ရုပ်ရှင်ကြည့်ကြမယ်ဆိုတဲ့ အစီအစဉ်က အကြာကြီးတော့ မခံလိုက်ပါဘူး ။ မေမေနဲ့တွေ့ရမှာမလို့ တော်တော်လေးကို စိတ်လှုပ်ရှားသွားပုံပေါက်တဲ့ KunKun က ရုပ်ရှင်ကြည့်ပြီး နာရီဝက်လောက်အကြာမှာပဲ ZiYi ရဲ့ပခုံးပေါ်ကို ခေါင်းလေးကျဆင်းလာပါတော့တယ် ။
ခေါင်းကိုအကြာကြီးချိုးထားရရင် ဇက်နာလာမှာ စိုးရိမ်တာကြောင့် ပခုံးကနေ အသာလေးဆွဲယူပြီး သူ့ရဲ့ပေါင်ပေါ်ကို ချပေးတဲ့အထိကို KunKun ကနိုးမလာပါ ။ အခုတလော အိပ်ကောင်းစားကောင်း ဖြစ်နေပုံပေါ်တဲ့ သဲလေးကို ကြည့်နေရတာ ZiYi ကတောင် ပိုပြီးတော့ စိတ်ချမ်းသာနေသလိုမျိုး ။
ပါးလေးဖောင်းနေတာကိုက ဘယ်လောက်ထိ ချစ်ဖို့ကောင်းလိုက်သလဲ ။ အမြဲတမ်းဒီလိုလေးပဲ ဖြစ်နေအောင်လို့ စားရေးသောက်ရေးကအစ ဂရုစိုက်ပေးနေရတော့မှာပဲ ။
တွေးလိုက်ရင်းနဲ့ ကြည့်လက်စဇာတ်ကားကိုသာ အပြီးသတ်အောင် ZiYi ကြည့်နေမိတယ် ။ ဘယ်လောက်တောင် အိပ်ချင်နေသလဲမသိ ၊ ဇာတ်ကားကသာ ပြီးသွားတာ သူ့ပေါင်ပေါ်မှာ အိပ်နေတဲ့ KunKun က လုံးဝနိုးမလာခဲ့ဘူး ။ ဆက်ပြီးကြည့်စရာရှိသေးတဲ့ အလုပ်ကိစ္စတွေကြောင့် မလုပ်ချင်ပေမယ့်လည်း ပေါင်ပေါ်မှာအိပ်နေတဲ့ KunKun ကိုခေါင်းအုံးပေါ်ပြောင်းပေးရင်း သူကတော့ နောက်စားပွဲတစ်ခုမှာထိုင်ရင်း အလုပ်ကိုပဲ လုပ်နေမိတယ် ။
" ဟင်း..... အေးတယ်... "
အခန်းရဲ့အပူချိန်က အရမ်းတော့ ကျဆင်းမနေပေမယ့်လည်း အိပ်နေသူရဲ့ နှုတ်ဖျားကနေ အခုလို ဖွဖွထွက်လာပြန်တော့ Wang ZiYi တို့ စောင်ကို အသည်းအသန်ပြေးယူရတော့တာပဲ ။ ပခုံးဖျားလေးအထိ ခြုံပေးရင်း သူဖက်ထားသလိုမျိုး နွေးထွေးပါစေတော့ ဆိုတဲ့စိတ်ကိုလည်း မွေးမိလိုက်ပါသေး ။ ဒီကောင်လေးနဲ့ပတ်သတ်လာရင် ရုပ်ရောနာမ်ပါ အလိုအလျောက် နူးညံ့သွားမှုကလည်း အခက်သားနော် ။
လူကြီးဆန်တဲ့နေရာမှာ နှစ်ယောက်မရှိဘူး ဆိုပြီး YanJun ရဲ့ ထောပနာပြုသံတွေကို မကြာခဏ ခံယူရတတ်တဲ့ ZiYi ရဲ့ အမူအကျင့်တွေက XuKun ရှေ့ကို ရောက်ရင်တော့ ရည်းစားဆီကနေ ဂရုစိုက်ခံချင်လို့ ခဏခဏလိုက်စနေတတ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်နဲ့မခြားတော့ပါဘူး ။ ငါ့ဆီမှာပဲ မင်းရဲ့အာရုံတွေကို ထားစမ်းပါဆိုတဲ့ စိတ်နဲ့ စကားတွေကအစ ဟိုမလွတ်ဒီမလွတ်တွေ လိုက်ပြောရင်း ၊ အနားမှာ တွယ်ကပ်နေတာမျိုးက Wang ZiYi သမိုင်းမှာ ရှိခဲ့တဲ့အရာတွေမဟုတ်ဘူး ။
