ဘယ်လောက်ပဲ အလုပ်တက်ရမယ့်နေ့ဖြစ်နေပါစေ ၊ နာရီနှိုးစက်သံတွေကတော့ XuKun ကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တုန်းပဲ ။
အိစက်တဲ့ စောင်ပုံတွေကနေ ရုန်းထွက်ပြီး နှိုးစက်ကို ပိတ် ၊ မကြည်မလင် ဝါးတားနေတဲ့ မျက်လုံးတွေကို နည်းနည်းပွတ်လိုက်ရင်း ထထိုင်လိုက်တဲ့အခါမှာ ရင်းနှီးစပြုနေတဲ့ ကိုယ်သင်းနံ့တစ်ခုကြောင့် စိတ်ထဲမတင်မကျတော့ ဖြစ်သွားရတယ် ။ ဒါပေမယ့် ဝိုးတဝါးမြင်လိုက်ရတဲ့ နောက်ကျောပြင်တစ်ခုကို တွေ့လိုက်ရတော့ ဝေဝါးသွားတဲ့ စိတ်တွေကို ဘယ်လိုတောင်ရှင်းပြရမှန်းမသိတော့ဘူး ။
မဟုတ်လောက်ပါဘူး.. သူမှားမြင်တာပဲ နေမှာပေါ့ ။
မျက်လုံးတွေကို ထပ်ပြီးပွတ်သပ်လိုက်တဲ့အချိန်မှာ XuKun ကို ကျောပေးထားတဲ့သူက တဖြည်းဖြည်းချင်း လှည့်ကြည့်လာတယ် ။
" ကောင်းကောင်းအိပ်ပျော်ရဲ့လား.. သဲလေး.. "
" အားးးး "
မဖြစ်နိုင်တာ Wang ZiYi က ဘယ်လိုလုပ်ပြီး သူ့အခန်းထဲ ရောက်နေရတာလဲ ။
စားပွဲပေါ်မှာတင်ထားတဲ့ ဓာတ်ပုံမှန်ဘောင်တွေကို ကိုင်ကြည့်နေပုံထောက်တဲ့ ZiYi ရဲ့ လက်ထဲမှာ သူ ကလေးဘဝတုန်းက ပုံလေးက နေရာယူထားတယ် ။ မနက်အစောကြီး ဖြစ်နေတာတောင်မှ ZiYi က ရှပ်အဖြူ ၊ ဘောင်းဘီအမည်းနဲ့ စမတ်ကျကျဖြစ်နေတုန်းပဲ ။
" ဒါက ကျွန်တော်အိမ်လေ.. ပြီးတော့ ကျွန်တော့် အခန်း.. ခင်ဗျားက ဘယ်လိုလုပ်.. "
ဘေးကစောင်တွေကို ကူကယ်ရာမဲ့ဆွဲလိုက်ရင်း မယုံသင်္ကာနဲ့ စောင်အောက်က သူ့ကိုယ်သူ တစ်ချက်ပြန်ကြည့်ရတယ် ။ အဝတ်နဲ့ခန္ဓာနဲ့ မြဲနေတုန်းမလို့ ကျေးဇူးတင်ချင်စရာပါပဲ ။
" မင်းရဲ့ အမေ ကိုယ့်ကို တံခါးလာဖွင့်ပေးတာလေ.. မင်းအိပ်နေတုန်းက ကိုယ်တို့တွေ လက်ဖက်ရည်တောင် တူတူသောက်ထားသေးတယ်.. "
ဘယ်လို.. ??
မေမေက သူနဲ့မသိတဲ့သူတွေကိုလည်း လွယ်လွယ်ကူကူ အခန်းထဲပေးဝင်တာပဲလား ။ မတော်လို့ မကောင်းတဲ့သူတွေ ဘာတွေဖြစ်နေရင် ဘယ်လိုလုပ်မလဲ ။