Destiny
Trip Special - 2မနေ့က ချောင်းသာရောက်တာနဲ့ ကမ်းခြေနားက ဘန်ဂလိုနှစ်လုံးငှားပြီး အနားယူလိုက်ကြသည် ။ ဒီနေ့မနက်မှ ရေထဲဆင်းကြရမည် ။
၄ ယောက်သား စောစောစီးစီးပင်လယ်ကို မြင်လိုက်ရတော့ လန်းဆန်း တတ်ကြွနေသည် ။ အကုန်လုံး ပြင်ဆင်ပြီး ဘောကွင်း ၂ ကွင်း ငှားကာ ကမ်းခြေသို့ ထွက်လာသည် ။
ညီမင်းယံ ဘောကွင်းတစ်ကွင်းယူပြီး ပင်လယ်ထဲပြေးဆင်းသွားသည် ။ မနက်ခင်းမို့ နေသိပ်မပူ ။ လေညှင်းများတစ်ဖြူးဖြူးတိုက်ခတ်နေပြီး လှိုင်းလုံးတွေကလည်း တစ်ဝုန်းဝုန်း ရိုက်ခတ်နေသည် ။ ပြာလဲ့နေသော မိုးကောင်းကင်ဖြင့် အဆုံးမရှိမြင်နေရသော မိုးပြာရောင် ပင်လယ်ကြီးက ထိစပ်နေသယောင် ။
မင်းယံ ခြေထောက်လွတ်သည်အထိ နက်သော ပင်လယ်ပြင်သို့သွားကာ ဘောကွင်းပေါ်တွင် ပက်လက်လှန်ပြီး လှဲအိပ်ချလိုက်သည် ။ လှိုင်းလုံးတွေ လာတိုင်း လှိုင်းစီးရသည်မှာ အရမ်းပျော်ဖို့ကောင်းသည် ။ ငြိမ့်ကနဲဖြစ်နေသော ရေပြင်ထက်မှာ ပက်လက်အနေအထားဖြင့် ကောင်းကင်ကြီးကို မော့ကြည့်ရသည်မှာ ကဗျာဆန်သည် ။ ရွေ့လျားနေသသော တိမ်တိုက်များက ဖြူလျလျဖြင့် မိုးပြာရောင် ကောင်းကင်ဖြင့် ပနံသင့်ကာ ပန်းချီတစ်ခုအလား လှပနေသည် ။
သဘာဝအလှတွေကို တစ်ဝကြီး ခံစားလိုက်သည် ။ ညီမင်းယံ ချောင်းသာကို ရောက်တာ ဒုတိယအကြမ်ဖြစ်သည် ။
ပင်လယ်ကြီးကို လွမ်းနေခဲ့သည်မို့ တစ်ဝကြီး ငေးကြည့်နေမိသည် ။
ကြည့်လို့ဝမှ ရှိန်းကို သတိရသည် ။"ဟိုက် ! သေစမ်း ရှိန်းကိုမေ့သွားတယ် "
လှမ်းကြည့်လိုက်တော့ ...
ရေက ခြေသလုံး တစ်ဝက်သာရှိသော ကမ်းစပ်မှာ ဟိုကြည့် ဒီကြည့်ဖြင့် လမ်းလျှောက်နေသည် ။ တီရှပ် အဝါရောင်အဖျော့ကို ဒူးလောက်ရှိသော ဘောင်းဘီတိုဖြင့် တွဲဝတ်ထားသည် ။
ဆံပင်တွေ တလွင့်လွင့်ဖြစ်နေကာ မျက်နှာကို မော့ပြီး လျှောက်နေပုံက တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေသည်အလား ။"ခွီးးး လူရှိန်အောင် စတိုလ်ကြီးနဲ့ လမ်းလျှောက်နေတယ် ရေဖြင့်မကူးတတ်ဘဲ"