Honeymoon ဆိုတာ အသာထား ဒီလူကြီးနဲ့အတူ ခရီးထွက်နေတယ်လို့ တွေးကတည်းက လူက ခိုးလို့ခုလု ဖြစ်နေပြီ...။ သူကတော့ ဘေးခုံမှာ စာရွက်စာတမ်း တချို့ လှန်လှောနေပြန်၏ ။ နေပါအုန်း တချက် စဉ်းစားမိသည်။
ဂျယ်ဂျူ ကိုတဲ့လား....။ ပိုက်ဆံတွေ ထားစရာမရှိအောင် အလုပ်ချည်းလုပ်နေသူကြီးက ဘာမှမဟုတ်တဲ့ ဂျယ်ဂျူကိုများ honeymoon ဆိုပဲ...၊ စိတ်ပေါက်ရင် နားရင်းချည်းပဲ ချမိမှာ သေချာသည်၊ ကျမ နှစ်ကုန် သူငယ်ချင်းတွေနဲ့ သွားတာတောင် အနည်းဆုံး နှစ်နိုင်ငံလောက် လည်ခဲ့တာ ၊ အခုတော့ လူတိုင်း နေ့ခင်းနေ့လည် ထသွားလို့ရလောက်တဲ့ ဂျယ်ဂျူကျွန်းတဲ့ ။ သေချာတာက သူ့ hotel အသစ်တွက် သွားရမယ့်ကိစ္စကို ကျမကို ဂျင်းလာထည့်နေတာ.....။
ငါနော်.....!!!!! ထားပါ...သူက honeymoonဆိုတာနဲ့ လူက ကယောင်ချောက်ခြားနှင့် ပြာဝေပြီး ယုံမိသွားတာကိုး...။ ဘာလို့ အဲ့လိုတွေ လိုက်ခံစားနေမိမှန်းလဲ ကိုယ်တိုင်နားမလည်...။ မသိဘူးဟာ....ထားလိုက်တော့။
မှန်ပြတင်းသေးသေးကနေ မြင်နေရတဲ့ တိမ်စိုင်တွေပဲ အာရုံစိုက်မိသည်။ ဒီပေါ်ကနေ မြေပြင်တောင်မမြင်ရ ထူပိန်းလိုက်တာ....။ မိုးရွာမှာလား...?
"ဂျီယောင်း....တခုခုစားမလား?"
စပ်မိစပ်ရာ တွေးနေတုန်း သူ့စကားသံကြောင့် အတွေးစတို့ပြတ်သွားသည်။
"တော်ပါပြီ...ဥက္ကဌကြီးစားလေ ၊ ကျမက လေယာဉ်ပေါ်မှာ အစားစားရတာ မကြိုက်လို့...!"
"မင်း မနက်စာလဲ မစားခဲ့ဘဲနဲ့.."
အမလေး...အပိုတွေ လာပြောပြန်ပြီ။ ဆရာလုပ်တဲ့လေသံမဟုတ်ဘဲ စိတ်ပူပေးတဲ့ လေသံဆိုရင် လဲသေမှာမို့လို့လား.....။ အခုလောလောဆယ်တော့ ရန်ဖြစ်ချင်စိတ်မရှိ၊ လေယာဉ်ပေါ်မှာ ခေါင်းလဲမူးတတ်တာမို့ စိတ်ကို တစ်ထစ်လျော့လိုက်သည်။
"တော်ပြီလို့..."
အရင်လို ပက်ကနဲ ပြန်မအော်တဲ့ ကျမကြောင့် သူက စာရွက်တွေကို ခနချကာ လူကိုကြည့်လာသည်။ ကျမလည်း တဖက်က ပြတင်းပေါက်ကိုပဲ မျက်နှာပြန်မူလိုက်သည်။
"ကိုယ့်ကို စိတ်ဆိုးနေတာလား?"
အံ့သြဘ....။ စိတ်ကူးထဲတောင်မရှိတာကို..။ ကျမ ခေါင်းယမ်းပြလိုက်သည်။