ဖြူလုံး
..........
အိမ်မှာခွေးထီးလေးတစ်ကောင်မွေးထားတယ်။
အမွှေးဖြူဆွတ်ဆွတ်နဲ့တယ်ရီယာခွေးလုံးလုံးလေးမို့ နာမည်က ဖြူလုံး။
ဖြူလုံးကိုအိမ်ခေါ်လာတော့ ၄၅ရက်သားလေး...မီးပွိုင့်နားက ကွမ်းယာဆိုင်ကတောင်းဝယ်လာတာ။
အိမ်ရောက်ခါစက ဖြူလုံးကခလေးလေးဆိုတော့ နည်းနည်းအားငယ်တတ်တယ်။
သူ့ကိုနို့ဘူးတိုက်မွေးပြီးတော့..ရေမိုးချိုးပြီးရင်လည်း Dryerနဲ့လေမှုတ်အခြောက်ခံပေး၊ အမွှေးလေးတွေကို သေချာဖြီးသင်ပြီး ကလေးလေးပြုစုသလို ပြုစုယုယကြတာ။
ဖြူလုံးက အလိုလိုက်မှန်းသိတော့ခပ်ဆိုးဆိုးလေး...။
ကြက်ရိုးနဲ့ထမင်းလေးသေချာနယ်ပြီး ဖြူလုံးရေထမင်းလာစား လို့ခေါ်ရင်တောင် အိပ်နေရင်းနဲ့ခေါင်းတစ်ချက်ထောင်ကြည့်ပြီး စိတ်ပါမှထစားတာ၊ မစားချင်ရင်လှည့်တောင်မကြည့်ဘူး။
ဘောလုံးလေးဝယ်လာပြီး...ဖြူလုံးရေသွားကောက်ဆိုလည်း စိတ်ပါမှ တစ်ခါတစ်လေထကောက်ပေးတာမျိုး။
ပြီးတော့ ဗိုလ်ကကျချင်သေးတယ်...အိမ်ရှေ့ကလမ်းဘေးခွေးလေးတွေကို သူစားပြီးမှကျန်တာပေးစားတာ။
သူမစားရသေးဘဲ တခြားခွေးကျွေးရင် ရန်လုပ်ပြီးလိုက်ကိုက်ရော..၊ သခင့်မျက်နှာနဲ့ လမ်းဘေးခွေးလေးတွေခမြာမှာလည်း ဖြူလုံးအနွံတာခံကြရရှာတယ်...တည့်အောင်ပေါင်းတယ်ပေါ့။
အိမ်ကအဖေကြီးက အကဲဆုံး...ဖြူလုံးကိုအရမ်းချစ်တာ...သားရေ ဖြူလုံးလေးဆိုပြီး။
ဖြူလုံးက အိမ်ကမောင်လေးသူ့ကိုရိုက်ထားဆူထားရင် အဖေ့ကို အမူအယာနဲ့ပြန်တိုင်ရော။
မနက်ဆို ဖြူလုံးက အဖေ့ကိုအိပ်ယာနှိုးတတ်သေးတယ်...အိပ်ရေးမက်တဲ့အဖေဟာ ဖြူလုံးလာနှိုးရင်တော့ ရွှင်လို့ကြည်လို့။တစ်နေ့...အနောက်ဖက်လမ်းကအဖိုးနဲ့အဖွားက ခွေးလေးတစ်ကောင်ပိုက်လို့ အိမ်ရောက်လာရှာတယ်။
ခွေးမလေးနာမည်က ဖွေးဖွေးတဲ့။
အဖိုးနဲ့အဖွားကနို့ဗူးတိုက်မွေးတဲ့ တစ်နှစ်သားအရွယ် တယ်ရီယာခွေးမလေး။
ခွေးမလေးက သားတောင်းနေလို့ အိမ်မှာ သုံးလေးငါးရက်လာထားပါရစေတဲ့။
ခွေးမလေးက ဖြူလုံးထက်တောင်ချစ်စရာကောင်းသေး..၊ အဖြူမှာ ရွှေဝါရောင်လေးဖောက်လို့ တကယ့်ကလေးလေးလိုချွဲတတ်တယ်။
ကလေးပေါက်စလေးလိုချွဲနွဲ့နွဲ့နဲ့ အကင်းလည်းပါး၊ အလိုက်လည်းသိတဲ့ မျက်လုံးနီနီ နှုတ်သီးနီနီနဲ့ဖွေးဖွေးလေးကို အိမ်ကလူတွေလည်းချစ်တာပေါ့။
ဖြူလုံးလေးလည်း ဖွေးဖွေးကိုအတော်ချစ်ရှာတယ်။
ထမင်းကျွေးတဲ့အခါ အစာခွက်တစ်ယောက်တစ်ခွက်နဲ့ကျွေးပေမယ့်၊ ဖွေးဖွေးက အသားဖက်လေးတွေအရင်ပြေးစား၊ ပြီးရင်ဖြူလုံးခွက်ပြေးပြီး အသားဖက်လုစား...ဖြူလုံးကိုရန်တွေလုပ်။
ခါတိုင်း သူစားပြီးမှ တခြားခွေးပေးကျွေးတဲ့ဖြူလုံးဟာ ဖွေးဖွေးလုစားတာကို ငြိမ်ကြည့်ပြီး၊ ဖွေးဖွေးစားပြီးထွက်သွားမှ ကျန်တာလေးတွေစားရှာတယ်။
ဖြူလုံးကခပ်တည်တည်သမား...သူ့ပုံစံအတိုင်းမှုန်ကုပ်ကုပ်နဲ့အိမ်ရှေ့မှာထိုင်နေလေ့ရှိတယ်။
ငြိမ်နေတဲ့ဖြူလုံးကို ဖွေးဖွေးကသွားသွားစတယ်...နားရွက်ကိုပြေးကိုက်တယ်၊ ကိုယ်လုံးနဲ့ပစ်တိုက်တယ်၊ အရှေ့ကနေပိတ်ပြီးစတယ်၊ ကလူအိမြှူအိနဲ့ နည်းမျိုးစုံနဲ့စလေ့ရှိတယ်။
ခပ်တည်တည်နဲ့အကြောတင်းတဲ့ဖြူလုံးက ဖွေးဖွေးဆိုးသမျှကို ကျေနပ်နေပြန်ရော...သူ့မှာ ခွေးမလေးမြူသမျှကို မမောနိုင်မပန်းနိုင် ပျော်နေရှာတာ။
ညနေဆိုခြံထဲမှာ ခွေးလေးနှစ်ကောင် ဟိုနားအတူတူ၊ ဒီနားအတူတူလျှောက်သွားပြီး ကြည်နူးနေကြရော...။
အဲ့လိုနဲ့နောက်ပိုင်း ဖွေးဖွေးလေးက သူ့အိမ်သိပ်မပြန်တော့ဘူး။
အိမ်မှာဘဲအနေများပြီး ဖြူလုံးလေးနဲ့အတူနေတယ်ပေါ့လေ...ဖြူလုံးနဲ့ဖွေးဖွေးအတွဲဆိုတာ ရပ်သိရွာသိပေါ့လေ။
ВЫ ЧИТАЕТЕ
Teenager's Diary