ZiYi ရဲ့မိဘအိမ်ကနေ ပြန်ရောက်လာတဲ့ အချိန်နောက်ပိုင်းမှာတော့ XuKun ရဲ့ ဘဝအခြေအနေက ပုံမှန်အတိုင်းပဲ ဆက်ရှိနေခဲ့ပါတယ် ။ ကုမ္ပဏီကို သွားရင်း သူသဘောကျတဲ့ ဒီဇိုင်းတွေဆွဲမယ် ၊ ပိတ်စတွေလိုက်ကြည့်မယ် ။ မန်နေဂျာရဲ့ အတွင်းရေးမှူးဖြစ်နေတာကြောင့် အရင်လိုတော့ အလုပ်တွေ ရှုပ်ယှက်မနေဘဲ သူ လုပ်ချင်တဲ့အလုပ်တွေမှာ ပိုပြီး အချိန်ပေးအာရုံစိုက်နိုင်တာမလို့ ဒါကလည်း တမျိုးကောင်းတာပဲလို့တောင် တွေးမိလိုက်ပါသေးတယ် ။
သူ့နားမှာ အမြဲတဝဲလည်လည်ရှိနေမယ်လို့ ထင်ထားတဲ့ Wang ZiYi ကိုလည်း အခုနောက်ပိုင်း သူသိပ်မမြင်ရတော့ပါဘူး ။ မနက်ရုံးလာတုန်း အခန်းထဲကနေ သူ့ကိုစောင့်နေတဲ့ အပြုံးတစ်ခုကို တွေ့ပြီးတိုင်း နောက်တစ်ခါပြန်တွေ့ဖို့က ခပ်ရှားရှားပင် ။ ဆောင်းရာသီအထူးအဖြစ် ရောင်းအားတက်တဲ့ကာလဖြစ်နေတာကြောင့် တစ်ရုံးလုံးနည်းတူ ZiYi ကပါ အလုပ်ရှုပ်နေပုံပင် ။ အတွင်းရေးမှူးအဖြစ် ရာထူးတက်ထားသော်လည်း ကူညီသင့်သည်များကို လိုက်လံကူညီတတ်သော XuKun ကို တစ်ရုံးလုံးက ချစ်ခင်ကြသည် ။
မျက်လုံးရှေ့မှာ အစဉ်တစိုက် မြင်နေရသူအား မတွေ့ရတာကြာသောကြောင့်လားမသိ ၊ XuKun စိတ်ထဲ ခံစားရသည်မှာ တစ်မျိုးကြီးပင် ။ တစ်ခါတလေတွင် ထပဲထရမလို ၊ ဒါမှမဟုတ်ရင် ခုံမှာပဲ ထိုင်ရမလိုနှင့် ။ အရောင်များကို ရွေးလျှင်လည်း ခဲတံများကို တစ်ချောင်းမကျန် ကောက်ကိုင်ကြည့်နေသော်ငြား မည်သည့်အရောင်ကမှ စိတ်တိုင်းမကျစေ ။ ယုတ်စွအဆုံး ကုမ္ပဏီက ကျွေးတဲ့နေ့လည်စာကိုတောင် အရသာ အစပ်အဟပ်က ညံ့လိုက်တာဆိုပြီး အပြစ်တင်လာတတ်သည် ၊ သို့သော် အခြားသူများကတော့ ပုံမှန်ပါပဲလို့ ဆိုသည် ။
အရင်လိုမျိုး စိုက်ကြည့်ခံနေရသည့် ခံစားချက်မျိုးမရှိ ၊ ဂရုစိုက်ခံနေရတာပဲဆိုပြီး စိတ်ထဲပြည့်နှက်နေတဲ့ လုံခြုံမှုတွေလည်း ပျောက်ရှသွားသလိုပင် ။ ပြောရရင်တော့ အတော်လေးကို ဟာတာတာကြီးဖြစ်လို့နေသည် ။ အနားမှာ လူတစ်ယောက်မရှိရုံနဲ့ ဒီလောက်ထိ ပျင်းရိစရာကောင်းသွားလောက်တဲ့အထိ သူ့ရဲ့နေထိုင်မှုဘဝကြီးက ပျော်စရာတွေကင်းမဲ့နေခဲ့တာလား ၊ ဒါမှမဟုတ် သူက ဒီလူကိုမှ တွေ့ချင်ပါရဲ့ဆိုပြီး မျှော်လင့်နေတာမျိုး.. ။