ဆားနံ့သင်းနေတဲ့ ပင်လယ်လေက တိုးဝင်လာတိုင်း ချမ်းစိမ့်စိမ့်ဆိုပေမယ့် မသိမသာ နွေးနေတဲ့ ခံစားမှုက ပိုကဲနေတာကြောင့် မျက်လုံးတွေက မဖွင့်ချင်..
ပိုနွေးတဲ့ ဘက်ခြမ်းဆီ ပိုတိုးကပ်မိတော့ ရင်းနှီးနေတဲ့ မွှေးရနံက နှာဖျားဆီရစ်သိုင်းလို့..၊ ဘာရယ်တော့မသိပေမယ့် ဒီလိုအနံ့နဲ့ ဒီလိုနွေးထွေးမှုကို အရမ်းသဘောကျလာသည်..
"အင်း...ကောင်းလိုက်တာ..."
လက်နှစ်ဖက်ကို ဆန့်တန်းလို့ အကြောဆန့်ပြီးနောက် မျက်လုံးတွေအပွင့် အရှေ့ကမြင်ကွင်းကို ဘာရယ်မှန်း မဆုံးဖြတ်နိုင်သေး ၊ ဘာကြီးလဲ ဒီဖြူဖြူကြီးက..
မျက်လုံးတွေပွတ်ပြီး တိုးကပ်ကာ နမ်းကြည့်တော့ အမွှေးနံ့က ထိုနေရာက ရနေတာမျိုး...
"ဘာလုပ်နေတာလဲ?"
"ဟင်!!!"
အလန့်တကြားနဲ့ မော့ကြည့်ပါမှ ဘွားကနဲ ပေါ်လာတဲ့ မျက်နှာကြီးကြောင့် လူက ကြက်သီးမွှေးညင်းတွေ ထ ကုန်သည်။ အခုက သူ့ရင်ခွင်ထဲ တိုးဝင်ပြီး ကြယ်သီးတွေဖြုတ်ထားတဲ့ သူ့ရင်ဘတ်ဖြူဖြူကို သွားနမ်းနေမိတာမဟုတ်လား...!!!!
"အဟင်းး..ကိုယ့်ကို ခိုးနမ်းနေတာလား?"
မျက်လုံးတွေ ပြန်မှိတ်သွားတဲ့ သူ
အိပ်ယာထချိန်မို့ ရှတတဖြစ်နေတဲ့ သူ့အသံက အခုမှ ပိုဆွဲဆောင်မှုရှိနေသလို ၊ တဆက်ထဲပြောလိုက်တဲ့ စကားကြောင့် ကျမ မျက်နှာတွေ တခုလုံး ရှိန်းကနဲ ပူတက်လာသည်။ သူက ရီကြဲကြဲပြောနေတော့ ပိုဆိုး.."ဖယ်...ဖယ်တော့!!!!!"
"ဟာ.....အ!"
"Omo!!!"
ရှက်ကိုး ရှက်ကန်းနှင့် ဆောင့်တွန်းမိတော့ ကုတင်အဖျားမှာ အိပ်နေတဲ့သူက ကုတင်အောက်သို့ ဘုတ်ကနဲ ကျရှာသည်။ တော်သေးတာပေါ့ ကုတင်က မွှေ့ရာအထူအတိုင်း နိမ့်နိမ့်လေးသာမို့ တော်တော့သည်။
"တောင်းပန်ပါတယ် ဟို...နာသွားလား?"
"အား...ကျွတ် ကျွတ်..!! ဘယ်လိုလုပ်လိုက်တာလဲ ကန်ဂျီယောင်း ?? ကိုယ် ခါးနာသွားပြီ!!"