Thousand Cranes: Part 5

94 6 0
                                    

(ZG)

"Mino......... Yah....Song Mino........'

သူ့ကို လှမ်းခေါ်တဲ့အသံကို မကြားချင်ယောင်ဆောင်ပြီး အမြန်လျှောက်လဲမရ။ အနောက်ကနေ အမှီပြေးလိုက်လာပြီး အကျီင်္ဂုတ်ကို မမှီမကမ်း လှမ်းဆွဲသည်။ ဒီတော့ ဇွတ်လျှောက်သွားချင်တာတောင် သွားမရ။

"နင် ထမင်း လာမစားတာ နှစ်ရက် ရှိနေပြီ ဘာဖြစ်တာလဲ ပြောစမ်း"

သူလှည့်လာတာနဲ့ တန်းရန်တွေ့သည့် ထမင်းဆိုင်ရှင် ပိန်သေးသေး အပျိုကြီး Dara။ လစဉ်ကြေးပေးပြီး ထမင်းစားတာတောင် တရက်တလေ လာမစားမိတာနဲ့ သူဟင်းချက်တာ ညံ့လို့လားဆိုပြီး ဂေါက်တောက်တောက်တွေးသည့် အပျိုကြီး။ တွေးလဲ တွေးချင်စရာကိုး။ ဒီကျွန်းပိစိပေါ်မှာ သူ့ဆိုင် နေ့တိုင်းစားတာဆို Mino တို့လို တစ်ကိုယ်ရေ တစ်ကာယ သမားတွေပဲရှိတာ။ ကျန်တာက တခါတလေ ထမင်းမချက်ဖြစ်လို့စားတာနဲ့ ကျွန်းပေါ် ငါးအ၀ယ်လာတဲ့ ငါးဒိုင်တွေ လောက်ပဲရှိတာ။

"မဟုတ်ပါဘူး။ ကျွန်တော် မအားလို့"

ခါးထောက်ပြီး သူလိမ်နေသေးတာလားဆိုတဲ့ အပေါက်နဲ့ မျက်ခုံးကြီး တွန့်ပြီး ဟိုဘက်ယိမ်း ဒီဘက်ယိမ်းနဲ့ ကြည့်သေးတဲ့ ဒီအပျိုကြီးဟာ ယောကျာ်းယူဖို့ကို လိုနေတာလို့ Mino တွေးလိုက်မိသည်။

"ဒါဆို အခု ထမင်းလိုက်စား။ ဒီနေ့ နင့်ဖို့ ချက်ထားတာတွေ ထပ်သွန်ရရင် ငါနောက်လ နင့်ကို ထမင်းမရောင်းတော့ဘူး။"

"ဟာဗျာ"

သူငြင်းလို့လဲမရ။ လက်မောင်းကနေ ဆွဲလိုက် ကျောကနေ တွန်းလိုက်နဲ့ ဇွတ်တရွတ်အပျိုကြီးနောက် ကန့်လန့် ကန့်လန့်နဲ့ ပါသွားသည်။

အပျိုကြီးထမင်းဆိုင်က သပ်သပ်ရပ်ရပ် နှစ်ထပ်အိမ်လေး။ အောက်ထပ်မှာ ထမင်းဆိုင်ဖွင့်ပြီး အပေါ်ထပ်မှာ အခန်းငှားစားသည်။ အဲ့ဒီအခန်းငှားစားတဲ့ ဆီမှာ ဟိုကောင်မလေးကို ထားပြီးကတည်းက ထမင်းဆိုင်ကို သွားဖို့ သူဘာလို့ ရှောင်နေမိတယ် မသိ။ သူ့ကို တွေ့တိုင်း အိုပါးဆိုပြီး ပါးစုံ့လေးတွေ ဖောင်းတက်လာအောင် သွားဖြဲရီပြရင်း နှုတ်ဆက်တဲ့ ကောင်မလေးကို ပြန်နှုတ်ဆက်ရအောင်လဲ သူ့စိတ်ထဲ တမျိုးကြီးဖြစ်နေတော့ ရှောင်နေမိသည်။ ဒါပေမယ့်လဲ ဒီလောက် မြို့ကျဉ်းကျဉ်းလေးထဲမှာ ဘယ်လို သွားရှောင်မလဲ။ ဒီတော့ အတတ်နိုင်ဆုံးရှောင်တဲ့ သူ့နည်းလမ်းတွေထဲမှာ အပျိုကြီးရဲ့ ထမင်းဆိုင်ကို အန္တရာယ် ဇုံအဖြစ် သတ်မှတ်ထားလိုက်သည်။

Thousand CranesTempat cerita menjadi hidup. Temukan sekarang