အပိုင်း - ၃ (Z)

228 33 11
                                    

နှင်းဖတ်လေးတွေ ဖွေးဖွေးလှုပ်နေအောင် မကျသော်ငြား ဤအရပ်ရှိ မြန်မာပြည်၏ဆောင်းသည်လည်း အေးမြ၏။မြန်မာပြည်မလာမီက အပူပိုင်းဒေသမို့ အနွေးထည်၊အဝတ်ထူထူများ ထားခဲ့ရန်ပြင်နေသေးသည်။နောက်မှ ပရောဂျက်မန်နေဂျာက ဒေသအကြောင်းနှင့် ပြင်ဆင်ရန်လိုအပ်သည့် အချက်တို့ကို မေးလ် ပို့လာခါမှ အတန်ငယ်အေးမည်ဆိုတာသိခဲ့ရလေသည်။


ယူရီနေရသည့် အဆောင်သည် အနီရောင်နှစ်ထပ်တိုက်ကလေးပင်ဖြစ်သည်။တောင်စောင်းတွင်ဆောက်ထားသည်မို့ အပေါ်ထပ်သည် မြေနီလမ်းကလေးနှင့်တစ်တန်းတည်းဖြစ်ပြီး ယူရီအခန်းလေးရှိရာ အောက်ထပ်ကိုတော့ လမ်းဘေးရှိ လှေကားထစ်လေးတွေအတိုင်းဆင်းသွားရ၏။


ထိုအဆောင်၏ အပေါ်ထပ်သည် သင်တန်းဆောင်ဖြစ်ပြီး နေ့စဉ် ထိုအခန်းတွင် ဂျပန်စာသင်သည်ဟု ယူရီနှင့် အခန်းချင်းကပ်လျက်နေသော ဂျပန်ဘာသာစကားသင်ပေးသည့် မြန်မာအမျိုးသမီးဆရာမမှ နှုတ်ဆက်ရင်းပြောပြသောအခါ အတော်ပင် အံ့ဩခဲ့ရလေသည်။လမ်းပန်ဆက်သွယ်ရေး ခက်ခဲသည့်အရပ်မှာ ဂျပန်စာသင်တန်းပါရှိသည်ဆိုတာသိရတော့ ဤနေရာလေးအကြောင်းကို ယူရီ တရင်းတနှီး ပိုမိုသိချင်လာခဲ့သည်။


စရောက်သည့် ညနေတွင်ပင် လေးသူနှင့် ဆုံတွေ့ခဲ့ရသည်။ယူရီ့အဆောင်ဘေးရှိ လမ်းသွယ်လေးကိုဖြတ်ပြီးလျှင် လုပ်ငန်းဆောင်ရွက်ခြင်းရပ်နားထားပုံရသည့် ဆောက်လက်စအဆောက်အအုံ တစ်ခုရှိလေသည်။


ထို့နေ့က ခရီးပန်းသက်သာတော့ ယူရီ အခန်းထဲမှထွက်လာကာ ပတ်ဝန်းကျင်ကို ဆန်းစစ်ဖြစ်သည်။ဆောက်လက်စအဆောက်အအုံနားဝယ် ရပ်မိနေရင်း လှုပ်ရှားသွားလာနေသော ကျောင်းသူလေးများကို ငေးမိသည်။ယခုခေတ်ထိ ရိုးရာဝတ်စုံကို ဝတ်မြဲဖြစ်သော သူတို့ဓလေ့ကိုတွေ့ရသောအခါ စိတ်ဝင်တစားလိုက်ကြည့်ဖြစ်သည်။ယူရီတို့ ဂျပန်မှာက ရိုးရာဝတ်စုံကို အခမ်းအနားထူးထူးခြားခြားမရှိလျှင် မည်သူမျှ မဝတ်ဆင်ကြ။


လေနုအေးလေးများကလည်း တဖြူးဖြူးတိုက်ခတ်လာသည်။နေ့ရောညပါ ကားစီးခဲ့ရပြီးနောက် လေကောင်းလေသန့် လတ်လတ်ဆတ်ဆတ်ပထမဦးဆုံးအဖြစ် ရှုရှိုက်လိုက်ရသောအခါ ယူရီသည် အတော်ကိုနေလို့ကောင်းသွားသည်ဟုခံစားရသည်။ငါးနာရီသည် အချိန်အားဖြင့် နောက်မကျသော်လည်း ပတ်ဝန်းကျင်ကတော့ မှောင်စပျိုးနေသည်။ဆောက်လက်စအဆောက်အအုံရှေ့ ရပ်နေသော ယူရီထံ သို့ မြန်မာရိုးရာဝတ်စုံဖြစ်သည့် ပုဆိုးဆိုသည်ကို ခါးတွင်ဝတ်ဆင်ထားလျက် လက်တိုရှပ်အင်္ကျီအပြာခံအပေါ်ဝယ် ချိုင်းပြတ်ဆွယ်တာအဖြူထပ်ဝတ်ထားသည့် အသားညိုညိုနှင့် လူရွယ်တစ်ဦး လျှောက်လာခဲ့သည်။

စံကားအင်းကိုသက်သေတည်၍ (စံကားအင်းကိုသက်သေတည်၍)Where stories live. Discover now