တဖြည်းဖြည်းနဲ့ မှောင်မိုက်လာတဲ့ ကောင်းကင်ပြာမှာ သေးငယ်တောက်ပနေတဲ့ ကြယ်ပွင့်လေးတွေက ဟိုတစ်စဒီတစ်စ နေရာယူလာတယ် ။ သူ့ကို မပြန်ပါနဲ့ဦး ဆိုပြီး ဆွဲထားတဲ့ ZiYi ကြောင့် XuKun အခုထိ ပန်းခြံထဲကနေ မပြန်ဖြစ်သေးဘူး ။ MingHao ကိုတော့ ပြန်နှင့်ဖို့အတွက် စာပို့ထားပြီးတာမလို့ အခုလောက်ဆို အိမ်ပြန်သွားလောက်ပါပြီ ။
ZiYi နဲ့ ဘာစကားမှမပြောဖြစ်ဘဲ ဒီအတိုင်းထိုင်နေရတာက နည်းနည်းတော့ ကသိကအောက်နိုင်ပေမယ့် တစ်နည်းတစ်ဖုံလည်း စိတ်လှုပ်ရှားစရာကောင်းနေတာကြောင့် XuKun ငြိမ်နေမိတယ် ။ ပြောရရင်တော့ ZiYi ဘက်ကနေပြီး စကားစလာဖို့ကို သူစောင့်နေခဲ့တာပေါ့ ။
" KunKun လမ်းလျှောက်ချင်လား.. "
" ကောင်းသားပဲ.. "
နေရာကနေ ထလိုက်တဲ့အချိန်မှာ ZiYi က သူ့လက်ဝါးတစ်ခုလုံးကို လက်ချောင်းရှည်ရှည်တွေနဲ့ အုပ်မိုးပြီး ဆုပ်ကိုင်လိုက်တယ် ။ ရုတ်တရက်ကြီးမလို့ ရင်ဖိုသွားတာကိုတော့ XuKun မငြင်းချင်ဘူး ။ အခြေအနေတွေက အရင်ကနဲ့ သိပ်ပြီးမတူတော့တဲ့အခါမှာ ဖြစ်လာသမျှ အသေးအမွှားတိုင်းက ရင်ခုန်လှိုက်မောစရာတွေ ဖြစ်နေတယ် ။
ဥပမာ ဒီနေ့ ZiYi ဆွတ်လာတဲ့ ရေမွှေးနံ့က သူသုံးနေကျ ရနံ့နဲ့ တစ်ပုံစံထဲ ဆင်တူနေတာမျိုး ။ မတူညီတဲ့ လူနှစ်ယောက်က တူညီတဲ့ ကိုယ်သင်းနံ့ကို မျှယူထားတယ်ဆိုတာ ရင်ခုန်စရာတစ်မျိုးပဲ မဟုတ်ဘူးလား ။ XuKun ကတော့ အဲ့လိုပဲ တွေးတယ် ။
ဒီလိုကြီးတွေးမိတာကြောင့် သူက သေးသေးလေးတွေကအစ မချန်ဘဲ လိုက်တွေးတတ်နေတဲ့သူများ ဖြစ်သွားမလား ။
ပန်းခြံမှာ လမ်းလျှောက်နေကျပေမယ့် အရင်ကနဲ့ မတူသလိုခံစားနေရတယ် ။ အရင်တုန်းက ဘယ်သူ့လက်ကိုမှ ကိုင်ပြီး လမ်းမလျှောက်ဖူးတာလဲ ပါလိမ့်မယ် ။ လှမ်းလိုက်တဲ့ခြေလှမ်းတစ်လှမ်းစီက ငြိမ့်ညောင်းနေပြီး ဆုပ်ကိုင်ခံထားတဲ့ လက်ဖမိုးက တစ်စတစ်စ နွေးထွေးလာသလိုပဲ ။ ကြည်နူးစရာ ၊ ချစ်ကြည်ဖွယ်ရာပုံစံမျိုး ဖြစ်နေတဲ့ သူတို့နှစ်ယောက်က သာမန်ဆက်ဆံရေးမဟုတ်မှန်း မြင်တဲ့သူတိုင်း ပြောပြနိုင်တဲ့အနေအထားမျိုး ။ ဒါပေမယ့် အခုချိန်ထိ ဘာစကားမှ မပြောသေးတာကြောင့် သူတို့နှစ်ယောက်ကြားမှာ ထူးဆန်းစိမ်းသက်နေတဲ့ အငွေ့အသက်လေးတွေတော့ ကျန်နေတုန်းပဲ ။