Thousand Cranes : Part 10

70 5 0
                                    

(ZG)

မိုးသားတိမ်ကင်းစင်နေသည့် ကောင်းကင်က ပင်လယ်ပြင်နှင့် တဆက်ထဲ ထင်ရလောက်အောင် ပြာလဲ့နေသည်။ ပင်လယ်ကနေ ထိုးထွက်လာတဲ့ ဒီကျွန်းငယ်လေးရဲ့တဖက်အခြမ်းကုန်းမြင့်ဘက်ဆီမှာတော့ သစ်ပင်အုပ်လေးတွေ ခြံရံထားသည့် မြေလမ်းလေးနဲ့ အဆုံးအစမဲ့ မြက်ခင်းပြင်ကျယ်။

ကုန်းမြင့်ခပ်ပြေပြေမို့ စလျှောက်တုန်းက သိပ်မမောပေမယ့် နည်းနည်းလာတော့ နားသယ်စပ်က မွှေးညှင်းနုနုလေးတွေမှာ ချွေးစလေးတွေ သီခိုလာသည်။ Jennie ရဲ့ နားသယ်စပ်က လိမ့်ဆင်းလာတဲ့ ချွေးစက်လေးတွေကို Mino က လေနဲ့ မှုတ်လိုက်ရင်း

“မောနေပြီလား ချာတိတ်”

Jennie က စကားနဲ့ ပြန်မဖြေပဲ သွားဖြဲလေးနဲ့ ခေါင်းခါပြသည်။ ဘာလို့ ဒီကောင်မလေးရဲ့ အသေးအဖွဲအပြုအမူလေးတွေတိုင်းက ချစ်ဖို့ကောင်းနေရတာလဲ။

“အိုပါး အခုသွားတွေ့မယ့် သူက ဒီတောင်ပေါ်မှာနေတာလား”

သူခေါင်းငြိမ့်ပြရင်း ကုန်းမြင့်ထိပ်နားကို လက်ညှိုးထိုးပြလိုက်သည်။ Jennie ကို သူ့ဘဝရဲ့ အရေးအကြီးဆုံးသော အစိတ်အပိုင်းနဲ့ မိတ်ဆက်ပေးဖို့ တော်တော်နဲ့ မဆုံးဖြတ်နိုင်ခဲ့။ နှစ်ဖက်လုံးအပေါ်မှာ သူတရားပါ့မလား။ မနေ့ညကအထိ သူ့စိတ်ထဲ ဝေခွဲလို့မရနိုင်။ ဒါပေမယ့် ဒီမနက်တော့ Jennie ကို သူ့အတွက် အရေးကြီးတဲ့ သူ တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်လို့ ဆိုတော့ Jennie ရဲ့ အရောင်တောက်ပြီး တက်ကြွလာတဲ့ မျက်လုံးလေးတွေကို မြင်ရတိုင်း သူ့ဆုံးဖြတ်ချက်မှန်မှာပါလို့ အားတင်းယူရသည်။
သစ်ပင်တန်းလေးအဆုံးက ကျောက်တုံးလေးတွေစီပြီးခြံခတ်ထားတဲ့ ဝင်းထဲကို မဝင်ခင် စူးစမ်းစိတ်အပြည့်နဲ့ ကြည့်နေတဲ့ Jennie မျက်နှာကို သူကြည့်ရင်း ချာတိတ်မလေးလက်ကို သူ့လက်တွေနဲ့ တင်းတင်းဆုပ်ကိုင်ထားလိုက်မိသည်။ သူသတ္တိတွေ ဘယ်လောက်မွေးထားရလဲ ဆိုတာ ဒီကောင်မလေး သိပါလေစ။
အဆောက်အဦးအဖြူကျဉ်းကျဉ်းလေးက လူသူကင်းမဲ့တိတ်ဆိတ်နေပေမယ့် သပ်သပ်ရပ်ရပ်လေး။

နံရံအပြည့်စင်သေးသေးလေးတွေပေါ်မှာ ကမျည်းတိုင်လေးတွေနဲ့ ပန်းအိုးလေးတွေ တန်းစီနေသည်။ အချို့ပန်းအိုးလေးတွေထဲမှာပန်းတွေ လတ်လတ်ဆတ်ဆတ်။ အချို့ပန်းအိုးထဲမှာတော့ ခြောက်သွေ့နေပြီ။ အခန်းထောင့်ချိုးနားက စင်လေးရှေ့ကိုရောက်တော့သူရပ်လိုက်သည်။ ပန်းအိုးထဲမှာ အရင်တပတ်ကမှ သူထည့်ထားခဲ့သည့် ပန်းလေးတွေက မခြောက်သွေ့သေးပေမယ့် ညှိုးလျော်စပြုနေပြီ။ ပန်းအိုးထဲက ပန်းတွေကို သူအသစ်ယူလာခဲ့သည့် ပန်းစည်းလေးနှင့် လဲလှယ်လိုက်သည်။

Thousand CranesWhere stories live. Discover now