အပိုင်း - ၁၃ (Z)

58 11 6
                                    

သားရေကြိုးအညိုပတ် လက်ပတ်နာရီလေးကို ငုံ့ကြည့်လိုက်သည်။အချိန်ကား ညခုနှစ်နာရီ ထိုးလုလု။ ဝန်းကျင်တစ်ခွင် တိတ်ဆိတ်၍ မြူနှင်းဆိုင်းသည်။တစ်ချက်တစ်ချက် ဆော်မြူးသည် နတ်တော်ဆောင်းလ ညလေပြေများသည် ကဗျာမဆန်၊စာမဆန်စွာ အေးစက်ကြမ်းတမ်းရက်စက်သည်။

နတ်တော်လ၏ အေးစက်ခြင်းသည် အဖော်မဲ့နေသူတို့အဖို့   ခိုက်ခိုက်တုန်ကာ နောက်နောင်ခါ တစ်ကိုယ်ရည်တည်းမနေလိုတော့ဟု ထညည်းလုမတတ်ဖြစ်ရစေသည်။ချစ်ရသူ၏ ရင်ငွေ့လှုံမှ ခန္ဓာရောစိတ်ပါ နွေးထွေးမည်မဟုတ်လား။

ဆီးနှင်းခိုစီးသည့် လေပြေများ အဝှေ့တွင် ကမ်းစပ်သို့ လှိုင်းလေးများ တပျော်တပါး လာရိုက်ခတ်သည်။သူတို့လည်း အဖော်နှင့်၊ လှိုင်းပုတ်သံ တဗုန်းဗုန်း အသာအယာ မြည်ဟည်းစေလျက် ကမ်းစပ်ကိုပြေးဆောင့်သည်။အနိမ့်အမြင့်လှိုင်းလုံးများပြေ၍ လေငြိမ်သွားလျှင် ပြည့်ဝစွာ သာလုလုငွေလဝန်းအောက်မှ ရေပြင်သည် တည်ငြိမ်လျက် ငွေရည်စွန်း၍ လင်းစိုနေသည်။နေ့အခါ၌ ကြည်လင်ပြာလဲ့သော ရေပြင်ကျယ်သည် ညအခါတွင်မူ ငွေဖလားထဲမှ ငွေရည်လေးများအလား လင်းလက်ရွှန်းပသည်။

ရေနက်ထိ သွယ်တန်းကာထိုးထားသော ဝါးတံတားလေးအပေါ်မှာ ထိုင်ရင်း ဆောင်းည၏ ရေပြင်အလှကို တိတ်ဆိတ်စွာ တစ်ကိုယ်တည်းရှုစားနေခဲ့ခြင်းပင်။အချိန်က ခုနှစ်နာရီထိုးလုပြီဆိုတော့ ပြန်သင့်ပြီမို့ မီးစလေးရဲလျက် အငွေ့စွဲနေသေးသည့် ဆေးလိပ်ငုတ်တိုကို ရေထဲပစ်ချရန် ရွယ်သည်။ထိုစဉ် ရုတ်တရတ် တစ်စုံတစ်ရာကို တွေးမိလေဟန်ဖြင့် ဆေးလိပ်တိုကို မပစ်ချမိတော့ဘဲ လက်ထဲမှာသာ ကိုင်ထားပြီး တံတားလေးတစ်လျှောက် ကမ်းစပ်ကိုလှည့်ပြန်ခဲ့တော့သည်။

ကမ်းစပ်မှ တိတ်ဆိတ်အေးချမ်းနေသည့် ရွာထဲကို ဖြတ်ခဲ့ပြီး ကျောင်းပေါ်ရောက်ရန် ကုန်းမြင့်လေးကို မြန်မြန်တက်သည်။ခုနှစ်နာရီဆိုလျှင် ဆေးခန်းပြမည့် ကလေးများ တန်းစီနေကျလေ၊ ဒီထက်နောက်ကျ၍ မကောင်းဟုတွေးမိကာ ခြေသုတ်တင်ရပြန်သည်။

ဆေးသင်တန်းဆောင်ဘေးနားထိရောက်လာခဲ့သော် လမ်းလေးမှာပင်ရပ်ရင်း ဆေးကုသဆောင်ကိုလှမ်းမျှော်ကြည့်မိသည်။လရောင်ဖြာကျနေသည့် အဆောင်ရှေ့မြေနီလမ်းလေးသည် ရှင်းလင်းပြန့်ပြူးနေသည်။ပုံမှန်တန်းစီနေကျ လှုပ်စိလှုပ်စိ လူရထားတွဲလေးမရှိ။ဘုရားဝတ်တက်သံ၊စာအံသံများပင်မကြားရ၊ အတော်ပင် တိတ်ဆိတ်လျက် ငြိမ်းချမ်းနေသည်။

စံကားအင်းကိုသက်သေတည်၍ (စံကားအင်းကိုသက်သေတည်၍)Tempat cerita menjadi hidup. Temukan sekarang