" Cheers! "
ဘီယာခွက်ချင်းတိုက်လိုက်တဲ့ ချွင်ခနဲမြည်သံက XuKun နားထဲ စူးခနဲပဲ ။ အမြုပ်တစီစီထနေတဲ့ အဝါရည်အရည်တွေက XuKun ရဲ့ လည်မျိုထဲကို အေးမြစွာနဲ့ ဖြတ်သန်းသွားတယ် ။ လျှာဖျားမှာ ခံစားနေရတဲ့ ခါးသက်သက် အရသာထက် ဦးနှောက်ရဲ့ တုံ့ပြန့်နိုင်စွမ်းတွေ ထုံထိုင်းသွားမှုဟာ ပိုလို့ ခံစားလို့ကောင်းနေသလို ။
XuKun ရှေ့က စားပွဲမှာ အသွေးရောင်အနည်းငယ် ဖြတ်ပြေးနေတဲ့ အသားစတွေက မီးရောင်ပေါ်မှာ ဖြတ်ပြေးနေကြသလိုပဲ ။ ဘေးမှာထိုင်နေတဲ့ စီနီယာအစ်မတစ်ယောက်က မီးဖိုရှိရာကို လက်လှမ်းပြီး XuKun ရဲ့ ပန်းကန်ထဲကို အသားစတွေ ထည့်ပေးလာတယ် ။ ဝတ်ကျေတန်းကျေ ပြုံးပြလိုက်တဲ့ အပြုံးတစ်ခုကလွဲ XuKun ဘာကိုမှ ပြန်ပြီး မတုံ့ပြန်ခဲ့ဘူး ။ သူ့အနားကို လိုတာထက် ပိုကပ်နေတယ်လို့ ထင်နေရတဲ့ အစ်မနားမှာ သူမထိုင်ချင်ဘူး ။
" များများစားနော်.. XuKun .. ဒါမင်းအတွက် လုပ်တဲ့ပွဲလေ.. "
ဟုတ်တာပေါ့ သူ့အတွက်လုပ်တဲ့ပွဲပဲလေ ။
အလုပ်ဝင်လာတာ မကြာသေးတဲ့ သူ့ကို ကြိုဆိုကြတဲ့ ဝန်ထမ်းသင်ကြိုဆိုပွဲ ။
မျက်မှန်ကိုင်းကို လက်ညိုးနဲ့ လက်မသုံးပြီး ဖွဖွပင့်တင်လိုက်တဲ့ သူ့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေသလို ခံစားနေရတယ် ။ လူတစ်ယောက်ရဲ့ မျက်စိဒေါက်ထောက် ကြည့်တာကို ခံနေရတာက စိတ်ကျဉ်းကျပ်ပြီး မလွတ်မလပ်ဖြစ်စေတယ် ။
" အစ်မ ကျွန်တော့်ကို ကြည့်မနေပါနဲ့လား.. ကျွန်တော် နေရခက်လို့.. "
" အို.. အဲ့လိုလား ဟုတ်ပါပြီ.. "
ရယ်သံလွင်လွင်နဲ့ ပြန်ဖြေလိုက်ပေမယ့် XuKun အတွက်ကတော့ စိတ်ညစ်စရာပဲ ။ ကောက်ကွေးနေတဲ့ ဆံပင်တွေက လက်နဲ့ဖွလိုက်ရင်း XuKun ဘယ်သူမှမသိအောင် သက်ပြင်းရှိုက်လိုက်ရင်း လက်ထဲက ဘီယာခွက်ကို အပြောင်ရှင်းလိုက်တယ် ။ နူးညံ့နေတဲ့ အသားကင်ကို အာရုံခံပြီး ဝါးနေရင်း ရှေ့ဆက် ဒီ စီနီယာနဲ့ ဘယ်လို နှစ်ပါးသွားရမလဲဆိုတာ တွေးနေမိတယ် ။
အလုပ်ခွင်မှာ အလုပ်ကိုပဲ အာရုံစိုက်ချင်တဲ့ သူ့အတွက် ဒီလိုအခြေအနေက အဆင်ပြေမနေဘူး ။ သူ့ရဲ့ အတွေ့အကြုံကို ထည့်စဉ်းစားရင် ဒီလို ကုမ္ပဏီမှာ အလုပ်ရဖို့ဆိုတာ သိပ်မလွယ်လှတာကြောင့် XuKun နေရာတစ်ခုခု စွဲစွဲမြဲမြဲ ရောက်တဲ့အထိ အလုပ်ကြိုးစားချင်တယ် ။