"မေမေ.....
ကျောင်းကပိုက်ဆံ၂ရာယူခဲ့ခိုင်းတယ်
ဘိုးဘွားရိပ်သာကြေးတဲ့”"အင်း...မေမေ့မှာ ပိုက်ဆံမရှိသေးဘူး သမီးလေးရယ်
ဆရာမကို နောက်နေ့မှပေးမယ်ပြောလိုက်နော်”"အင်း....”
အမေ့ကိုသနားလို့သာ အင်းသာအင်းခဲ့ရသည်...ဆရာမကို နောက်နေ့မှပေးမယ်ပြောလို့မရပါ..။
ဆရာမကို အဲ့လိုပြောရမှာရှက်သည်။
အရင်လိုပဲ...မေ့ခဲ့လို့ နောက်နေ့မှယူလာပါ့မယ် ပြောရပြန်ဦးမည်။
ပြောသာပြောရတာ...ဆရာမကလည်း အမြဲတမ်းမေ့ခဲ့လို့နောက်နေ့မှယူခိုင်းနေတတ်သောကိုယ့်အား လျစ်လျူရှုထားပုံရသည်။
ရှက်တော့ရှက်ပေမယ့် ကိုယ့်မှာလည်းပေးစရာပိုက်ဆံမရှိ.....။
--------------------------"ဖေဖေ... သမီးဖိနပ်လေး ကွာသွားပြန်ပြီ”
"ဟာ...လာ လာ...ဖေဖေချုပ်ပေးမှာပေါ့
ဖေဖေ့သမီးလေးကို...လှလှလေးပြန်ချုပ်ပေးမယ်”တကယ်တော့ ဖေဖေဖိနပ်ပြန်ချုပ်ပေးသည်ကိုမလိုချင်ပါ။
ဖေဖေဖိနပ်ချုပ်တာကြီးကလှမှမလှတာ။
ကိုယ့်ဖိနပ်က ဗီးနပ်စ်တံဆိပ် အပေါစားဖိနပ်ပါးပါးလေးကို...။
အနားဖွာပြီး အောက်ကခွာကွာသွားတာပါဆိုမှ
ဖေဖေက ပလက်စတစ်ကြွပ်ကြွပ်ကြိုးကြီးနဲ့ ဘေးပတ်ပတ်လည်ကိုလိုက်ချုပ်ပေးတတ်သည်။
ရုတ်တရက်ကြည့်လိုက်ရင် ဖိနပ်က ကင်းခြေများကြီးလိုပဲ...အရမ်းစိတ်ညစ်စရာကောင်းသည်။
နှစ်အိမ်ကျော်က ရွှေစင်မတို့ညီအစ်မဆို အရမ်းကောင်းသည်..
သူတို့မိဘတွေက ဒေါက်ဖိနပ်လှလှလေးတွေ ဝယ်ပေးထားသည်။
ဖိနပ်ရဲ့ဒေါက်ချွန်ကအကြည်လေးဖြစ်ပြီး ဖော့ရောင်စုံအသေးသေးလေးတွေထည့်ထားသည်။
လမ်းလျှောက်တိုင်း ဖော့လုံးလေးတွေက ခုန်ဆွခုန်ဆွနှင့်..။
ရွှေစင်တို့ညီအစ်မလို ဒေါက်ဖိနပ်သစ်သစ်လေးလိုချင်ပေမယ့် ဖေဖေနဲ့မေမေက မဝယ်ပေးနိုင်...။
ဒီအပေါစားဗီးနပ်စ်ဖိနပ်တွေတောင် အမေက လပေးနှင့်လာရောင်းသည့်အန်တီကြီးနားက ဝယ်ပေးထားခြင်းဖြစ်သည်။
ဖေဖေချုပ်ပေးထားသည့် ကင်းခြေများဖိနပ်ကြီးစစီးသွားသည့်နေ့က သူငယ်ချင်းတွေကရယ်ကြသည်။
ပြန်ပြောစရာမရှိသဖြင့် ကိုယ်ပါလိုက်ရယ်နေခဲ့ရသည်။
နောက်ပိုင်းကြာလာတော့ အမြဲမြင်နေကျမို့လားမသိ၊ သူတို့လည်းမရယ်တော့ပါ ကိုယ်လည်းမရှက်တော့ပါ။
----------------------------

YOU ARE READING
Teenager's Diary
Short Storyဆယ်ကျော်သက်အရွယ်က ရေးခဲ့သောစာစုလေးများ။ ဆယ်ကျော်သက်အရွယ်က ရေးခဲ့သောစာစုလေးများ။