အရေးအကြောင်းပေါ်လာတဲ့အခါမှာ အနီးဆုံးတိုင်ပင်စရာသူကတော့ MingHao တစ်ယောက်ပဲ ရှိတာမလို့ အိမ်ကိုလာဖို့ ဖုန်းဆက်ခေါ်လိုက်ရတယ် ။ XuKun ပြောတဲ့စကားတွေကို အေးအေးလူလူ ထိုင်နားထောင်နေတဲ့ MingHao က ဘာမှပြန်မပြောသေးဘဲနဲ့ ဘူးထဲက ကြက်ကြော်ကို တူနဲ့လှမ်းယူရင်းကိုက်လိုက်တယ် ။ အစီအရီထောင်ထားတဲ့ ဆိုဒါဘူးတွေကိုလည်း MingHao တစ်ယောက်ထဲကပဲ သောက်နေတယ် ။ XuKun မှာတော့ ဆေးရုံကနေ ပြန်လာပြီိးထဲက ဘာမှမစားနိုင်မသောက်နိုင်သေးဘူး ဖြစ်နေပြီ ။
" အဲ့တော့ ငါအခုပြောချင်တာက. "
" ငါနားလည်ပြီ.. မင်းဟိုနေ့ကပြောထားတဲ့အတိုင်း မန်နေဂျာနဲ့ မူးပြီးမှားတယ်.. အခုမင်းဗိုက်ကြီးနေပြီ ဟုတ်တယ်မလား အကျိုးတွေကို နည်းတော့တာပဲ "
XuKun က ရုတ်တရက် သူ့ကို လက်ညှိုးတထိုးထိုးနဲ့ ပြောနေတဲ့ MingHao ရဲ့ကော်လံကို ထဆွဲတယ် ။
" ငါတို့မှားခဲ့တာ မှန်ပေမယ့် နှစ်ဦးသဘောတူမှ မဟုတ်တာ !! ငါက ဘလိုင်းကြီး ခံလိုက်ရတာလေ !! သူက ဒီအတိုင်းကြီးလုပ်သွားတာလို့ "
" Wang ZiYi က မင်းကြည်ဖြူလို့ ရှေ့ဆက်တိုးတာဆိုပြီး ပြောတယ်ဆို "
သူက ကော်လံကို ဆွဲထားပေမယ့် MingHao ကအေးအေးဆေးဆေး ကြက်ကြော်ကို ကိုက်ကောင်းနေတုန်းပဲ ။ သူတို့နှစ်ယောက်ကြားမှာ အခုလိုမျိုး အချင်းချင်း ဆွဲတာတွေက ဖြစ်နေကျမလို့ ပုံမှန်လိုပဲ ဖြစ်နေတယ် ။
" ငါ မငြင်းမိပေမယ့် လက်ခံတာတော့ မဟုတ်ဘူးလေ ! "
MingHao ကို ဆွဲကိုင်လှုပ်ယမ်းပြီး ညည်းညူနေတဲ့ သူ့ပုံစံကို မြင်ပြင်းကပ်လာသလို MingHao ကကြည့်လာတယ် ။ အားပြင်းပြင်းနဲ့ ကိုင်ထားမိလို့ MingHao ဝတ်လာတဲ့ အင်္ကျီလည်း လည်ပင်းကျယ်လာပြီး ပခုံးသားဖြူဖြူတွေပါ ပေါ်လာနေပြီ ။ မျက်လုံးပေါ် ကျလာတဲ့ ဆံပင်ရွှေရောင်ဖျော့ဖျော့တွေကို သပ်တင်လိုက်တဲ့ MingHao က သူ့လက်ကောက်ဝတ်ကို ကိုင်ပြီး လက်တွေကို ခွာဖို့ကြိုးစားတယ် ။
" ငါ့ကို လွှတ်.. "
ဆက်ဆွဲနေရင် ကော်လံပြဲတော့မှာမလို့ လွှတ်ပေးလိုက်ရပေမယ့် စိတ်မပြေသေးတာကြောင့် XuKun အခုအထိ တစ်ခုခုကို အုန်းခနဲ ၊ ဒိုင်းခနဲ ရိုက်ပစ်ချင်နေတုန်းပဲ ။ မရိုက်ရရင် စိတ်ပြေမယ့်ပုံ မပေါ်တာမလို့ အနားမှာ ရှိတဲ့ နံရံကိုပဲ ခြေထောက်နဲ့ အားရပါးရကန်လိုက် ၊ လက်သီးနဲ့ ထိုးလိုက် လုပ်နေမိတယ် ။ ချစ်လှစွာသော သူငယ်ချင်းကောင်းလေး Huang MingHao ကတော့ ဆိုဒါဘူးကို အသောက်မပျက်ဘူး ။ အဲ့လောက် ဝုန်းဒိုင်းကြဲအသံတွေ ထွက်နေတာတောင် သူ့ကို တစ်ချက်လေးမှ လှည့်မကြည့်တဲ့ လူက ဘယ်လိုလုပ် သူ့အခင်ဆုံးသူငယ်ချင်း ဖြစ်နေရတာလဲ ။