Diary 5 [Unicode]

40 6 1
                                    

ဒီပို့စ်လေးက သမီးမိန်းကလေးမွေးထားပြီး အိမ်မှာအပေါင်းအသင်းနဲ့ အရက်ဝိုင်းဖွဲ့တတ်တဲ့ ဖခင်များသို့ ရည်ရွယ်ပါတယ်...။
.........................................

        ကျွန်မ ခုနစ်တန်းကျောင်းသူအရွယ်ကပေါ့...
ကျွန်မအဖေက အစိုးရဝန်ထမ်းမို့လို့
ကျွန်မတို့မိသားစုက လိုင်းခန်းတွဲမှာနေပါတယ်။
လိုင်းခန်းတွဲတွေက ၈ခန်းတွဲ ၊ ၂ထပ် တွေပါ...။
အပေါ်ထပ်တွေက နှစ်အိမ်တစ်ကန့် ကန့်ထားပြီး
အလယ်မှာ အောက်ထပ်ဆင်းတဲ့လှေကားရှိပါတယ်..။

ကျွန်မတို့အိမ်က အပေါ်ထပ် ၊ ဘယ်ဘက်အစွန်ဆုံးအခန်းပါ..။
ဘေးအိမ်မှာက အဖေနဲ့တစ်ရုံးတည်းဝန်ထမ်း မိသားစုသုံးယောက်ပါ။
မိသားစုနှစ်စုက အနေကြာပြီဆိုတော့ နှစ်အိမ့်တစ်အိမ်လိုပါပဲ...။
ဘေးအိမ်ကဦးလေးကြီးက စကားအရမ်းနည်းပြီးခပ်အေးအေးပါ..
အဲ့အိမ်ကအန်တီကလည်းသဘောကောင်းပြီး..
သူတို့ရဲ့တစ်ဦးတည်းသောသမီးလေးက ကျွန်မထက်တစ်နှစ်ကြီးပါတယ်..ကျွန်မနဲ့ ညီအစ်မအရင်းတွေလိုပါပဲ...။

အဖေနဲ့ ဘေးအိမ်ကဦးလေးကြီးဟာ...
ရံဖန်ရံခါ ညနေ ၆နာရီလောက်ဆို ဘီယာအတူသောက်လေ့ရှိပြီး
အိမ်နှစ်အိမ်အလယ် လှေကားထိပ်ဝရန်တာမှာ ထိုင်သောက်ကြတာပါ..။
အလွန်အကျွံမဟုတ်ဘဲ တစ်လုံးလောက်ပဲနှစ်ယောက်အတူသောက်ပြီး စကားပဲပြောနေကြတာဆိုတော့ အမေတို့ကလည်းခွင့်ပြုထားကြတာပေါ့..။

တစ်နေ့ ခါတိုင်းလိုပဲ အဖေတို့နှစ်ယောက် အတူသောက်ကြပါတယ်..။
ဝိုင်းသိမ်းတော့ ၈နာရီကျော်နေပါပြီ...ကျွန်မတို့သားအမိက TV ကြည့်နေကြတာပါ။
အဖေပန်းကန်းတွေသိမ်းပြီးအိမ်ထဲဝင်လာတော့ အမေကထသွားပြီး
အဖေ့ကို ထမင်းခူးကျွေးပါတယ်..။
အဖေကသောက်ပြီးရင် ထမင်းစားပြီးတန်းအိပ်လေ့ရှိတော့
အဖေထမင်းစားပြီးချိန့် အမေကအဖေ့ကိုအိပ်ယာလိုက်ပြင်ပေးပါတယ်။
အဲ့အချိန် ဧည့်ခန်းထဲမှာ ကျွန်မတစ်ယောက်တည်း TV ကြည့်နေတုန်း
ဘေးအိမ်ကဦးလေးကြီးက အိမ်တံခါးရှေ့မှာလာရပ်ပါတယ်..။

ကျွန်မလည်း ဘာကိစ္စပါလိမ့်ဆိုပြီး ထသွားတော့...
"အဖေရော”တဲ့.."အဖေအိပ်ယာဝင်သွားပြီရှင့်” လို့ ပြောတော့
"အမေရော”လို့ ထပ်မေးပါတယ်.. "အမေရောပဲ အထဲမှာ....သွားခေါ်ပေးရမလား” လို့ ကျွန်မပြန်မေးလိုက်ပါတယ်...။
အဲ့ဦးလေးကြီးက "နေပါစေ မခေါ်တော့နဲ့”လို့ ပြောပါတယ်။
ပြီးတော့ ခဏလိုက်ခဲ့ဦးဆိုပြီး အရှေ့ကထွက်သွားပါတယ်...
ကျွန်မလည်း ဘာကိစ္စပါလိမ့်ဆိုပြီး အနောက်ကလိုက်သွားတော့
အဲ့ဦးလေးက ကျွန်မတို့အိမ်ထောင့်ဝရန်တာမှာ သွားထိုင်ပါတယ်...
ကျွန်မကိုလည်း "ထိုင်ဦး” လို့ ပြောပါတယ်..။
ကျွန်မလည်း ဘာများပါလိမ့်ဆိုပြီး...ထိုင်လိုက်တော့ အဲ့လူကမေးပါတယ်
"ကျောင်းမှာစာလိုက်နိုင်ရဲ့လား”တဲ့..."ဟုတ်”လို့ ပြန်ဖြေတော့
ဟိုမေးဒီမေးနဲ့ စကားနည်းတဲ့ဦးလေးကြီးက စကားတွေဖောင်နေအောင်ပြောပါတယ်။
ကျွန်မလည်း သူမေးနေတာတွေ အူကြောင်ကြောင်နဲ့ပြန်ဖြေနေရင်း
တစ်နေရာရောက်တော့ သူ့မေးခွန်းကြောင့် အရမ်းလန့်သွားပါတယ်။
အဲ့ဦးလေးကြီးမေးလိုက်တာက.   "အပျိုဖြစ်ပြီလား?” တဲ့
ကျွန်မအရမ်းလန့်သွားပြီး ခေါင်းကြီးကြီးသွားသလို ခံစားရပါတယ်။
အဲ့အချိန် ဘယ်ကမှန်းမသိတဲ့ကြောက်စိတ်တွေတဖွားဖွားနဲ့ပေါ်လာပါတယ်။
အရမ်းရှက်ကြောက်ပြီး တုန်လှုပ်နေတဲ့ကျွန်မကို သူကထပ်မေးပါတယ်
"ဖြေလေ”တဲ့
ကျွန်မရှက်တဲ့စိတ်ထက် သူ့ကိုကြောက်တဲ့စိတ်က ပိုကြီးနေပါပြီ
ကျွန်မမဖြေဘဲမနေရဲတော့လို့ "ဟင့်အင်း”လို့ ပြန်ဖြေလိုက်ပါတယ်
ဆိုးဝါးလှတဲ့ အဲ့လူကြီးက "ဟုတ်လို့လား.. မညာနဲ့နော်”တဲ့
"တကယ်ပြောတာပါ.. မညာပါဘူး”လို့ ပြန်ဖြေရင်း
ကျွန်မအသံတွေတုန်လာပါတယ်....။
အဲ့အချိန်မှာပဲ အမေကကျွန်မနာမည်လှမ်းခေါ်တဲ့အသံ ကြားပါတယ်
"အမေခေါ်နေပြီ”လို့ပြောပြီး အိမ်ထဲအမြန်ပြေးဝင်ခဲ့ပါတော့တယ်..။
အမေက အိပ်ခန်းထဲကနေလှမ်းခေါ်နေတာပါ ...
လူကတုန်လှုပ်နေတော့ အမေဘာပြောနေမှန်းမသိတော့ပါဘူး..။
ဧည့်ခန်းထဲပြန်ထွက်လာတော့ အဲ့လူကြီးကအိမ်ရှေ့တံခါးမှာ ထပ်ပေါ်လာပါတယ်...။
လာဦးဆိုတဲ့အမူအယာနဲ့ လက်ယပ်ခေါ်ပါတယ်...
ကျွန်မလည်းကြောက်ကြောက်နဲ့ "ဘာကိစ္စလဲ”လို့ပြောတော့
"စကားပြောရအောင်..အောက်မှာစောင့်နေမယ်..ခဏနေရင် ဂိုဒေါင်ထဲကိုဆင်းလာခဲ့”လို့ ပြောပါတယ်...။
(အိမ်နှစ်အိမ်ကြားထဲက အောက်ဆင်းတဲ့လှေကားအောက်နေရာလွတ်ကို အခန်းကန့်ပြီး ဆိုင်ကယ်သိမ်းတဲ့ဂိုဒေါင်လုပ်ထားပါတယ်)
ကျွန်မလည်း "ဟုတ်ကဲ့”လို့ပြောလိုက်တော့ သူထွက်သွားပါတယ်...။
သူထွက်သွားတာနဲ့ချက်ချင်း ကျွန်မလည်း အိမ်တံခါးပိတ်ချက်ထိုးလိုက်ပါတယ်။
TV ရှေ့မှာထိုင်ပြီး အရမ်းကြောက်ပြီး တုန်လှုပ်နေမိပါတယ်။

Teenager's DiaryWhere stories live. Discover now