1K 27 1
                                    


                           အခန်း (၁ )
          "မမကြီး ငွေ လှရဲ့လား။"
         "အေးလှပါတယ်။ ငါ့ကိုလည်း ကြည့်ပေးဦး ဒီဝတ်စုံနဲ့ဆို ကလက်သလိုများ ဖြစ်နေမလားလို့"
         ဘေးခန်းမှ မမကြီးနဲ့ မမငွေကတော့ မှန်ရှေ့တွင် အလုအယက် နေရာယူရင်း အပြိုင်အဆိုင် အလှပြင်နေကြသည်။ တစ်အိမ်လုံးလည်း ဆူညံလို့နေသည်။ ဘာဖြစ်နေကြပါလိမ့်။
       "မမတို့ တိတ်တိတ်နေကြပါဗျာ။ အစောကြီး ဆူညံဆူညံနဲ့။ ညက အိပ်ရေးပျက်လို့ မနက်အိပ်ရမလားမှတ်တယ်။ စိတိပျက်တယ်။"
      "ဟဲ့ သိုးလေး ဒီနေ့အထူးဧည်သည်လာမယ်တဲ့။ နင်မသိဘူးလား။ အေးလေ နင်နဲ့မှမဆိုင်တာ သူက မိန်းမပဲယူမှာကိုး။"
       အငယ်မ မမငွေက သိုးကို အော်ဟစ်ပြောနေသည်။ သိုး အကုန်တော့ နားမလည်ပါ။
       "ဟာဗျာ ဘာတွေလဲ။ ရှုပ်နေတာပဲ။ မမကြီး ဘာတွေလဲ။"
       "အေး ဒီနေ့လာမယ့် ဧည်သည်က ငါတို့တွေကို ဇနီးလောင်းရွေးဖို့လာမှာ။ ငါတို့ကိုကြိုက်ရင် တစ်ယောက်ယောက်ကို ယူလိမ့်မယ်။ မကြိုက်ရင်တော့ တစ်ခြားမိန်းမတွေကို ယူလိမ့်မယ်။ ငါတို့က သူ့အရွေးချယ်ခံဖို့ စောင့်နေရတာပေါ့ဟာ။"
          "ဘာ မမတို့က ရူးနေလို့ အဲဒါကို သဘောတူတာလား။ အဲအကောင်လာရင် တစ်ယောက်မှ ထွက်မတွေ့နဲ့ ထွက်တွေ့တဲ့သူ သိုးနဲ့ အတွေ့ပဲ။"
              "အဲဒါကို နင် မေမေ့ကို သွားပြော။ ငါတို့လည်း မတတ်သာလို့သာ လိုက်လျောရတာ။ "
             မမကြီးရဲ့ခပ်အက်အက်အသံကြောင့် သိုး စိတ်မကောင်းဖြစ်သွားသည်။ ဧည့်သည်ဆိုသူကိုရော၊ မေမေ့ကိုပါ စိတ်တိုမိသည်။ မဖြစ်ဘူး ဒီကိစ္စ သိုးဝင်ပါရလိမ့်မည်။
                    *****************
              "သူက နင်တို့အဖေရဲ့ ကျေးဇူးရှင်ပဲ။ ငါတို့အကြွေးတွေကို ဆပ်ပေးပြီး ဒီအိမ်ပေါ်က မဆင်းရအောင် ကူညီထားတာ။ ကုန်ကုန်ပြောရရင် ဒီအိမ်က သူ့အိမ်ပဲ။"
             "အဲဒါများ မမတို့က အလှပြင်နေစရာလား။ ပွင့်ပွင့်လင်းလင်း ခွင့်တောင်းနေမယ်။ အမှန်ဆို စားကောင်းသောက်ဖွယ်တွေနဲ့ ကြိုရမှာလေဗျာ။ ခုတော့ ဘာမှ မချက်မပြုတ်ဘဲ မမတို့ကို အလှပဲ ပြင်ခိုင်းရလား။"
              "နင်မသိပါဘူး။ သူက လူပျိုကြီး။ ခု သူ့အမေက သူ့ကို အိမ်ထောင်ပြုခိုင်းနေပြီ။"
                "အဲဒါနဲ့ မမတို့က အလှပြင်ကြရောလား။ သူက မမတို့ကို ယူမယ်လို့ ပြောလို့လား။"
             သိုးရဲ့ ခပ်ရွှဲုရွဲ့စကားကြောင့်   မေမေက သိုးကို မျက်စောင်းထိုးလိုက်သည်။
             "ကိုမောင်နဲ့ သူက အရမ်းရင်းနှီးတာ။ သူအိမ်ထောင်ပြုရင် ကိုမောင့်သမီးတွေကို အရင်စဉ်းစားမယ်တဲ့။ အစကတော့ မေမေလည်း အမှုမဲ့အမှတ်မဲ့ပဲ။ အခု သမီးတွေကလည်း ကျောင်းမပြီး၊ သားကလည်း အရွယ်မရောက်၊ ကိုမောင်ကလည်း ဆုံးပါသွားတာဆိုတော့ သူ့အထောက်ပံ့နဲ့ မကင်းနိုင်ဘူးလေ။"
             သိုး ထောင်းခနဲ ဒေါသထွက်သွားသည်။ အမေက စီးပွားရေးအတွက် သမီးတွေကို သူဌေးသားလား သူဌေးကြီးလားနဲ့ ပေးစားဖို့ ကြံစည်နေသည်။
           "သူဌေးက အသက်ဘယ်လောက်လဲ။ "
          "မေမေ့ထက် ခုနှစ်ငယ်တယ်။"
           "ဟာ။ လေးဆယ်နားကပ်နေပြီပေါ့။ မေမေက မမတို့ကို အဲဒီသူဌေးနဲ့ သဘောတူတယ်ပေါ့။ မသိရင် မမတို့ကို ရောင်းစားနေတဲ့အတိုင်းပဲ။ မမတို့ကရော အဲဒီ သူဌေးကို ကြိုက်ကြတာပဲလား။"
             မေမေ မျက်နှာတစ်ချက်ပျက်သွားပေမယ့် ချက်ချင်းထိမ်းကာ ကြိုးစားပြုံးလိုက်သည်။ အဝေးကိုငေးပြီး ခပ်တိုးတိုးလေး ပြောလိုက်သည်။
             "အိမ်တစ်လုံးရဲ့ တန်ဖိုးကို အဲဒီအိမ်ကို ဆုံးရှုံးလိုက်ရမှ သိကြမှာ။ သားသိလား သားမမတွေက မိန်းကလေး သူတို့နေဖို့ အိမ်လိုတယ်။ အခု ဒီအနီးတစ်ဝိုက်ကို စက်ရုံဆောက်ဖို့ စီစဉ်နေတယ်ကြားတယ်။ ဒီအိမ်ပါ ဖျက်ပေးရရင် ဘယ်လိုလုပ်မလဲ။ မေမေတို့ ဘယ်သွားနေရမလဲ။"
         ဖေဖေ့အကြွေးတွေကို ဆပ်ပေးထားသလို ဒီအိမ်ကိုလည်း သူဌေးက ပြန်ဝယ်ထားသည်ဟု သိထားပြီးဖြစ်သည့်အတွက် မေမေ ရင်ပူမယ်ဆိုလည်း ပူနေလောက်သည်။
            "သားမမတွေကလည်း ဘယ်ယူချင်ပါ့မလဲ။ ဒါပေမယ့် နှလုံးသားတို့ အချစ်တို့ဆိုတာ ငွေမရှိရင် တန်ဖိုးမရှိတော့ပါဘူးသားရယ်။ သားမမတွေနဲ့ အိမ်ထောင်ပြုဖြစ်ရင် မေမေတို့ အခြေမပျက်ဘဲ ဆက်နေနိုင်မယ်သား။ တခြားသူကိုသာ အိမ်ထောင်ပြုရင် မေမေတို့အတွက် မလွယ်လောက်ဘူး။ စက်ရုံတောက်ဖို့ စီမံကိန်းရယ်၊ တစ်ခြားသူသာ သူယူရင် သူ့အမျိုးသမီးက မေမေတို့ကို မကြည်ဖြူရင် ဘယ်လိုလုပ်မလဲ။"
          ပူပန်မှုများနှင့်အတူ ငေးရီနေသော မေမေ့မျက်နှာမှ မျက်ရည်တစ်စက် ကျလာသည်။ ဖြစ်နိုင်ရင် ထိုဒုက္ခအားလုံးကို သိုးသာ ခါးဆီးခံလိုက်ချင်သည်။ သူဌေးကို သိုးသာ တောင်းပန်လိုက်ချင်သည်။ ဟာ သူဌေးက သိုးကို ယူမယ်ဆိုရင်ရော………
          "ဆင်းရဲတဲ့အရသာက အင်မတန်မှ ဆိုးတယ်သား။ အရမ်းဆင်းရဲလာရင် အထင်သေးခံရတာ၊ အနှိမ်ခံရတာ၊ အစော်ကားခံရတာတွေကို ဆင်းရဲဖူးသူတွေမှသိတယ်။ မေမေ့သားသမီးတွေ မဆင်းရဲစေချင်ဘူး။"
                  ******************
      သူဌေးဆိုသူက မထိုင်ခင် မမကြီးတို့နှစ်ယောက်ကို အကဲခတ်ပြီးမှ ခေါင်းရင်းဘက်က ခုံမှာ မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ သူဝယ်မည့်အရုပ်ကို စစ်ဆေးသလို အကြည့်မျိုးဖြင့် ကြည့်သောအကြည့် ဖြစ်သည်။ သိုး ထိုအခြေအနေကို စိတ်ပျက်လှသည်။ သူဌေးဆိုသူမှာ အသက် ၄၀နီးနီးသာပြောတယ် နုနယ်ခန့်ညားလွန်းလှသည်။  အစကတော့ မိသားစုအတွက် ပေးဆပ်ရန်စိတ်ကူးဖြင့် အလှပြင်ကာ ဇနီးလောင်း အရွေးခံဖို့ စောင့်နေကြသောမမတို့ ယခုတော့ သူဌေးကို နှစ်လိုစွာ ငေးမောနေကြသည်။ သူဌေး၏ဇနီးအမှန်တကယ် ဖြစ်ချင်လိုကြသလိုပင်။
             "ကျတော့်နာမည် မင်းသခင်ပါခင်ဗျ။ အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ်။"
            ဟာဗျာ တင်စီးလိုက်သည့် နာမည်။ မင်းသခင်တဲ့။ မင်းက ဘုရင်ဖြစ်ရသည့်အထဲ သခင်လည်း ဖြစ်လိုက်သေးသည်။
            "ဒါ ကျမသမီးအကြီးမ ရွှေအဆင်းပါ။ ဒါက သမီးငယ် ငွေရတုပါ။"
             မေမေ့က စတင် မိတ်ဆက်လိုက်တော့ သူဌေးက မမတို့နှစ်ယောက်လုံးကို ပြုံးပြသည်။ သူဌေးက ပြုံးလိုက်မှ ပိုကြည့်ကောင်းသွားပြန်သည်။ သိပ်မကြာပါ သူဌေးမျက်ဝန်းတွေ သိုးထံ စူးခနဲ ကျရောက်သည်။ သိုး သူ့ကို ကြည့်နေရင်း ရောင်ယမ်းက မျက်လွှာချလိုက်သည်။ သူ့အကြည့်တွေက စူးရဲလှသည်။ မဟုတ်ဘူး။ အထက်စီးဆန်သည်။
             "သူကရော ဘယ်သူလဲ။ သူနဲ့လည်း မိတ်ဆက်ပေးဦးလေ အစ်မရ"
              သိုး အံ့သြစိတ်ဖြင့် သူဌေးကို မော့ကြည့်မိသည်။ ဘာလို့ သူ့ကို တကူးတက မိတ်ဆက်ခိုင်းနေတာပါလိမ့်။ ဟာကွာ မျက်လုံးတွေကလည်း ရိုင်းပျလှသည်။
              "သြော်…အင်း။ မေ့သွားလို့ပါ။ သူက ရာဇသွေးပါ။ အငယ်ဆုံးသားလေးပါ။"
                "သူ့အသက်နဲ့ ပညာအရည်အချင်းကရော။"
                 မေမေက မမတို့အကြောင်းသာ ပြောဖို့ကြိုးစားနေပေမယ့် သူဌေးက သိုးအကြောင်းမေးလိုက်တော့ မေမေ ကြောင်ငေးသွားသည်။ သိုးပဲ ဝင်ပြောလိုက်သည်။
                  "သိုးက အသက် ၁၈ပြည့်တော့မှာပါ။ အင်္ဂလိပ်မေဂျာနဲ့ အဝေးသင်တက်နေပါတယ်။ ဂိုက်လည်း လိုက်ပြပါတယ်။"
              သူဌေးက မျက်မှောက်ကြုတ်ကာ သိုးကို ကြည့်သည်။
               "သိုးက ဘယ်သူလဲ။ မင်းက သိုးလား။"
              လှောင်ပြောင်လ်ုသော အမှုအရာနှင့် မေးလာသော မေးခွန်းကြောင့် သိုး ရှက်ရွံ့သွားမိသည်။
              "ကျတော့်ကို အကုန်လုံးက သိုးလို့ ချစ်စနိုးနဲ့ ခေါ်ကြရင်းနဲ့ သိုးလို့ပြောရင်း နှုတ်ကျိုးသွားလို့ပါ။ အဲဒီမည်ကိုလည်း ကြိုက်လို့ပါ။ သိုးဆိုတာ ဖြူစင်တယ်။ အပြစ်ကင်းတယ်လေ။ စီးပွားရေးသမားတွေလို မကောက်ကျစ်ဘူး။ မာယာမများဘူး။ ဖြူစင်တယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ပါ။"
          မေမေရော မမတို့ပါ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ သူဌေးကတော့ မျက်နှာတစ်ချက်မပျက်ပေ။ မေမေက ပျာပျာသလဲ ပြောရှာသည်။
               "ဟဲ့သိုး ဘယ်လိုပြောလိုက်တာလဲ။ အားနာစရာကြီး။ စိတ်မရှိပါနဲ့ သူဌေးရယ်။ သူက ငယ်သေးလို့ပါရှင်။ လာရင်းကိစ္စပဲ ဆွေးနွေးကြမယ်နော်။"
            လာရင်းကိစ္စဆိုသော စကားကြောင့် သူဌေး အာရုံပြောင်းသွားသည်။ မမရွှေနှင့် မမငွေလည်း စိတ်ဝင်တစား ဖြစ်သွားသည်။
              "ကျတော် ဦးကိုကိုမောင်ကို ကတိပေးထားဖူးတယ်။ ကျတော် ၄၀ပြည့်တာနဲ့ အိမ်ထောင်ပြုဖို့ရယ် အိမ်ထောင်ပြုရင် သူ့သမီးတွေကို အရင်စဉ်းစားဖို့ရယ်ပါ။ ဒါကြောင့်အခု ကျတော့်ရဲ့ ပထမဦးစားပေး ဇနီးလောင်း လာကြည့်တာပါ။"
             ပွင့်လင်း ပြတ်သားသော အပြောကြောင့် မေမေရောမမတို့ပါ မျက်နှာပျက်သွားပေမယ့် သူဌေးက ခပ်တည်တည်ပင်။ တစ်ဘက်သားကို သူ့စိတ်ကြိုက်ချယ်လှယ်စရာ အရုပ်လို မှတ်ယူထားသလိုပင်။ သူ့ကိုယ်သူလည်း အထင်ကြီးလွန်းလှသည်။  တစ်ဘက်လူရဲ့ ဆန္ဒကို ထည့်မတွက်တတ်ပေ။
          "သူဌေးဘက်က ပွင့်ပွင့်လင်းလင်း ပြောလာမှတော့ ကျမတို့ဘက်ကလည်း ပွင့်ပွင့်လင်းလင်းပဲ မေးပါ့မယ်။ သူဌေးရဲ့သဘောထားလေးသိပါရစေ။ ကျမ သမီးနှစ်ယောက်ထဲက ဘယ်သူ့ကို သဘောကျလဲ။"
                တစ်အိမ်လုံး အပ်ကျသံမျှမကြားရအောင် တိတ်ဆိတ်နေသည်။ သူဌေးရဲ့ အဖြေကို အားလုံးက ရည်ရွယ်ချက်အသီးသီးဖြင့် စိတ်ဝင်တစား စောင့်စားနေသည်။ မေမေက အိမ်နှင့်သားသမီးများရှေ့ရေးအတွက် ဖြစ်သည်။ မမတို့ကရော။ ပြီးတော့ သိုးကရော။
           "ကျတော် အစ်မရဲ့သမီးတွေကို သဘောမကျပါဘူး။ ကျတော် လိုချင်တဲ့သူက  …………
     

နှင်းဆီဖြူပုံပြင်Where stories live. Discover now