လက်ကောက်ဝတ်က နာရီကို ကြည့်လိုက်တော့ ညဆယ်နာရီကျော်လို့ ဆယ့်တစ်နာရီတောင် ထိုးတော့မယ် ။ ရုပ်ရှင်ကလည်း ပြီးသွားတာ ၅မိနစ်လောက် ရှိနေပြီ ။ ဒါပေမယ့် သူ့ပခုံးကို မှီအိပ်ထားတဲ့ KunKun က အခုထိကို နိုးမလာနိုင်သေးဘူး ။ တစ်နာရီကျော်လောက် အမှီခံထားရတဲ့ ပခုံးက ကျဉ်နေပေမယ့်လည်း သူ့လက်ကို ချိတ်ထားတဲ့ လက်သေးသေးလေးကို မြင်လိုက်ရတာနဲ့တင် ပြုံးမိပြန်ရောပဲ ။
" KunKun ရုပ်ရှင်ပြီးနေပြီ ထတော့ "
နည်းနည်းလေး လူးလိမ့်သွားတာက လွဲရင် ဘာတုံ့ပြန်မှုကိုမှ မရဘူး ။
" ဆက်အိပ်နေရင် ကိုယ့်အိမ်ကို ပွေ့ပြီး ခေါ်သွားမှာနော် "
" နိုးပြီ.. ကျွန်တော် နိုးပြီ "
လည်ပင်းသားတွေကို ဖွဖွလေး ပွတ်မိရုံနဲ့ ချက်ချင်းကို ထောင်လာတဲ့ ခေါင်းစုတ်ဖွားလေးက သူ့ကို ကြည့်ပြီး ပြုံးပြလာတယ် ။ ချိတ်ထားတဲ့ လက်နဲ့ မှီမိတဲ့ ပခုံးကျယ်တွေကို မြင်တော့ အားတုံ့အားနာ ဖြစ်သွားတဲ့ ပုံစံလေးနဲ့ ။ ပြီးတော့ ဘေးနှစ်ဘက်ကို ကြောင်တောင်တောင် ဟိုကြည့်ဒီကြည့်လုပ်လေရဲ့ ။
" ရုပ်ရှင်က ပြီးသွားပြီလား "
" ဆယ်မိနစ်လောက်တောင် ရှိတော့မှာပေါ့ "
" ကျွန်တော် အိမ်ပြန်တော့မယ် မန်နေဂျာ.. "
" ဒီအချိန်ကြီးကို တစ်ယောက်ထဲ မလွှတ်နိုင်ပါဘူး ကိုယ်လိုက်ပို့မှာပေါ့ "
ပခုံးကို ဖွဖွလေး ဆွဲညှစ်လာတဲ့ မန်နေဂျာကို XuKun ဘုကြည့်ကြည့်ချင်လိုက်တာ ။ ဘယ်လိုလူက သူ့ထက်ပိုပြီး အန္တရာယ်များနိုင်ဦးမှာတဲ့လဲ ။
ဒါပေမယ့် ပြောရေးဆိုခွင့်မရှိတဲ့ လူလိမ္မာလေး သူကပဲ ငြိမ်ခံနားထောင်ပေးရတာပေါ့လေ ။
ဘာစကားမှ ပြောမနေတော့ဘဲ မန်နေဂျာက လက်တွဲသွားတဲ့ နောက်ကိုပဲ လိုက်သွားရင်း ကားပေါ်မှာ တက်ထိုင် ၊ သူ လိုက်ပို့လို့ အိမ်ပြန်ရောက်မယ့် အချိန်ကို ငြိမ်ငြိမ်လေး စောင့်ရတော့တာပဲ ။ စကားများနေကျ ဖြစ်တဲ့ XuKun က သူနဲ့ကျမှ ပါးစပ်ပိတ်နေရတာလဲ ပျင်းဖို့ကောင်းလာတယ် ။ ဒီနေရာမှာ တခြားသူသာဆို စကားများလွန်းလို့ သူအပြောခံနေရလောက်ပြီ ။ မန်နေဂျာနဲ့ကျ သူ မပြောလည်း မပြောရဲသလို ပြောချင်စိတ်လည်း သိပ်ပြီး ရှိမနေဘူး ။