ဘုရင်မလေ။ မင်းကြီးတေးဟာခန်ရဲ့ မျိုးဆက်ကို ဆက်ပြီးပြန့်ပွားရမယ်။ ဒီမွန်ဂိုပြည်ကြီးအတွက် ထီးမွေနန်းမွေခံကို မွေးရဦးမယ်။ ဒါကြောင့် ချစ်ခြင်းမေတ္တာနဲ့ချစ်မှ ဆိုတာထက် တိုင်းပြည်အတွက် အသင့်တော်ဆုံး အထောက်ပံ့ပေးမယ့်သူကို လက်ဆက်သင့်တယ်"

"အကိုလေး မတရားဘူး။ အကိုလေးကျတော့ ချစ်သူနဲ့ အတူနေခွင့်ရပြီး ချူးက အချစ်စစ်ကို တွေ့ခွင့်မရတော့ဘူးပေါ့.."

ချူးချူးက ကလေးဆိုးလို မျက်မှောင်ကြုတ်ကာ မိမိ၏မွေးစားအကိုကို ရန်လုပ်ဂျီကျတော့သည်။

"အကိုလေးတို့က သာမန်လူတွေလေ။ သာမန်လူတွေအတွက် ဘုရားက အချစ်စစ်ကို တွေ့ခွင့်ပေးထားပြီး ဘုန်းရှင်ကံရှင် တိုင်းပြည်သခင်တွေကို စည်းစိမ်အာဏာ အပြည့်ပေးထားတယ်လေ.."

ကမာက ချူးချူးကို စိတ်ရှည်စွာ နှစ်သိမ့်လိုက်သည်။ ဒီအချက်ကလည်း မိမိနှင့်အကိုကြီး အမြဲတမ်း ပူပန်နေသည့် အချက်ဖြစ်သည်။ တိုင်းပြည်၏ ပြည့်ရှင်မင်းကို မိမိကြောင့် နန်းစွန့်ပြီး တောထဲလာနေခိုင်းမိသည့်အတွက် ဒီတိုင်းပြည်နှင့်ချူးချူးအပေါ် အကြွေးတင်နေသလို ကမာ ခံစားရသည်။ အကိုလေးတင်မော်ရင်နှင့် ဟေဇယ်တို့ နံဘေးမှ ဘယ်လောက်ကူညီပံ့ပိုးပါစေ၊ မိန်းကလေးတယောက်အနေနှင့် ဘက်ပေါင်းစုံမှလာသည့်ဖိအားကို ရင်ဆိုင်တွန်းလှန်ဖို့က အင်မတန်ခက်ခဲလှသည်ကို နန်းတွင်းထဲ တေးဟာခန်မင်းကြီး၏ မိဖုရားအဖြစ် နေဖူးသည့်မိမိက အသိဆုံးဖြစ်သည်။

ဒါကြောင့် တောတောင်ထဲ အကိုကြီးနှင့် လွတ်လပ်ပျော်ရွှင်စွာနေရလေ ညီမငယ်ချူးချူးအပေါ် မတရားလုပ်မိရာကျလေဟု ခံစားနေရသည်။ ဒါကိုရိပ်မိသည့်အကိုကြီးက ဒီတခါနန်းမြို့တော်ကိုအလည်သွားလျှင် ချူးချူးအတွက် သင့်လျော်သည့်ကြင်ဖက်နှင့် လက်ထပ်ပေးမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ ဒါကို သတိရလို့ ကမာက အစပျိုးကာ ချူးချူးကိုပြောလိုက်သည်။ ဒါပေမယ့် ချူးချူးက နှုတ်ခမ်းစူကာ အတင်းငြင်းရင်း ဟေဇယ့်ကို လက်ညှိုးထိုးပြသည်။

"ဟေဇယ်လည်း ချစ်တဲ့သူနဲ့ အတူနေရတယ်။ အကိုလေးလည်း ချစ်တဲ့သူနဲ့ အတူနေရတယ်.. ချူးလည်း ချစ်သူနဲ့ အတူနေမယ်.."

"ထီးညွန့်နန်းလျာမွေးပြီးမှ ချစ်သူနဲ့အတူနေကွာ.. ချူးလေးက လိမ်မာတယ်"

ကမာ၏စကားကိုကြားသော် ချူးချူးက စိတ်ညစ်သည့်ကြားမှ ရုတ်တရက် ရယ်မောကာ မေးလိုက်သည်။

"အဲ့ဒါဆို ချူးက ယောက်ျားနှစ်ယောက် ယူရမလား။ ထီးညွန့်နန်းလျာမွေးဖို့ ယောက်ျားတယောက်၊ ပြီးရင် ကိုယ်ချစ်တဲ့သူက တယောက်.. ဘုရင်မကြီးက ကြင်ယာတော်နှစ်ယောက်ဆိုတော့....."

ချူးချူး၏စကားကြောင့် ကမာ မျက်နှာရှုံ့သွားတော့သည်။ ဘုရင်မဆိုတာ ဘုရင်တွေကို တုမရသည့်အချက်က ထိုအချက်ဖြစ်သည်။ ဘုရင်က မိဖုရားရာချီယူတာ ဘာမှမဖြစ်။ သူတို့က ကလေးမွေးရတာမှ မဟုတ်တာ။ ဘုရင်မက ကြင်ယာတော် ရာချီယူလျှင်... မပြောကောင်း မဆိုကောင်း... တညမှတောင် နားရမည်မဟုတ်။ တနှစ်ပတ်လုံး ကိုယ်ဝန်လည်း လွတ်မည်မဟုတ်ပေ။

"မဖြစ်ဘူး.. တော်တော့။ အကိုကြီးပြန်လာရင် ကြင်ယာတော်ရှာပေးဖို့ ပြောရမယ်"

ချူးချူးနှင့်ဟေဇယ်က မျက်နှာနီကာ လေသံပြတ်နှင့်ပြောလိုက်သည့် ကမာ၏စကားကိုကြားသော် မအောင့်နိုင်ဘဲ တခစ်ခစ်နှင့် ရယ်လိုက်မိ တော့သည်။

နှင်းထန်သည်လည်း ထိုမောင်နှမတဖွဲ့ စကားပြောသည်ကို နားထောင်ရင်း မိမိအခက်အခဲကို ခဏမေ့ကာ ပြုံးနေမိသည်။ အာဏာ၊ ထီးနန်းကို လုယက်ကာ သွေးချောင်းစီးသည်ကိုသာ ကြားဖူးသဖြင့် ယခုလို မေတ္တာထုံမွှန်းသည့် နန်းတွင်းမှ မောင်နှမမေတ္တာက နှင်းထန်ကို ဆွဲဆောင်နိုင်လွန်း လှသည်။ သူတို့ဘယ်လိုလုပ်ပြီးတော့များ ဒီလို ချစ်ခင်နှစ်လိုခြင်းကို ထိန်းထားနိုင်ပါလိမ့်....။

"တော်ပြီ။ ဒီအကြောင်း အကိုကြီး ပြန်လာရင် ချက်ချင်း အကောင်ထည်ဖော်ခိုင်းမယ်...ဒါပဲ..."

မိမိကို ရယ်သောကြောင့် ကမာက ညီနှင့်ညီမကို ခပ်တင်းတင်းကြည့်ကာ ပြောလိုက်သဖြင့် ချူးချူးက မျက်နှာပိုးသတ်ကာ အကိုလေး၏ လက်မောင်းကို ဖက်တွယ်ကာ ချော့လိုက်သည်။


"အကိုလေးကလည်း... ချူးက ငယ်သေးတယ်။ အိမ်ထောင်မပြုချင်သေးဘူး။ "


"မငယ်တော့ဘူး။ 18 ပြည့်ပြီးပြီ။"

ဟေဇယ်က ဘေးမှ အချွန်နှင့်မသဖြင့် ချူးချူး မျက်လုံးပြူးပြကာ အကိုလေးကို ဆက်ပြီး မျက်နှာချိုသွေးတော့သည်။


"အကိုလေးပြောတယ်မလား။ သာမန်လူဆိုရင် အချစ်စစ်ကိုရှာလို့ရတယ်ဆိုတာလေ။ ချူးက သာမန်လူလိုပဲနေချင်တာ...."

"မရဘူး။ ချူးက မင်းကြီး တေးဟာခန်ရဲ့ ခန်မင်းဆက်က နောက်ဆုံးမင်းသမီးတစ်ပါး။ ဘယ်နည်းနဲ့ဖြစ်ဖြစ် ခန်မင်းဆက်ရဲ့ဆက်ခံသူကို မွေးရမယ်။"


"ချူးက အရီးတော်ရဲ့ သားတော်လေး ချူးရဲ့မောင်လေးကို အိမ်ရှေ့မင်းအရာပေးထားပြီ။ အရီးတော်လည်း ခန်းမင်းဆက်သွေးပဲ။ မောင်လေးက ထီးနန်းကို ဆက်ခံမယ်ဆိုတော့ ချူး အလောတကြီး အိမ်ထောင်ပြုဖို့ မလိုတော့ဘူး။ "

ကမာသည် ချူးချူး၏ စကားကြောင့် သက်ပြင်းရှိုက်လိုက်သည်။ ဒီကလေးမ ဘယ်လိုဖြစ်ပြီး မင်းဆက်နေရာကို မမက်မောရတာပါလိမ့််ဟု တွေးကာ ချူးချူး၏ ဆံပင်ကို အသာသပ်ပေးကာ ပြောလိုက်သည်။


"အကိုကြီး ပြန်လာတော့မှ ဒီအကြောင်း ဆက်ပြီးဆွေးနွေးကြတာပါ့... "

ချူးချူးသည် အကိုလေး၏ လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။

"အကိုလေး...ချူးနားမှာ အေးဆေးနေပေးပါဦး။ ချူးက အကိုလေးကို မတွေ့ရတာ နှစ်နှစ်တောင်ရှိပြီ။ အကိုလေး တွေ့ချင်တဲ့ ပါရှားက ပညာရှင်တွေက ညနေမှ ရောက်မှာဆိုတော့... အေးဆေး နားပါဦး"

ကမာ သက်ပြင်းရှိုက်ကာ ခေါင်းငြိမ့်လိုက်သည်။ နှင်းထန်သည်လည်း ကမာနှင့်အပြိုင်သက်ပြင်းမောကို ရှိုက်မိသည်။ ကမာ၏ မျက်ဝန်းထဲမှ ပူပန်ရိပ်ကိုကြည့်ပြီး မိမိလည်း မိုးစက်နှင့် မတွေ့ရလျှင် ဆိုသည့် အတွေးဖြင့် ရင်တွေပူလာပြန်သည်။

------------------------------

စနေထွဋ်ခေါင်သည် မိုးစက်၏ လက်ကို ဆုပ်ကိုင်လိုက်စဉ် ရေခဲလို အေးစက်နေသည်ကို စမ်းမိတော့ မိုးစက် ဘယ်လောက်စိတ်ပူနေသည်ကို သိလိုက်သည်။ ချစ်သော ညီလေး... သူ့ချစ်သူကို ဘယ်လောက်ပူပန်နေသည်ကို အတူနေသည့် အကိုကြီးက မသိပဲနေမလား။ ရင်ထဲ မီးတောက်နေသလို ပူနေမည့် ညီလေး၏ လက်ကိုဆွဲယူကာ မိမိလက်ထဲ ဆုပ်ကိုင်ကာ အာငွေ့ပေးရင်းပြောလိုက်သည်။

"မင်းနဲ့ ကိုနှင်းထန်က အခက်ခဲ အများကြီးကို ကျော်လွှားလာခဲ့ပြီးပြီ။ ဘယ်အရာမှ မင်းနဲ့ ကိုနှင်းထန်ကို မခွဲနိုင်ဘူးဆိုတာ စိတ်ထဲ မြဲမြဲမှတ်ထား။"

မိုးစက်သည် အကို့ကိုပြစ်ထားမိသည့် နောင်တတရားဖြင့် နစ်မွန်းနေရာမှ အကိုကြီး၏ စကားကြောင့် တဖြည်းဖြည်း အသိပြန်ဝင်လာခဲ့သည်။ ပူနွေးလာသည့် လက်တစုံနှင့်အတူ နှလုံးသားထဲ အေးစက်နေသည်တို့လည်း အားအင်ပြန်ပြည့်လာခဲ့သည်။ အကိုကြီး၏ ခိုင်မာသည့် လေသံက မိုးစက်ကို အားဆေးတိုက်လိုက်သလို တက်ကြွလာစေသည်။

တင်တက်ရင်သည် ပူပန်နေသည့် ကောင်လေးကို အားပေးနေသည့် လူကိုငေးကြည့်ကာ ထိုသူ၏ အချစ်ကို မြင်သည်။ ထိုကောင်လေး စိတ်မချမ်းမသာဖြစ်နေသည်ကိုကြည့်ပြီး သူက ပိုလို့ စိတ်မချမ်းမသာဖြစ်နေသည်ကိုလည်း မြင်သည်။ မိမိချစ်သည့် ကောင်လေး အခြားလူအတွက် ပူပန်နေသည်ကို ကြည့်ပြီး ဘာမှမလုပ်ပေးနိုင်ပဲ ဘေးမှ ကြည့်နေရသည့် လူတယောက်၏ စိတ်ဆင်းရဲခြင်း။ တင်တက်ရင်သည် ထိုမြင်ကွင်းကို ကြည့်ပြီး ရင်နာလာသဖြင့် မျက်နှာလွှဲလိုက်သည်။


"မင်းရန်ကုန် လိုက်သွားချင်သေးလား မိုးစက်... သွားပြီး အကျိုးကြောင်းမေးလိုက်ဦး..."


"ဟင့်အင်း မသွားတော့ဘူး အကိုကြီး။ ဟိုပညာရှင်တွေ ဒီကိုလာရင်လွဲမှာစိုးလို့...."


"ရတယ် ရန်ကုန်ကို လိုက်လာခိုင်းလိုက်မယ်... ဦးမင်းထန်က ဒေါက်တာပျောက်သွားတာတောင် မင်းပြန်ဆင်းမလာရင် ဘယ်လိုထင်မလဲ။ ပြီးတော့ ပညာရှင်တွေလာရင် ပျောက်သွားတဲ့နေရာကို ကြည့်ပြီး ဖြစ်နိုင်ချေကို ဆွေးနွေးမှာပဲ..."

အကိုကြီး၏ စကားကြောင့် မိုးစက် အင်တင်တင်ဖြင့် မေးလိုက်သည်။


"အကိုကြီးတယောက်တည်းဖြစ်နေမှာပေါ့... "


"ကိုယ်လည်း ရန်ကုန်ကို လိုက်ခဲ့မယ်။ အတုလနဲ့ အတူနေမယ်... ပညာရှင်တွေပြောတာကို ကိုယ်ကိုယ်တိုင် နားထောင်ချင်တယ်"

အကိုကြီး၏စကားကြောင့် မိုးစက် ပျော်သွားသည်။ အကိုကြီးသာ အနားရှိလျှင် အားလုံးအဆင်ပြောသွားမည်ဟု မိုးစက် ယုံကြည်သည်။

"အကိုကြီးနဲ့ အတုလက လေယာဉ်နဲ့သွားပါ။ ကျွန်တော်နဲ့ စစ်ဘုရင်ကြီးက ကားနဲ့ဆင်းခဲ့မယ်။ သူ့မှာ မှတ်ပုံတင်ကော၊ အခြားစာရွက်စာတမ်းကော မရှိဘူးဆိုတော့..."

စနေထွဋ်ခေါင်က တင်တက်ရင်အတွက် လိုအပ်သည့် စာရွက်စာတမ်းများကို ဖန်တီးပေးပြီးမှ ရန်ကုန်ဆင်းလာရန် စီစဉ်ပေးသည်။ စနေထွဋ်ခေါင်လို အင်အားကြီးသူအတွက် ဒီလို စာရွက်စာတမ်းကို စီစဉ်ခိုင်းတာ အသေးဖွဲတခုမျှသာဖြစ်သည်။ တရက်ကြာသည်နှင့် တင်တက်ရင်အတွက် စာရွက်စာတမ်းအားလုံးရခဲ့လေပြီ။ မြန်မာနိုင်ငံမှာ အလုပ်လာလုပ်သည့် တရုတ်မှ ပညာရှင်အနေဖြင့် သက်သေခံစာရွက်စာတမ်းများကို သိမ်းပြီး မိုးစက်နှင့် တင်တက်ရင်က ကားဖြင့် ရန်ကုန်ကို ဆင်းလာခဲ့သည်။

တင်တက်ရင်သည် မိုးစက်နှင့် အတူခရီးထွက်လာရင်း သိချင်သည်ကို မေးခဲ့သည်။


"မိုးစက်... မင်းကို အရမ်းချစ်တဲ့သူကို ထားပြီး အခြားလူကို မင်းဘာကြောင့်ရွေးရတာလဲ...."


"ကျွန်တော့်ချစ်သူကို ပိုချစ်လို့ပေါ့ဗျာ...."


"အခု စနေထွဋ်ခေါင်လောက် မင်းချစ်သူက မင်းကို ချစ်နိုင်ပါ့မလား...."

မိုးစက်သည် တင်တက်ရင်ကို ငေးကြည့်ကာ မိမိတမျက်နှာမှ လွှဲပြီး မည်သူ့ကိုမှ မကြည့်သည့် အကိုနှင်းထန်အကြောင်းကို ထိုလူကြီးကို ပြောပြလိုက်မိသည်။ အကို့အကြောင်းကို ပြောရင်း ရင်ထဲမှာ လွမ်းဆွေးမှု နည်းနည်းသက်သာသဖြင့် အကိုနှင့်ပတ်သတ်ပြီး ရင်ထဲ မှတ်သားမိသည်များကို အိတ်သွန်ဖာမှောက်ပြောပြနေမိသည်။

ကားလေးက ရန်ကုန်ဆီကို တရိပ်ရိပ်ခရီးဆက်လာသလို မိုးစက်၏ စိတ်အစဉ်က အတိတ်ကို တရိပ်ရိပ် ခရီးနှင်နေတော့သည်။

------------------------------------------------------



အချိန်စက်ဝိုင်းတို့ လွဲပြောင်းချိန်Nơi câu chuyện tồn tại. Hãy khám phá bây giờ