Diary 9 [Unicode]

44 6 2
                                    

အဖေ့ရဲ့ သတင်းစာအထပ်ကြီး
.........................

           လက်ထဲက Report Card လေး ကြည့်ရင်း..ခြေလှမ်းတွေက တုံ့ဆိုင်း...တုံ့ဆိုင်း။
မဖြစ်မနေမို့လို့သာ အိမ်ပြန်လမ်းကို ခြေလှမ်းများဦးတည်ထားရသည်...
အဆင့် (၃၆)...အတန်းထဲမှာရှိတာ ၅ဝကျော်။
အဖေနဲ့အမေကို အဆင့်(၃၆)ဆိုတာ ဘယ်လိုပြောပြရမှန်းမသိ...
အဆူခံရရင်ဖြင့်..ဆိုပြီး ရင်ထဲမှာ အလုံးကြီးတစ်ဆို့နေသည်။
မတတ်နိုင်...မိန်းကလေးတန်မဲ့ မျောက်ရှုံးအောင်ဆော့တုန်းကဆော့
စာမလုပ် ပျင်းချင်တိုင်းပျင်းခဲ့ပြီးပြီမို့ ဖြစ်လာသမျှမီးစင်ကြည့်ကရတော့မည်။

          အိမ်ပြန်ရောက်တော့ အမေစျေးသွားနေသည်၊ အဖေကရုံးကပြန်မရောက်သေး...
Report Card ကြီး လွယ်အိတ်ထဲမှာထည့်ထားလျှင် မတော်တဆ အဖေနဲ့အမေ တွေ့သွားနိုင်သည်။
စဉ်းစားနေရင်းမှမဆုံးသေး...မျက်စိရှေ့ဝင်လာတာက အဖေရဲ့သတင်းစာအထပ်လိုက်ကြီး..။
အင်း..ဟုတ်သည် ဒီနေ့ကသောကြာ...
တနင်္လာနေ့ကျောင်းသွားခါနီးမှ Report Card ထုတ်လာပြီး လက်မှတ်တုထိုးလိုက်မည်
ဒီကြားထဲ စနေ တနင်္ဂနွေ တော့ အမေတို့မမြင်အောင် သတင်းစာအထပ်ကြီးထဲ ထည့်ဖွက်ထားမည်။
ချက်ချင်းအပြေးလေး သတင်းစာအလယ်လောက်ထဲ ထည့်ဖွက်ထားလိုက်သည်
စိတ်နည်းနည်းပေါ့သွားပြီး...ကိုယ့်အကြံနဲ့ကိုယ် ကျေနပ်မဆုံး။
အနည်းဆုံးတော့ စနေ တနင်္ဂနွေ စိတ်အေးလက်အေးနေဦးမည်။

           တနင်္လာနေ့မနက်ဆိုတော့ ရင်ထဲမှာခပ်လေးလေး...
မတက်နိုင်...ကျောင်းကိုလည်း ဒီနေ့ Report Card အပ်ရတော့မည်
ခပ်လန့်လန့်နဲ့ဘဲ Report Card ယူဖို့ သတင်းစာအထပ်ကြီးကိုကြည့်လိုက်တော့...
မျက်စိများပြာဝေသွားသည်...ဟုတ်မှဟုတ်ပါ့မလားပေါ့
သတင်းစာအထပ်ကြီး...၁ပေကျော်ထူသော သတင်းစာအထပ်လိုက်ကြီး ရှိနေကျနေရာမှာ လုံးဝမရှိတော့...
ခေါင်းကိုအေးအေးထားပြီး...သေချာပြန်ကြည့်သည် တစ်စောင်မှကိုမမြင်...
တစ်အိမ်လုံး တစ်ခန်းဝင်တစ်ခန်းထွက် အပြေးအလွှားပတ်ရှာပစ်လိုက်သည်...
လုံးဝဆိုလုံးဝ တစ်စောင်လေးတောင်မတွေ့...။

"အမေ... သတင်းစာအထပ်ကြီးရော...သမီးတစ်စောင်လောက်လိုလို့”

"သြော်...သတင်းစာတွေလား
မနေ့က သတင်းစာအဟောင်းတွေဝယ်တဲ့လူလာလို့ ရောင်းလိုက်ပြီ”

"ရှင်......အမေတကယ်ပြောနေတာလား”

"ဟဲ့...နင့် ငါက ဘာကိစ္စနဲ့နောက်ရမှာတုန်း... ရောင်းလိုက်ပါပြီဆိုမှ”

"ဒုက္ခပါပဲအမေရယ်...သမီးတော့သေပါပြီ
အဲ့သတင်းစာတွေထဲမှာ သမီး Report Card ပါသွားပြီ...”

"ဘာ....သေချာလို့လား
နေပါဦး...Report Card ကို ဘာကိစ္စအဲ့အထဲ ထည့်ထားတာလဲ”

"သမီးအဆင့်မကောင်းလို့...အမေတို့ဆူမှာကြောက်တာနဲ့
အဲ့အထဲထည့်ဖွက်ထားလိုက်မိတာ....”

"ပြောစမ်းပါဦး...နင့်အဆင့်က ဘယ်လောက်လဲ?
Report Card ဖွက်ထားရတဲ့အထိဆိုတော့..တော်တော်မှဆိုးရွားရဲ့လား..”

"၃၆”

"အမလေးလေး...၃၆...၃၆
ကောင်းတယ်...ကောင်းတယ်...မိန်းကလေးတန်မဲ့ ရှက်ရကောင်းမှန်းလည်းမသိဘူး
ကိုယ့်အပြစ်နဲ့ကိုယ်ပဲ...ကျောင်းရောက်မှ ဆရာမကိုပြောလိုက်တော့”

            စိတ်တွေဆင်းရဲလွန်းလို့ ငိုပစ်ချင်သည်
အဆူခံရမှာစိုးလို့...အိမ်ကမသိအောင်ဖွက်ပြီး လက်မှတ်တုထိုးမလို့ပါဆိုမှ
အခုတော့ အိမ်လည်းသိ...Report Card ပျောက်လို့ ကျောင်းမှာပါ အဆူခံရတော့မည်။

ဆရာမရယ်...Report Card ပျောက်သွားလို့ပါ ဆိုတော့
အဆူခံရသည့်အပြင် ထပ်လုပ်ဖို့ ပိုက်ဆံထပ်ပေးရသည်...။
အိမ်ကိုမပြဘဲ Report Card ဖွက်ထားမှုဖြင့်
အိမ်ကလည်း အသေဆူခံရသည်....။
တစ်ပတ်တိတိ မုန့်ဖိုး လုံးဝ(လုံးဝ)အပြတ်။

စိတ်နာသည်...အဖေ့ရဲ့ သတင်းစာအထပ်ကြီးကို..
ထိုအချိန်မှစ၍ ဘာသာစုံကျလျှင်တောင် Report Card မဖွက်တော့...။
မဖွက်လို့ သေမည်ဆိုလျှင်တောင်
သတင်းစာအထပ်ကြီး ယောင်လို့ပင်လှည့်မကြည့်တော့...ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

(လေးတန်းကျောင်းသူဘဝ အမှတ်တရ)

..............................................

Teenager's DiaryWhere stories live. Discover now