Part (24)

2.3K 106 3
                                    

ကလေးငယ်ကို ပုဆိုးစဖြင့်ပတ်၍ ခွဲခြားက ပွေ့ထားကာ နို့တိုက်ပေးနိုင်မည့် အမျိုးသမီးတစ်ဦးဦးကို ရှာဖွေရတော့သည်။ ငူငူငိုင်ငိုင်နဲ့ ကျန်ခဲ့သော နွမ်းခါးက သေဆုံးသွားသော လူနာအဒေါ်ကြီးကို ဆက်လက်သန့်ရှင်းရေး လုပ်ပေးနေလေသည်။

ခွဲခြားပြန်ရောက်လာတော့ လူနာအဒေါ်ကြီး၏ အလောင်းကို သယ်နေသည့် စေတနာ့၀န်ထမ်းအချို့ကိုသာ တွေ့ရပြီး နွမ်းခါးကို မမြင်ရချေ။

"ဟို နွမ်းခါးကို တွေ့မိသေးလား"

နွမ်းခါးသည် ရုပ်ကလေးကလည်းချော အပြုံးလေးကလည်း ဖော်ရွေတာကြာင့် ပရဟိတ အသင်းတွင်း မသိသူမရှိပေ။

"ဪ အကိုနွမ်းခါးလား စောင့်ကြည့်မျှော်စင်ဘက် သွားမယ် ပြောတယ်"

"ဟုတ်လား ကျေးဇူးနော် ညီလေး"

ခွဲခြားပြောပြီးသည်နှင့် နွမ်းခါးကို ရှာရန် မျှော်စင်ဘက် ထွက်လာခဲ့သည်။ မျှော်စင်ပေါ်တွင် နွမ်းခါးက ထောင့်နားမှာ ကျုံ့ကျုံ့လေးထိုင်ကာ အမှောင်ဘက်ကျနေသည့် နယ်စပ်ဘက်ကို ငေးနေသည်။

"အဟမ်း"

ချောင်းဟန့်သံပေးတော့ ခွဲခြားကို လှည့်ကြည့်လာသည့် မျက်လုံး အိမ်တွင် မျက်ရည်လေးများဝဲနေသည်။ ဒီကလေးငိုရင် ဟိုးအရင်တည်းက ခွဲခြားမနေနိုင်တတ် မထိုင်တတ် ဖြစ်ရသည်။

"ဘာလဲ ညနေက ကိစ္စ တွေးနေတုန်းလား"

"အကို ကျွန်တော် ဒီမှာမှန်း ဘယ်လိုသိလဲ"

"မေးလိုက်တာ"

"ဪ ကလေးလေးရော"

"ကလေးက အဆင်ပြေတယ် သားသည်အမေ တစ်ယောက်‌ရှိလို့ တော်သေးတယ်"

"သနားပါတယ်နော် မိဘတွေကို မြင်တောင် မမြင်လိုက်ရဘူး"

တွေးစစလေး နွမ်းခါးပြော‌လာတော့ ခွဲခြားလည်း စိတ်မကောင်းပေ။

"လာ ညစာ သွားစားရအောင် မနက်ကျရင် စစ်ဘေးရှောင်ပြည်သူတွေ ထပ်ရောက်လာမယ် ကြားတယ် အားရှိနေဖို့လိုတယ်"

နွမ်းခါး၏ လက်မောင်းလေးကနေ ဆွဲထူလိုက်ပြီး အရှေ့ကနေ ဦးဆောင်၍ သွားလိုက်သည်။ ဟိုး အရင်ကလည်း အကိုက ကျွန်တော့ကို အသေးစိတ်က အစ ဂရုစိုက်တတ်တယ်။ အဲ့လို ဂရုစိုက်မှုတွေကြောင့်လည်း ကျွန်တော် အကို့ကို ပိုင်ဆိုင်ချင်ခဲ့တာ ကျွန်တော် မမှားဘူးထင်တယ်။

Close To....You (Completed)Where stories live. Discover now