အပိုင်း - ၁၁ (Z)

98 20 3
                                    

အရေပြားမှတစ်ဆင့် အသွေးအသားများထိစိမ့်၍ ခိုက်ခိုက်တုန်ချမ်းသော အအေးဓာတ်ကြောင့် လေးသူမျက်စိနှစ်လုံးပွင့်လာသည်။ခပ်နွမ်းနွမ်းဖြင့် အရောင်မှိင်္နမှန်ရှိလှသည့် တစ်ယောက်အိပ် အညိုရောင်ကတ္တီပါစ အခင်းလေးထက်ဝယ် ဟိုဘက်၊ဒီဘက်လှိမ့်ခြင်းမျိုးလည်း မလုပ်နိုင်။ ညဉ့်ဦးစဉ်က လဲလျောင်းအိပ်စက်ခဲ့သည့် ခန္ဓာကိုယ်အနွေးဓာတ် ဖြန့်ကျက်ရာ တစ်ကိုယ်ရည်စာ နေရာလေးမှာသာ ကျုံ့လျက် ပြန်လည်မှေးစက်ဖို့ အားတင်းမိသည်။

တိတ်ဆိတ်လှသော ညအား ကြိုးတပ်တူရိယာ၏ သံစဉ်များက ရုတ်တရတ် အသက်သွင်းလိုက်၏။ ငြိမ့်ညောင်း၍ ဘဝင်ကို ဆွေးတမြေ့မြေ့ဖြစ်စေသော သံစဉ်များကို ညသန်းခေါင်ယံကြားမိလာရသောအခါ လေးသူ ကြက်သီးတဖြန်းဖြန်းထမိရသည်။

နီးကပ်စွာရှိလှသည့် သံစဉ်များကို အားစိုက်နားထောင်မိရာမှ ဘေးကပ်လျက်ရှိအခန်းမှလာသည်ဟု ယုံကြည်စွာ ကောက်ချက်ချလိုက်သည်။ညဉ့်နက်သန်းခေါင် တူရိယာကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နေသူမှာ အဲရစ်ခ်မှလွဲ၍ အခြားသူမရှိနိုင်တော့။အအေးလှိုင်းဖြတ်သည့် ရှမ်းညမှာ မအိပ်နိုင်ဘဲ သံစဉ်တွေ တီးခတ်နေသူကို အံ့ဩလွန်းစွာ ချီးကျူးမိမတတ်ဖြစ်ရသည်။

အိပ်၍မပျော်နိုင်တော့တာ သေချာသောအခါ လေးသူသည် ဂွမ်းကပ်စောင်ပုံထဲမှ လူးလဲထထိုင်သည်။ထို့နောက် အမှောင်ရိပ်ထဲမှာ ဆေးလိပ်နှင့် မီးခြစ်ကို ခေါင်းရင်းတစ်လျှောက် လက်ဖြင့်လိုက်စမ်းမိသည်။ ဖိထားမိသဖြင့် ကျိုးကျေကာ ဆေးမှုန့်များဖွာထွက်နေသည့် ခါးမှပြတ်လုဆဲဆဲ ဆေးလိပ်တစ်လိပ်ကို စမ်းမိလာသောအခါ စိတ်မရှည်စွာဖြင့် နံရံဘက်သို့ ပစ်ပေါက်မိလိုက်သည်။

သိပ်မကြာလိုက်။ အိပ်ရာအနှံ့စမ်းပြီးသောအခါ ဘူးထဲမှ ထုတ်စဉ်အတိုင်း တောင့်တင်းဖြောင့်တန်းနေသည့် ဆေးလိပ်တစ်လိပ်နှင့် မီးခြစ်ကို ရလာသည်။

သည့်နောက် သစ်သားတံခါးလေးကိုတွန်းဖွင့်လျက် အခန်းပြင်သို့ထွက်လာခဲ့သည်။ ပြင်ပမှ ဆီးကြိုနေသော လျှပ်စစ်မီးရောင်ဝါဝါကြောင့် မရည်ရွယ်ပါဘဲ မျက်မှောင် ကျုံ့မိရသည်။ အခန်းပြင်ပရှိ အေးစက်သောလေထုသည် ချည်စကျဲကျဲဖြင့် ထိုးထားသော လေးသူ၏ လက်ဖြစ်ဆွယ်တာအင်္ကျီကို ထိုးဖောက်လာသဖြင့် ကိုယ်ငွေ့နွေးနွေးလေးပင် ယှက်သန်းမနေတော့၊ခန္ဓာကိုယ်တစ်ခုလုံး ရုတ်ခြည်း အေးစက်သွားသည်။

စံကားအင်းကိုသက်သေတည်၍ (စံကားအင်းကိုသက်သေတည်၍)Where stories live. Discover now