305 10 0
                                    


                          အခန်း (၆)
           "ဒေါက်…ဒေါက်"
            ဘုရားရေ။ သူတို့ လာကြပြီလား။ သိုး ဘာလုပ်ရမလဲ။
            "ဒေါက်… ဒေါက်"
             ဟာ ထပ်ခေါက်ပြန်ပြီ။ သိုး ချီတုံချတုံဖြင့် တံခါးနားသို့ ပြေးသွားမိသည်။ ဟာ ဟုတ်သားပဲ သော့က အပြင်က ခတ်သွားတာပဲ။ သိုးမှ ဖွင့်လို့မရတာပဲ။ ခဏကြာပြီးနောက် အသံအားလုံး တိတ်ဆိတ်သွားပြန်သည်။ စာလာပို့တာတို့ မီတာခ လာကောက်ခြင်းတို့လည်း ဖြစ်နိုင်သည်ပင်။ သို့သော် သူတို့အချိန်မရွေး လာနိုင်သည်။ လာကြလိမ့်မည်။ သိုး ဒီတိုင်းနေပြီး ကံကြမ္မာဆိုးကို စောင့်နေ၍ မဖြစ်ပေ။ သိုး တစ်ခုခု လုပ်ရမည်။ သိုး ပြတင်းပေါက်ဆီသွားကာ ဘေးတိုက်၏ သုံးလွှာက သက်တံ့ဆိုသော ကောင်လေးနှင့် စကားပြောရင်း အကြံထုတ်နေလိုက်သည်။
            သိုး ကြိုးခွေများကို ရှိလိုရှိငြား ရှာဖွေနေမိသည်။ သို့သော် ရှာမတွေ့ပေ။ သိုး ကတ်ထူ စက္ကူပေါ်တွင် "ကြိုးခွေ တစ်ခွေလောက် ရနိုင်မလား" ဟု ရေးကာ သက်တံ့ကို ထောင်ပြလိုက်သည်။ သက်တံ့က "ကြိုးတော့ရှိတယ်။ ဘယ်လိုပေးရမလဲ။"ဟု ပြန်ဖြေသည်။ သိုးနေသော အခန်းနှင့် သူ့အခန်းမှာ ပေ ၂၀ခန့် ဝေးသည်။ "ပစ်ပေးပါလား" သိုး ပြန်ရေးပေးလိုက်သည်။ သူ အကြာကြီး ငြိမ်နေပြီးမှ ဝှီးချဲကို ကိုယ်တိုင်တွန်းကာ ပြတင်းပေါက်မှ ခွာသွားခဲ့သည်။ သိုး စိတ်ဓာတကျကာ အိပ်ယာထက်တွင် စိတ်ပျက်လက်ပျက် လဲအိပ်ပစ်လိုက်သည်။
              "ဘုတ်"
              "အောင်မလေးဗျ"
              အသံကြောင့် သိုး လန့်ဖျန့်ကာ ထခုန်လိုက်မိသည်။ သိုး ထကြည့်လိုက်ချိန်မှာတော့ အလွန်အမင်း ဝမ်းသာသွားသည်။ ကြိုးခွေတစ်ခွေ သိုး အခန်းထဲရောက်နေသည်။ သိုး ပြတင်းပေါက်ဆီ ပြေးသွားကာ ဘေးတိုက်ဆီ လှမ်းကြည့်လိုက်သည်။ သက်တံ့က သိုးကို လက်မလေး ထောင်ပါကာ "အဆင်ပြေလား"ဟု ပါးစပ်လေးလှုပ်ရုံ မေးလာသည်။ သိုး သူ့ကို ဝမ်းသာအားရ ပြုံးပြလိုက်သည်။ သိုး စာရွက်ပေါ်တွင "် ကျေးဇူးတင်ပါတယ်ကွာ" ဟုရေးကာ သူ့ကို ထောင်ပြလိုက်သည်။
            သိုး ပြတင်းပေါက်မှ အောက်ကို ငုံ့ကြည့်လိုက်မိသည်။ ဟာ အမြင့်ကြီးပါလား။ လက်ချော်၍ဖြစ်စေ၊ ကြိုးမခိုင်၍ဖြစ်စေ၊ သိုး ပြုတ်ကျပေလိမ့်မည်။ ပြုတ်ကျလျှင်ဖြင့် သိုး သေသွားလိမ့်မည်။ မသေလျှင်တောင် ခြေကျိုးလက်ကျိုး ဖြစ်ပေလိမ့်မည်။ ဟင့်အင်း သိုး အောက်ကို မဆင်းရဲပါ။ ဒါကဖြင့် ဒီအခန်းထဲမှာ သိုး ဆက်နေရမလား။ သိုးကို လာစော်ကားကြလျှင် သိုး ဘယ်လိုလူပ်ရပါ့မလဲ။ မဖြစ်ဘူး။ သိုး ဤနေရာမှ ထွက်ပြေးရမည်။ ပြီးလျှင် သိုး အပြီးအပိုင် ထွက်သွားရမည်။ ဟုတ်သည်။ သိုး ထွက်သွားရမည်။
               သိုး ကြိုးကို ကုတင်ဘောင်နှင့် ခပ်တင်းတင်း ကပ်ချည်လိုက်သည်။ ကြိုးနှစ်ခွေကို ဆက်ကာ အောက်သို့ ပစ်ချလိုက်သည်။ ကြိုးက မြေပြင်သို့ရောက်ရန် လူတစ်ရပ်စာလောက် ဝေးဦးမည်ဟု ထင်ရသည်။ သိုး ကုတင်ကို အပေါက်ဝနားသို့ မနိုင်မနင်း မရွေ့ကာ ကြိုးကို မြေကြီးနှင့်နီးအောင် အားထုတ်လိုက်သည်။ သိုးမျက်စိထဲတွင် ကြိုးက မြေမြင်နှင့် ဝေးကွာဆဲ ဖြစ်သည်။ သိုး စိတ်ပျက်လက်ပျက် ဖြစ်ရပြန်သည်။
               သိုး နောက်ဆုံးတွင် စောင်တစ်ထည်ကို ယူကာ ကြိူးအစွန်းနှင့် ကပ်ချည်လိုက်သည်။ သိုး ပြင်တင်းပေါက်ဘောင်ပေါ် တွယ်တက်ကာ ကြိုးကို လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သိုး လက်များ ပွန်းပဲ နာကျင်လေမလားပင်။ နာကျင်မှုကို သည်းမခံနိုင်ဘဲ သိုး လက်လွတ်လိုက်လျှင်ဖြင့် သိုး ပြူတ်ကျ ပေလိမ့်မည်။ သိုး ဆင်းသင့်လား။ မဆင်းသင့်ဘူးလား။ သိုး ဘယ်လိုလုပ်ရမလဲ။
                 ***********************

နှင်းဆီဖြူပုံပြင်Where stories live. Discover now