ပထမဆုံးအနေနဲ့တော့ အခုမြင်နေရတဲ့ မျက်နှာကျက်က XuKun အတွက် စိမ်းသက်သက် ၊ ပြီးတော့အိပ်နေရတဲ့ မွေ့ရာရဲ့အိစက်မှုကလည်း သူ့အိမ်ကလိုမျိုး မာတင်းတင်းလေးဟုတ်မနေဘဲ ပျော့နေတော့တာပဲ ။
" နိုးပြီလား.. KunKun.. "
ကြားလိုက်ရတဲ့အသံကြောင့် လှည့်ကြည့်မိတဲ့အခါ ထင်ထားတဲ့အတိုင်း ZiYi ဖြစ်နေတယ် ။ စာအုပ်တစ်အုပ်ကို ဟန်ပါပါဖတ်နေတဲ့ ZiYi ရဲ့နှာတံပေါ်မှာ မျက်မှန်တစ်ချောင်းက နေရာယူထားနေပုံက သူ့ကိုပိုပြီး ရင့်ကျက်သွားစေသလိုပဲ ။
" အင်း.. ZiYi.. ကျွန်တော်ဘယ်ရောက်နေတာလဲ.. "
" ကိုယ့်အိမ်လေ.. "
" အာ.. ဟုတ်သား.. "
နေ့လည်ဘက်ထဲက ကားပေါ်မှာတောက်လျှောက်အိပ်ပျော်လာခဲ့တာကို သတိရတော့ သူပြုံးမိပြန်တယ် ၊ အခုတလော အစားများလို့လားမသိ ခဏခဏကို အိပ်ငိုက်နေတော့တာပဲ ။ မျက်ဝတ်တွေများနေတဲ့ မျက်လုံးကိုပွတ်သပ်ဖို့အတွက် လက်လှမ်းမိလိုက်တဲ့အချိန်မှာ မြင်လိုက်ရတဲ့ ပိုးသားအဖြူကြောင့် မျက်လုံးတွေပါ ပြူးသွားသလိုပဲ ။ ဒါက သူဝတ်လာတဲ့ ရှပ်အင်္ကျီမဟုတ်နေခဲ့ဘူး ။ တစ်ကိုယ်လုံးကို ခြုံကြည့်မိလိုက်တဲ့အချိန်မှာတော့ သူဝတ်ထားတာက ဆိုဒ်နည်းနည်းကြီးနေတဲ့ ညအိပ်ဝတ်စုံတစ်ခုဖြစ်နေတယ် ။
" ဒါ.. ဒါကြီးက.. "
" ကိုယ်လဲပေးထားတာလေ.. မင်းဝတ်ထားတာကြီးနဲ့ဆို အိပ်ရတာ သက်သောင့်သက်သာ မရှိမှာစိုးလို့.. "
လက်တွေက အလိုအလျောက် ပခုံးနှစ်ဖက်ကို ကြက်ခြေခတ်ပုံစံဆုပ်ပြီး ရင်ဘတ်ကိုကွယ်မိသွားတဲ့အချိန်မှာတော့ ZiYiက ဟက်ဟက်ပက်ပက်ကို ရယ်ပါတော့တယ် ။ ဘာလို့သူမသိတဲ့အချိန်မှာ အခုလို ချွတ်လိုက်ဝတ်လိုက်တွေလုပ်လိုက်တာတုန်း ။
" ဘာတွေရှက်နေတာတုန်း.. ဘာမှလည်း ထပ်မြင်စရာမရှိပါဘူး သဲလေးရယ်.. ကိုယ်က မမြင်ဖူးတာကျနေတာပဲ.. "
" ကျွန်တော် တစ်လမ်းလုံးအိပ်လာတာလား.. "
" အင်း.. ကိုယ်နှိုးတာတောင် မနိုးလို့ ဒီထဲအထိ ကိုယ်ပွေ့ခေါ်လာပေးထားတာ.. အဲ့တုန်းကတော့ ပါးကိုခိုးနမ်းမိထားသေးတယ်နော်.. ဒါကတော့ ဒီအတိုင်း အသိပေးတာပါ.. "
