(ZG)
မိုးသားကင်းစင်သည့် အပြာရောင်ကောင်းကင်နှင့် နေက ကျက်ကျက်တောက်ပူနေသည်။ ဒီလောက် နေပူရင် ဒီတစ်ရက် နှစ်ရက်အတွင်း မိုးအကြီးအကျယ်ရွာနိုင်သည်။
ပင်လယ်ဇင်ယော်တွေက အော်သံကျယ်ကျယ်ပေးရင်း သူ့စက်လှေခေါင်းတိုင်ကို ၀ဲပတ်ပျံဝဲနေကြသည်။ စက်လှေကို ပဲ့ကိုင်နေရင်းက လှေဦးပိုင်းမှာ ခရီးဆောင်အိတ်ကလေး ဖင်ခုထိုင်ပြီး ကျောပိုးအိတ်ကို တင်းတင်းပိုက်ထားသည့် ကောင်မလေးဆီ မျက်စိကရောက်သွားပြန်သည်။ ကောင်မလေးပုံစံက ဒီနယ်က မဟုတ်။ သူတို့ မြို့က မဟုတ်တာတော့ ကျိန်းသေသည်။ အိမ်ခြေ တစ်ရာတောင်မပြည့်တဲ့ မြို့လို့တောင် ခေါ်လို့မရတဲ့ ကျွန်းကလေးပေါ်မှာ တစ်ယောက်ကို တစ်ယောက် သိနေကြတာာပဲ။ အမျိုးတွေရှိလို့ လာလည်တာနေမှာပေါ့လို့ တွေးရင်း ဆေးလိပ်ကို နာနာဖွာလိုက်သည်။
ကိုယ်နဲ့ မဆိုင်တာတွေကို လျစ်လျှူရှုဖို့ ကြိုးစားပေမယ့်လည်း အထူးရဲ ဘ၀နဲ့ လေ့ကျင့်ထားသည့် အလေ့အကျင့်တွေနဲ့ မြင်သမျှအရာတိုင်းကို သတိထားစူးစမ်းမိနေတဲ့ အကျင့်ကလည်း သေမှ ပျောက်တော့မည်ထင်သည်။
ဆိပ်ကမ်းက သစ်သားတံတားမှာ စက်လှေကို ကပ်လိုက်ပြီး ကျောက်ဆူးချ ကြိုးချည်သည်။ ပြီးတော့မှ ကုန်းဘောင်ထိုးပေးပြီး ကောင်မလေးကို ဆင်းလို့ရပြီဆိုတာ အချက်ပြတော့ မယ်မင်းကြီးမလေးက ခရီးဆောင်အိတ်တစ်ဖက် မနိုင်မနင်းနဲ့ ပြုတ်ကျတော့မလို။ လက်ထဲက ခရီးဆောင်အိတ်ကို သူပဲ ဆွဲယူပြီး ချပေးလိုက်ရသည်။ ပြီးတော့ လှေပေါ်ကနေ ပြုတ်ကျမလိုဖြစ်နေတဲ့ ဒီမြို့သူကလေးမကိုလဲ သူပဲ တံတားပေါ်တက်နိုင်အောင် တွဲတင်ပေးရသည်။
ပြီးမှ သူ့လှေပေါ်က သိမ်းစရာရှိတာတွေ သိမ်းပြီး ဆိုင်ကယ်ကို ကမ်းပေါ်တင် ပစ္စည်းပုံးကို ဆိုင်ကယ်နောက်ခုံမှာ သိုင်းချည်နေတုန်း မျက်လုံးထောင့်စွန်းက ခုန သူ့လှေနဲ့ လမ်းကြုံလိုက်လာသည့် ကောင်မလေးကို မြင်ဖြစ်အောင်မြင်လိုက်သေးသည်။လှေဆိပ်မှာ ကပ်ထားသည့် ကျွန်းမြေပုံ မှုန်ဝါးဝါးကို ကြည့်လိုက် သူ့ဖုန်းကို လေထဲမှာ မြှောက်ပြီး တောင်ဘက်ယိမ်းလိုက် မြောက်ဘက်ယိမ်းလိုက်နဲ့။ သူဆိုင်ကယ်စက်နှိုးပြီး ဘေးနားကို ဖြေးဖြေးချင်း ကပ်သွားလိုက်သည်။
BINABASA MO ANG
Thousand Cranes
FanfictionMino X Jennie မချစ်သင့်တဲ့ မင်းကိုချစ်ခဲ့မိတာလဲ ကျိန်စာပါပဲ. . . .