ခွဲခြား၏ ကံကြမ္မာ အတက်အကျက မြန်လှသည်။ ရွှေလင်ပန်းနှင့် အချင်းဆေး၍ ရွှေဇွန်းကိုက်ရသော ဘ၀မှ စစ်စခန်းအတွင်း ယိုင်နဲ့နဲ့ ရွက်ဖင်တဲလေးထဲတွင် မိန်းကလေးများ ချက်ပြုတ်ခြင်းလုပ်ငန်း လုပ်နိုင်ရန် ထင်းခွဲသမားဘ၀သို့ နေ့တွင်းချင်း ရောက်ရှိသွားသည်။
Work outလုပ်ထားတာကြောင့် ကြံခိုင်သန်မာနေသည့် ခန္ဓာကိုယ်ကို ကျေးဇူးတင်သွားသည်။ မဟုတ်ရင် ရောက်လာပြီး အသုံးမကျသည့်သူ ဖြစ်သွားလိမ့်မည်။ တဲ၏အပြင်ဘက်တွင်တော့ မနက်က ဖမ်းလာသည့် ငါးများကို မိန်းကလေးများ ဆေးကြောနိုင်ရန် ရေဆွဲပေးနေသော နွမ်းခါးကို မြင်နေရသည်။ အချောအလှမို့ မိန်းကလေးတွေက နွမ်းခါးကိုဆို စေတနာပိုသည်။ သေချာပေါက်ခွဲခြားသည်လည်း မျက်နှာရသည် ဆိုပေမယ့် အပြုံးချိုသည့် သကောင့်သားလေးကတော့ ကျားရော မ ရော ဝိုင်းဝိုင်းလည်နေသည်။
ဘာကို စိတ်မကြည်ဖြစ်နေမှန်း ကိုယ့်ကိုယ်ကိုလည်း မသိတာကြောင့် ထင်းကိုသာ မဲ၍ ခုတ်ထစ်နေလိုက်သည်။
"အကို ရေသောက်လိုက်ဦး ချွေးတွေ အများကြီး ထွက်ရင်လည်း မကောင်းဘူးလေ ခဏနားလိုက်ပါလား ကျွန်တော် ကူခွဲပေးမယ်"
ရေခွက်လေးကိုင်ကာ အနားရောက်လာသော နွမ်းခါးက ခွဲခြားကို စိတ်လိုလက်ရ ပြုံးပြသော်လည်း ခွဲခြားကမူ ပြန်ပြုံးပြရန် စိတ်မပါချေ။ အခုမှ ကိုယ့်ကို သတိရတာလားဟု တွေးမိရအောင်လည်း ငါနဲ့သူနဲ့က ဘာမှလည်းမဟုတ်။ ငါကလည်း ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်နေမှန်းမသိ။ နွမ်းခါးရှေ့ရောက်ရင် ဘယ်လိုတုံ့ပြန်ရမလဲ စဉ်းစားရသည်က တစ်မျိုး။
"မလိုဘူး ရတယ် အရှေ့မှာပဲ ငါးသွားကူချက်ပေးလိုက်"
"ချက်တာက ကောင်မလေးတွေ ချက်မှာပေါ့ ကျွန်တော်မှ မချက်တတ်တာ ဖယ်ဖယ် အကို နားတော့ အများကြီး ခွဲပြီးနေပြီပဲဟာ ဟိုလေ"
ဗုန်း... ဝုန်း..
နွမ်းခါး၏ အသံများပျောက်သွားသလို နားစည်လည်း အူသွားသည်။ အပြင်မှာ ပေါက်ကွဲသံနဲ့အတူ ပြိုကျသံက တွဲပါလာသည်။ အကျင့်ပါနေသော ခွဲခြား၏လက်က နွမ်းခါးကို ထင်းပုံဘက်ဆွဲကာ ကိုယ်နှင့်ကာထားမိသည်။
YOU ARE READING
Close To....You (Completed)
Fanfictionချစ်နေမိလို့ နာကျင်ခံစားရမှာစိုးလို့ လက်လွှတ်ပစ်မယ့်လူထဲမှာ ငါမပါဘူး ငါကချစ်မိတာနဲ့ အပိုင်ရဖို့ပဲကြိုးစားမှာ #ခွဲခြား သူကျွန်တော့ကို မချစ်ဘူး ဒီအတိုင်း ကစားချင်ရုံပဲ #နွမ်းခါး