အချိန်စက်ဝိုင်းတို့ လွဲပြောင်းချိန် - 9(မုန်တိုင်းများ၏အရှင်သခင်နှင့် အချစ်စစ်)
ဟေဇယ်သည်နောင်တော်နှင်းထန်ဆီက ခေတ်သစ်အကြောင်းကို ကြားပြီးကတည်းက စိတ်အာရုံမှာစွဲငြိကာ ဘယ်လိုမှမေ့ဖျောက်မရအောင် ဖြစ်နေသည်။ တနေကုန် နောင်တော့်နား ကပ်နေချင်သော်လည်း မိမိ၏လင်တော်မောင်တင်မော်ရင် လိုက်ခေါ်သဖြင့် အိမ်တော်ကို လိုက်ပါ လာခဲ့သည်။ တလမ်းလုံး အကိုလေးတင်မော်ရင်ကိုမိမိကြားသိခဲ့သည်ကို တက်ကြွစွာ ပြောဆိုလာခဲ့သည်။ တင်မော်ရင်သည် အရမ်းကို စိတ်ပါလက်ပါတက်တက်ကြွကြွ ပြောနေသည့် ဟေဇယ့်ပုံစံလေးကိုကြည့်ကာ မိမိနှင့် အတူနေလာသည့် နှစ်နှစ်တာကာလအတွင်းပျောက်ဆုံး သွားသည့် ငယ်ရွယ်တက်ကြွမှုကို ပြန်တွေ့ရသဖြင့် ဝမ်းသာနေမိသည်။ ကမာနှင့်နောင်တော်နန်းတော်ထဲက ထွက်ခွာသွားပြီးနောက် ဟေဇယ်က မိမိ၏ကြင်ယာတော်အဖြစ် မွန်ဂိုနန်းတော်မှာကျန်ရစ်ခဲ့သည်။
ဖိန်းဖိန်းကလဲ ဟေဇယ့်ကို မောင်လေးလိုဆက်ဆံကာ မိမိတို့ချစ်ခြင်းကိုနားလည်မှု ပေးသဖြင့် မိမိအတွက် သာယာအေးချမ်းသော အိမ်ထောင် တခုကို ပိုင်ဆိုင်ခဲ့သည်။ဖိန်းဖိန်းက သားတော်လေးမွေးပေးထားသဖြင့် မိမိ၏ မျိုးရိုးဆက်ခံဖို့ကို ပူစရာမလိုတော့ပေ။ဟေဇယ်နှင့်မိမိ၏ ချစ်ခရီးကို ဖိန်းဖိန်းကိုယ်တိုင်က လက်ခံသဖြင့် နန်းတော်ထဲမှာ ဆန့်ကျင်သူမရှိဘဲဟေဇယ့်ကို ထိုက်သင့်သည့်ရာထူးတခု ပေးထားနိုင်ခဲ့သည်။ ဟေဇယ့် အတွက် အေးချမ်းသောမိသားစုအပြင်ရာထူးနှင့် မိမိအချစ်ကိုပေးကာ အကောင်းဆုံးထားခဲ့သည်။ ဟေဇယ့်ကို မိမိချစ်သည်။ မြတ်နိုးသည်။ပြီးတော့ သနားသည်။ ဒါကြောင့် အကောင်းဆုံးဆိုတာတွေကို ပေးခဲ့သည်။ ဟေဇယ်လည်း မိမိ၏ကြင်ယာတော်ဆိုပြီးအလုပ်လက်မဲ့ ဂုဏ်မငယ်ရဘဲ နန်းတော်ထဲမှာ ဂုဏ်ယူဝံ့ကြွားနိုင်ခဲ့သည်။ ဒါပေမယ့်... တဖြည်းဖြည်းနှင့်ဟေဇယ် တိတ်ဆိတ်လာခဲ့သည်။
ပထမတည်ငြိမ်ရင့်ကျက်လာသည်ဟု မှတ်ယူခဲ့သော်လည်း ဟေဇယ်၏အမူအရာက တဖြည်းဖြည်း ငြီးငွေ့ရိပ်သန်းလာခဲ့သည်။တာဝန်ကို ထမ်းဆောင်သည့်အချိန်ကလွဲလျှင် အသစ်အဆန်းဘာမှမရှိ တည်ငြိမ်လှသည့် အိမ်တော်ကြီးထဲတွင်ဟေဇယ် ငြိမ်သက်လွန်းခဲ့သည်။ ဒါကြောင့် တင်မော်ရင်က အခွင့်အရေးရလျှင် ရသလို နယ်ထွက်ရသည့်ခရီးများတွင်ဟေဇယ့်ကိုခေါ်သွားပြီး နယ်ပယ်သစ်မှ အတွေ့ကြုံသစ်ကို ပေးခဲ့သည်။ ထိုအချိန်များတွင် ဟေဇယ်ကတက်ကြွလာပြီး ပြုံးရွှင်လာခဲ့သည်။ ဒီအချက်ကိုကြည့်ပြီး ဟေဇယ်က လှုပ်ရှားသွားလာပြီး အတွေ့ကြုံသစ်ကိုစူးစမ်းရှာဖွေတာ ဝါသနာကြီးကြောင်း မိမိသိခဲ့သည်။ တခါက ဟေဇယ် ဂိုလျောပြည် သံတမန်ခရီးတခုကိုသွားချင်ကြောင်း ပြောခဲ့ဖူးသည်။ မိမိက အရေးကြီးကိစ္စရှိသောကြောင့် နန်းတော်မှ ခွာမရသဖြင့်ဟေဇယ်က သူ ဦးဆောင်သွားချင်သည်ဟု ပူဆာသည်။ တင်မော်ရင်သည် ဟေဇယ့်ဆန္ဒကို လိုက်လျောချင်ပေမယ့်တလကြာမည့်ခရီးဖြစ်သောကြောင့် ခေါင်းခါခဲ့ရသည်။ ဟေဇယ်က ဘာမှမပြောဘဲ လှည့်ထွက်သွားသဖြင့်တင်မော်ရင် မနည်းလိုက်ချော့ခဲ့ရသည်။
ဟေဇယ်ကဘာမှမပြောသော်လည်း ကြင်ယာတော်ဆိုသည့် သူ့အခြေအနေကို သတိရသွားဟန်ဖြင့် စိတ်မကောင်းဖြစ်သွားသည်ကိုတင်မော်ရင် ရိပ်မိကာ စိတ်မကောင်းဖြစ်မိသည်။ သို့သော် မတတ်နိုင်ပါ။ ဟေဇယ်က တကယ်လည်းမိမိရဲ့ ကြင်ယာတော်ဖြစ်သည်။ တလလုံးလုံး ဟေဇယ့်ကို မိမိ မခွဲနိုင်ပါ။ ဟေဇယ့်ကိုချစ်သည့်အပြင်သူ့အထိအတွေ့ကိုလဲ မိမိ စွဲနေပြီဖြစ်သည်။ ယခု တက်ကြွစွာပြောပြနေသည့် ဟေဇယ့်ကိုကြည့်ပြီးတင်မော်ရင် ရှုမဝအောင်ဖြစ်နေသည်။
"နှစ်ယောက်သားဘာတွေစကားကောင်းနေတာပါလိမ့်.."
ဖိန်းဖိန်းကခါတိုင်းနှင့်မတူ အသံတစာစာနှင့် တစုံတခုကိုပြောဆိုရင်း ဝင်လာပြီး ဟေဇယ့်ကိုပြုံးကြည့်ကာမေးလိုက်သည်။ ဒီကောင်လေး ပြုံးပျော်နေလို့ မိမိလင်တော်မောင် ကျေနပ်နေသည်ကိုလည်း သိသည်။ဒါကြောင့် အပြုံးနှင့် လှမ်းမေးလိုက်သည်။ ဟေဇယ့်ကို မယားပြိုင် ဆိုတာထက် မိမိလင်တော်မောင်၏ချစ်လှစွာသော ညီလေးအနေဖြင့် အတတ်နိုင်ဆုံး လက်ခံလာခဲ့ရာ နည်းနည်းတော့ ကျင့်သားရ လာခဲ့ပြီဖြစ်သည်။
"နောင်တော်နှင်းထန်ဆီကသိလာတဲ့ ခေတ်သစ်ကလူတွေ တယောက်ကိုတယောက် ဆက်သွယ်ပုံကို အကိုလေးကို ရှင်းပြနေတာ အစ်မတော်..အရမ်းအံ့ဩဖို့ကောင်းတာပဲသိလား"
ဟေဇယ်ကမိမိကို ကုတ်တက်နေသည့် အကိုလေး၏သားတော်လေးကို ဆက်ခနဲပွေ့ချီကာ ပုခုံးပေါ်ထမ်းပြီး ပြောလိုက်သည်။သားတော်လေးက ဟေဇယ့်ပုခုံးပေါ်မှ တခစ်ခစ်ရယ်နေသဖြင့် ဟေဇယ်က ကလေးကိုထမ်းကာ ဟိုဟိုသည်သည်ပြေးလိုက်သည်။ ဖိန်းဖိန်းက သားလေးနှင့် ဟေဇယ့်ကိုကြည့်ကာ ကြည်ရွှင်နေသော လင်တော်မောင်ကိုလှမ်းကြည့်ကာပြောလိုက်သည်။
"သားတော်လေးကိုချူးချူးက အိမ်ရှေ့စံအဖြစ် တင်မြှောက်မလို့တဲ့.. မောင်တော်ဘုရား.."
တင်မော်ရင်သည်အသည်းတုံးနှစ်ဦးဆီက မျက်နှာလွှဲကာ မိဖုရားကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ဘယ်ဖြစ်မလဲ..ချူးချူးမွေးလာတဲ့ ကလေးကပဲ အိမ်ရှေ့စံ ဖြစ်သင့်တယ်မလား"
"ဖိန်းလည်းဒီလိုပြောတယ်။ ဒါပေမယ့် ချူးက သူတကယ်ချစ်ရတဲ့သူတွေ့မှ လက်ထပ်မယ်ချည်းပြောနေတာ။ ကြည့်ရတာအခု လက်ထပ်ဖို့ သူ့ကိုဝိုင်းပြီးဖိအားပေးတာကို ရှောင်ချင်လို့ထင်ပါရဲ့"
တင်မော်ရင်ကမျက်မှောင်ကြုံ့ကာ လေးလေးနက်နက် စဉ်းစားနေသည်။
"သူတကယ်ချစ်တဲ့သူကိုလက်ထပ်မယ်တဲ့လား.. ဘုရင်မတပါးက သင့်တော်သူကိုပဲ လက်ထပ်ရမယ်လေ.. ဖိန်းလည်း နားချပါဦး"
တင်မော်ရင်သက်ပြင်းရှိုက်ကာ ဖိန်းဖိန်းကို ပြောလိုက်သည်။ မိမိထင်သည့်အချက်က ပိုခိုင်မာလာသဖြင့်ရင်ထဲ လေးလာခဲ့သည်။ ချူးချူး ရင်ထဲကချစ်သူ ဘယ်သူဆိုတာ မိမိ သိသလိုလိုပင်။ ဒါပေမယ့်.....ဘယ်လိုမှ မဖြစ်နိုင်သည်ကို သူမ သိလျက်နှင့် ခေါင်းမာနေသည်။ ချူးချူး ဘယ်လောက်ချစ်ပါစေ၊ကမာက ချူးချူးကို ညီမလေးကဲ့သို့သာ သဘောထားသည်ကို မိမိအသိဆုံးဖြစ်သည်။ အခု နောင်တော်တင်တက်ရင်ပျောက်ဆုံးသွားခြင်းက ချူးချူး၏မျှော်လင့်ချက်ကို တဖန် မြင့်တက်လာစေပုံရသည်။
"ကိုယ်ချစ်ထက်သူချစ်ကိုရှာတာ ပိုစိတ်ချမ်းသာရမှာပါ ချူးချူးရာ.."
တင်မော်ရင်သည် ဟေဇယ့်ကိုငေးကြည့်ကာ ရင်ထဲမှ တီးတိုးညည်းလိုက်သည်။မိမိကို ဖိန်းဖိန်း အရမ်းချစ်သောကြောင့် လက်ရှိ မိမိချစ်သော ဟေဇယ်နှင့် ပျော်ပျော်နေရသည်ကိုတင်မော်ရင်သိသည်။ ဒါကြောင့် ဖိန်းဖိန်း၏ပုခုံးလေးကို အသာဖက်ကာ နဖူးကို နမ်းလိုက်မိသည်။ဖိန်းဖိန်းသည် တူမတော်ဘုရင်မအကြောင်း တွေးနေစဉ် ရုတ်တရက် ခင်ပွန်းဖြစ်သူက နဖူးကို ဖျတ်ခနဲနမ်းလိုက်သဖြင့်အံ့အားသင့်ကာ ဝမ်းသာသွားခဲ့သည်။
"မောင်မောင်ကလည်း..အခြွေအရံတွေရှိနေတာကို"
"ကိုယ့်မိဖုရားကိုယ်နမ်းတာဘယ်သူ့ဂရုစိုက်ရမှာလဲကွာ.."
ဟေဇယ်ကသားတော်လေးကို မြှောက်ချီဝှေ့ယမ်းကာ ကစားရင်း အကိုလေးက မိဖုရား၏နဖူးကို နမ်းလိုက်တာတွေ့လိုက်သော်လည်းဘယ်လိုမှ မနေဘဲ ရယ်နေမိသည်။ တော်သေးသည်၊ မိမိကြောင့် သူတို့မိသားစု စိတ်ဆင်းရဲမှုမရှိဘဲပျော်ပျော်ရွှင်ရွှင်ရှိနေကြသည်။ ဟေဇယ်သည် အကိုလေး ၏ အချစ်ကြောင့် အေးချမ်းသည့်ဘဝကိုပိုင်ဆိုင်ရသော်လည်း မိမိဝါသနာနှင့် အမူကျင့်နှင့်ဆန့်ကျင်သည့် ငြိမ်သက်သည့် ဘဝကြီးကြောင့် စိတ်ရောကိုယ်ပါ တနေ့တခြား သွေ့ခြောက်လာခဲ့ရသည်။ နောင်တော့်ကိုလည်း လွမ်းသည်။နှင်းမြို့တော်သားရယ်လို့ ညီအစ်ကို နှစ်ယောက်တည်း ရှိတာ၊ နောင်တော်က မင်းကြီးနှင့်အတူတောင်ပေါ်သွားနေတော့ မိမိတယောက်တည်း နှင်းမြို့တော်သား အခြွေရံတစုနှင့် မွန်ဂိုနန်းတော်ကြီးထဲငြီးငွေ့စွာ ကျန်ရစ်ခဲ့ရသည်။ ယခုတော့ ချစ်သောနောင်တော့်ကို ပြန်တွေ့ရသည့်အပြင် မထင်မှတ်ထားသောခေတ်သစ်မှ ဧည့်သည်တော်ကြောင့် ဟေဇယ်၏စိတ်တို့ အရမ်းကို လန်းဆန်းတက်ကြွကာ ကလေးနှင့်ဆော့ကစားနေမိသည်။
"နောင်တော်နှင်းထန်နဲ့ခေတ်သစ်ကိုလိုက်သွားရရင် ဘယ်လောက်ကောင်းမလဲ.."
ဟေဇယ်၏ရင်ထဲမှတိတ်တခိုးစကားကို မည်သူမှမသိအောင် မြိုသိပ်ထားလိုက်တော့သည်။
တင်မော်ရင်ထင်ထားသလိုပင်။ ကမာနန်းတော်ကို ပြန်ရောက်လာပြီးနောက် ချူးချူး၏ ဖိနှိပ်ဖုံးကွယ်ထားသည့်ခံစားချက်များ ပြန်ကြွတက် လာတော့သည်။ ငယ်နုစဉ်အချိန်က မိမိကို ကယ်တင်ကျွေးမွေးခဲ့သည့်ကျေးဇူးရှင်အကိုလေး၏ အကြင်နာများကို လက်တွေ့ခံစားဖူးသူဖြစ်လို့ မိမိနှလုံးသားမှာ အခြားမည်သည့်အမျိုးသားကိုမှလက်မခံနိုင်တော့ပါ။ မိမိ၏မယ်တော်ကို သေစေသည့်သူ၊ ခမည်းတော်လည်း အကိုလေးကြောင့် ထီးနန်းဆုံးရှုံးကာအသက်ဆုံးရသည်ဆိုသည့် သွေးထိုးစကားကြောင့် တခဏတာ အမိုက်မှောင် ဖုံးသွားခဲ့ဖူးသော်လည်းဘယ်သောအခါမှ မပြောင်းလဲသော အကိုလေး၏ အချစ်နှင့်သံယောဇဉ်ကြောင့် ချူးချူး၏နှလုံးသားရင်ခွင်မှာစာတင်မိသည့်အချစ်များ ပြန်လည်ပေါ်ထွန်း လာတော့သည်။
ဒါပေမယ့်မိမိလိုပဲ အကိုလေးက သူ့ရဲ့မွေးစားအကိုကြီး တင်တက်ရင်ကလွဲပြီး မည်သူ့ကိုမှ မျက်စိထဲမထည့်သောအခါ....မင်းကြီးတင်တက်ရင်နှင့် အကိုလေးကမာ၏ တဦးကိုတဦး ချစ်တတ်လွန်းသည်ကိုကြည့်ပြီး ချူးချူးရင်ထဲက အချစ်ကိုမြိုသိပ်ကာ ညီမအလိမ္မာလေးအဖြစ် အကိုလေး ဘေးတွင် ငြိမ်သက်စွာ ဆက်ပြီးရပ်နေလိုက်ပါသည်။ မိမိရှေ့တွင် သူတို့ ချစ်ကြည်နူးနေသည်ကို မြင်ရတာ ရင်နာသော်လည်း လုံးဝမမြင်ရ၊မကြားရသည့် နာကျင်မှုထက် အဆပေါင်းများစွာ သက်သာသဖြင့် မျက်စိရှေ့မှာ ချစ်ရသောအကိုလေးအခြားသူနှင့် ပွေ့ဖက်ကြည်နူးတာ ကြည့်မည့်လမ်းကို ရွေးလိုက်သည်။ ဘယ်လောက်နာကျင်ရပါစေ..အကိုလေးဆီက အကြည့်ကို ချူးချူး မလွှဲခဲ့ပါ။
မထင်မှတ်ဘဲမင်းကြီးတင်တက်ရင် ပျောက်သွားသည့်သတင်းကြောင့် ဝမ်းမသာသင့်သည်ကိုသိသော်လည်း ချူးချူး၏ဦးနှောက်ထောင့် တနေရာက ဝမ်းသာမိခဲ့သည်။ မင်းကြီးတင်တက်ရင်ပျောက်သွားလို့ အကိုလေးကမာကုန်းပေါ်ကငါးလို ပူလောင်နာကျင်မည်ကိုသိသော်လည်း မိမိချစ်သည့် အကိုလေးကို ပြန်လည်ပိုင်ဆိုင်ကောင်းပိုင်ဆိုင်နိုင်သည်ဆိုသည့် မျှော်လင့်ချက်လေးဖြင့် ချူးချူး၏ ခြောက်သွေ့ကာ ဆိတ်သုဉ်းသည့်ရင်ခွင်က မိုးသက်လေ ပက်ဖျန်းလိုက်သလို အနည်းငယ် အေးမြသွားခဲ့သည်။ ချူးချူးသည် ကြေးမုံပြင်ရှေ့တွင်ဆံပင်ကိုဖြီးသင်ရင်း စိတ်မှတ်မဲ့ဖြင့် တေးသီချင်းလေးကို ညည်းနေမိသည်။
ထိုသီချင်းကအကိုလေးဆီကိုရောက်ကာစ၊ အိပ်မက်ဆိုးကြောင့် ညနက်သန်းခေါင်လန့်နိုးတိုင်း အကိုလေး သီဆိုပြသည့်နှင်းမြို့တော်၏ တေးသီချင်းတပုဒ်ဖြစ်သည်။ စိတ်ရွှင်ကြည်နေလို့ ချူးချူး၏နှလုံးသားထဲမှတေးသီချင်းက နှုတ်ဖျားမှ တပိုင်းတစ ထွက်ကျလာခြင်းဖြစ်သည်။ အခြွေရံများသည် ထူးထူးခြားခြားစိတ်ကြည်ကာ တေးငြီးနေသဖြင့် မိုးနတ်မင်းကိုယ်ထင်ပြသလို အံ့အားသင့် နေကြသည်။ မင်းကြီးတေးဟာခန်နှင့်မိဖုရားကျောက်မိန်၏သမီးတော် လက်ရှိဘုရင်မ ချူးချူးက ထက်မြက်ကာ စိတ်မာလှသည်ဟု ကျော်ကြားလှသည်။နှစ်နှစ်အတွင်း မွန်ဂိုပြည်ကိုရအောင် နိုင်နင်းအောင် ဦးဆောင်နိုင်သည့် ပထမဆုံးဘုရင်မ....။ထာဝစဉ် လူကြီးလေးလို တည်တင်းနေသည့် ဘုရင်မ။ ယခုမှ မိန်းမငယ်လေးလို တေးငြီးနေသဖြင့်ကုန်းကုန်းနှင့် အပျိုတော်များ တိတ်တခိုးနှင့် သာယာလှသည့် နှင်းမြို့တော်သီချင်းကိုနားစွင့်နေမိကြသည်။
ကမာသည်နန်းတော်ထဲတွင် ချူးချူးနှင့်တွေ့ပြီးနောက် နောင်တော်နှင်းထန်ကိုခေါ်ကာ အိမ်တော်ဟောင်းကိုလာခဲ့သည်။ မိမိအိမ်တော်အဖြစ် သတ်မှတ်ကာ ခြေရာလက်ရာမပျက် မွမ်းမံပေးသည့်အတွက် ချူးချူးကိုကမာ ကျေးဇူးတင်မိသည်။ ယခင်အိမ်တော်ထိန်းကြီးကို အကိုလေးက သူ့စံအိမ်တော်ကိုခေါ်သွားသဖြင့်သန့်ရှင်းရေးလုပ်သည့် ဝန်ထမ်းမှအပ မည်သူမှမရှိပေ။
သန့်ရှင်းရေးအမှုထမ်းများကချိတ်ဆွဲထားသည့် ပုံတူပန်းချီကားထဲမှ စံအိမ်တော်၏အရှင်သခင်ကို အပြင်တွင် မျက်ဝါးထင်ထင်မြင်လိုက်ရသောကြောင့် အရိုအသေပေးလိုက်ကြသည်။ ပုံထဲကထက် တည်ငြိမ်ရင့်ကျက်ပြီး ပိုလို့ချောမွေ့သောနှင်းမြို့တော်၏မင်းသားလေး။ မင်းနှစ်ဆက်တိုင် ချီးမြှင့်မြှောက်စားခံရသည့် အမျိုးသားကြင်ယာတော်မင်းသား။
"အရှင့်ကိုဂါရဝပြုပါတယ်"
ကမာသူတို့ကို အသိအမှတ်ပြုခေါင်းငြိမ့်ပြီး စံအိမ်တော်ထဲ နောင်တော်နှင်းထန်ကိုခေါ်ကာ ဝင်ခဲ့သည်။ကမာသည် နေရာတိုင်း အကိုကြီး၏ အငွေ့အသက်ကိုရကာ သက်ပြင်းငွေ့ငွေ့ချလိုက်မိသည်။ ပိုလွမ်းမိသည်။ဒါပေမယ့် အကိုကြီးရင်ခွင်ထဲရောက်လာသလိုခံစားရပြီး နာကျင်မှုတော့ သက်သာသွားသည်။
"ဒါဘယ်သူ့စံအိမ်လဲ.. လူမနေသလိုပဲ.."
နှင်းထန်သည်ခမ်းနားသော်လည်း လူခြေတိတ်ဆိတ်လှပြီး အေးချမ်းသည့်စံအိမ်ကြီးကို ငေးကြည့်ကာ ကမာ့ကိုမေးလိုက်စဉ်ချိတ်ထားသည့် ကမာ့ပုံတူပန်းချီကားကို တွေ့လိုက်သောကြောင့် အဖြေကိုတန်းသိသွားသည်။ ဧည့်ခန်းနံရံတွင်ကမာ့ပုံတူကို လေး၊ငါးပုံ တွေ့လိုက်ရသည်။ လူပျိုပေါက်အရွယ် ကမာ၊ မိဖုရားအဝတ်နှင့် ကမာ၊ပြီးတော့ မင်းညီမင်းသားအဝတ်နှင့် ကမာ၊ လူခန့်လူထွားကြီးတဦးနှင့် ယှဉ်တွဲပြီး မြင်းစီးနေသည့်ကမာ။ ငယ်ရွယ်စဉ်မှ ရင့်ကျက်လာသည့်လူရွယ်အထိ ပန်းချီကားထဲမှ ကမာက ပြိုင်ဖက်ကင်းအောင်လှပတင့်တယ်လွန်းသည်။
ယောက်ျားလေးတယောက်အတွက်လှပသည်ဟု ဖော်ကျူးခံရလျှင် ဂုဏ်ငယ်စရာလိုဖြစ်ပေမယ့် ကမာ၏ရုပ်ရည်ကို ချီးမွမ်းမည်ဆိုလျှင်ခန့်ညားသည်၊ စွဲဆောင်မှုရှိသည် ဆိုသည့်စကားလုံးတွင် လှပသည်ဆိုတာကို ထည့်မှကိုဖြစ်မည်ကိုသိလိုက်သည်။ 21 ရာစုမှ လာသောကြောင့် ထိုင်း၊ တရုတ်၊ ကိုရီးယား ၊ ဂျပန် drama ဇာတ်ကားများ၊တေးဂီတအဖွဲ့များမှ လှပသည့်ကောင်လေးများကို မြင်ဖူးသော်လည်း ကမာလောက် ရင်သပ်ရှုမောဖွယ်အလှကို21 ရာစု၏ မိတ်ကပ်နှင့် ပလပ်စတစ်ဆာဂျရီပညာက မယှဉ်နိုင်သေးပါ။ ပန်းချီကားကိုတလှည့်၊ အပြင်မှကမာ့ကို တလှည့် ကြည့်ကာ တကယ်ပဲ တယောက်တည်းလားဆိုတာ အတည်ပြုနေမိသည်။ အပြင်မှ ကမာသည်ညှိုးငယ်ကာ စိတ်ဒုက္ခကြောင့် သူ၏ ကျက်သရေရှိသည့် ရုပ်ရည်ရူပကာက အရောင်ဝါမှိန်နေတော့သည်။
"ဒီအိမ်တော်ကမင်း ကြီးပြင်းခဲ့တဲ့အိမ်လား"
ကမာသည်နံရံပေါ်မှ အကိုကြီး၏ပုံကို လက်နှင့်အသာပွတ်ကာ ခေါင်းငြိမ့်လိုက်သည်။
"ကျွန်တော့်ကိုကယ်တင်ပြီး ဒီအိမ်တော်ကို ခေါ်ခဲ့တယ်။ပြီးတော့ ညီအဖြစ် ပျိုးထောင်ပေးခဲ့တယ်။ အကိုကြီးက ကျွန်တော့်ကြောင့် ဆင်းရဲဒုက္ခအများကြီးကြုံခဲ့ရပေမယ့်ဘယ်တော့မှ ကျွန်တော့်ကို စိတ်မပျက်ခဲ့ဘူး။ အချစ်မလျော့ခဲ့ဘူး။ ဒီနေရာက အကိုကြီးနဲ့ကျွန်တော့်အတိတ်တို့ရဲ့ တည်ရှိရာ"
ကမာ၏စကားကိုကြားသော်နှင်းထန် သက်ပြင်းရှိုက်မိသည်။ စစ်ဘုရင်ကြီး တင်တက်ရင်၏အချစ်က တောင်လောက်ကြီးမားပြီးရေစီးသန်သည့်မြစ်လို အရှိန်ဟုန်ပြင်းလှသည်။ ပန်းချီကားထဲမှ တင်တက်ရင်၏ပုံကိုမော့ကြည့်ကာသူ ခေတ်သစ်မှာ ကမာ့ကို ဘယ်လောက်လွမ်းဆွတ်ရင်း နေမလဲဆိုတာ တွေးမိသည်။ တင်တက်ရင်နှင့်ကမာတို့စုံတွဲကိုငေးကြည့်ပြီး မိမိနှင့်မိုးစက်အကြောင်းကို ပြန်သတိရမိသည်။ ထိုစဉ် အနောက်ဘက်မှ ခြေသံကြားလိုက်ရသဖြင့်လှည့်ကြည့်လိုက်တော့ မထင်မှတ်ထားဘဲ ဘုရင်မချူးချူးကို သာမန်ယောက်ျားလေးဝတ်စုံဝတ်လျက်ရပ်နေသည်ကိုတွေ့သော် နှင်းထန် အံ့အားသင့်သွားသည်။
ချစ်စရာကောင်းသည့် ကောင်လေးတယောက်အသွင်နှင့် ချူးချူးကကမာ့ကိုစိုက်ကြည့်ကာ နှုတ်ဆက်လိုက်သည်။
"အကိုလေး.."
"ချူး...ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ.. ဘာလို့ ဒီလိုဝတ်ထားတာလဲ.. မှူးမတ်တွေမြင်ရင် ကဲ့ရဲ့ခံရလိမ့်မယ်..ဘုရင်မအဝတ်အစားပြန်ဝတ်ပါ.."
ချူးချူးကအကိုလေး၏လက်မောင်းကို တရင်းတနှီးလာတွဲကာ ရှင်းပြလိုက်သည်။
"ညီလာခံပြီးတော့အကိုလေးဆီလာတာ.. စံအိမ်တော်ဟောင်းကို သွားတယ်ဆိုလို့ လိုက်လာရင်း ချူးနဲ့အကိုလေး စတွေ့တဲ့အချိန်ကိုသတိရလို့ဒီအဝတ်အစားလဲထားတာ။ မပူပါနဲ့.. ချူးက ဒီအိမ်တော်ထဲရောက်မှ ယောက်ျားလေးအဝတ်ကို ဝတ်တာပါ.."
ချူးကကမာ့ကို ချစ်စဖွယ်ပြုံးကာ ရှင်းပြနေပုံက ဘုရင်မတဦးထက် ပီဘိကလေးမလေးတဦးက ချစ်ခင်ရသည့်အကိုကိုချွဲနွဲ့ကာ ရှင်းပြနေသလိုပင်။
"ချူးချူးရယ်..ဘာလို့ဒီအထိ လိုက်လာတာလဲ.. အကိုလေးကိုတွေ့ချင်ရင် ခေါ်လိုက်ရောပေါ့.. ဘုရင်မတပါးက ဒီလိုစိတ်ကူးပေါက်တိုင်းလျှောက်သွားလို့မရဘူးလေ"
"ဟင့်အင်း.. အကိုလေးနဲ့တွေ့ချိန် ချူးက အကိုလေးရဲ့မွေးစားညီမပဲ.. ဘယ်သူတားတား အကိုလေးရှိရာ လာမှာပဲ.. လာပါ.. ချူး ငယ်တုန်းကနေတဲ့အခန်းကိုသွားကြည့်မယ်.."
ချူးကကမာ့လက်ကိုဆွဲကာပြောသဖြင့် ကမာက မနိုင်ဘူးဆိုသည့်ဟန်ဖြင့် ခေါင်းငြိမ့်ကာ သူဆွဲခေါ်ရာပါသွားတော့သည်။
"နောင်တော်နှင်းထန်..ဒီစံအိမ်တော်ထဲ လျှောက်ကြည့်လိုက်ဦး.. ကျွန်တော် ညီမလေးနောက် လိုက်သွားဦးမယ်.."
နှင်းထန်လည်း ချူးချူး၏ မလိုက်စေချင်သည့် အမူအရာကိုအကဲခတ်ပြီးချန်နေရစ်ကာ ကြုံတောင့်ကြုံခဲ ရှေးခေတ်က ဗိသုကာလက်ရာနှင့် ဥယျာဉ်အထားအသို၊ အခန်းတွင်းအလှဆင်ထားသည်ကို လေ့လာနေသည်။ ထိုအရာများကိုကြည့်ရင်း တခါက ပီကင်းကိုသွားလည်ပြီး မဟာတံတိုင်းကြီးပေါ်လမ်းလျှောက်ချင်သည်ဆိုသည့် မိုးစက်၏စကားကို သတိရရင်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာရင်ဘတ်ကို လက်နှင့်ဖိထားမိသည်။
"ရင်ထဲကနာလိုက်တာမိုးစက်ရာ.. မင်းကိုပြန်မတွေ့ရဘဲ ဒီရာဇဝင်ခေတ်ထဲမှာ ကိုယ် ပိတ်မိနေတော့မှာလား.."
နှင်းထန်သည်မိုးစက်စိတ်ဝင်စားသည့် ရှေးဟောင်းခေတ်မှ အနုပညာများကိုကြည့်ရင်း ခေတ်သစ်မှာကျန်ရစ်ခဲ့သည့်ချစ်သူကိုမြင်ယောင်ကာ အသက်ရှူကြပ်သလိုပင်ဖြစ်လာပြီး အပြင်ဥယျာဉ်ဘက်ကိုထွက်လာပြီး ပါးစပ်ကိုဟကာလေကို အလုအယက် ရှူနေမိသည်။ တင်တက်ရင် အကြောင်းကိုတွေးမိတော့ ရင်ထဲ လေးသွားပြန်သည်။မိုးစက်နှင့်ဖုန်းပြောတော့ မွန်ဂိုလူထွားကြီးဟုသာ သိထားခဲ့သည်။ မွန်ဂိုနဘမ်းသမားများလိုရုပ်ကြမ်းကြီးများလားဟု ထင်ကာ ဘယ်လိုမှမနေသမျှ၊ အခု တင်တက်ရင်၏ ခန့်ညားသည့်ရုပ်သွင်ကိုတွေ့တော့မိမိချစ်သူလေးနှင့် အတူတွဲပြီးရှိမည်ကိုတွေးကာ အသက်ရှူရပ်ချင်သလို ဖြစ်သွားတော့သည်။
"ကမာရေ.. ချစ်မိသူက ပိုခံစားရတယ်ကွ.."
နှင်းထန်မချိတရိ ရေရွတ်လိုက်မိသည်။ မိုးစက် မိမိကိုချစ်သည်ကို သိသည်။ မိုးစက်၏ သစ္စာတရားကိုလဲယုံသည်။ ဒါပေမယ့် မိုးစက်၏နံဘေး အခြားသူကိုတွဲတွေ့တိုင်း နှင်းထန်၏ရင်မှာ ထိန်းချုပ်ရခက်သည့်ဝေဒနာကကြွကြွတက်လာတတ်တာ ကြာပြီ။ တိတိကျကျပြောရလျှင် စနေထွဋ်ခေါင်၏နံဘေး မိုးစက်ရောက်နေကတည်းကပါ။မိမိကိုချစ်သည့်အချစ်နှင့် စနေထွဋ်ခေါင်ကိုချစ်သည့်အချစ် မတူသည်ကိုသိသည်။ ဂုဏ်သတ္တိမတူတာကိုနှိုင်းယှဉ်လို့မရတာကိုလည်း သိသည်။ ဒါက ဦးနှောက်ကသိရုံသာဖြစ်ပြီး ကလေးဆိုးလို ပိုင်းခြားဆင်ခြင်မှုမရှိသည့်နှလုံးသားက အကိုရင်းလိုချစ်သည့် စနေ၏အနား မိုးစက်သွားတိုင်း၊ သူတို့နှစ်ယောက်ကို တွဲတွေ့တိုင်းနာကျင်စွာ အောင့်အောင့်လာခဲ့သည်။ ဒီအကြောင်း မိုးစက်ကိုပြောတော့...
"သဘောထားသေးသည်"ဆိုသည့်စကားလုံးကို ပြန်ရပြီးနောက်ပိုင်း နှင်းထန်သည် မိုးစက် သူ့အကိုကြီးဆီသွားတိုင်းလျောလျောလျူလျူသာ လွှတ်ပြီး မိမိနှလုံးသားပြဿနာကို မိမိဖာသာပဲ အောင့်ခံတော့သည်။ မိုးစက်မိမိအပေါ် သစ္စာရှိတာ ယုံသည်။ မိမိကိုချစ်တာကို သိသည်။ ဒါပေမယ့် အခြားသောယောက်ျားနားစိုးရိမ်ပူပန်စွာသွားနေသည့် မိုးစက်ကိုမြင်တိုင်း ရင်ထဲမှ ပူလောင်လာတာကတော့ သူပြောသလိုမိမိက သဘောထား သေးသိမ်သည့် လူတယောက်ဖြစ်သောကြောင့်ဟု ကိုယ့်ဖာသာလက်ခံပြီး အလုပ်ကိုဖိလုပ်နေစဉ်ကံတရားက ထပ်ခွဲပြန်သည်။
တနေရာစီနေရတာအားမရလို့ အချိန်မတူသည့်ခေတ်ကို ပို့ပစ်လိုက်သည်။
"မိုးနတ်မင်းကကိုယ့်ရဲ့စိတ်သဘောထားသေးလို့ ဒဏ်ခတ်တာ ထင်ပါရဲ့ မိုးစက်လေး... ကိုယ်ပြန်မလာနိုင်ခဲ့လည်းမင်းဘေးမှာ စနေထွဋ်ခေါင်ရှိနေပြီ။ မင်း အဆင်ပြေမှာပါ။ သူက မင်းဘဝရဲ့ ပဲ့ကိုင်ရှင်မဟုတ်လား။ဒါကြောင့် ကိုယ်ပြန်မလာတာ ပိုကောင်းလေမလား မိုးစက်လေး..."
------------------------------------