ကြက်တွန်သံမကြားရသည့် ညဉ့်သန်းခေါင်ယံသည် လရောင်ဖြင့် ထိန်လင်းနေသည်။ ဝါဂွမ်းလုံးလေးများစုထားသကဲ့သို့ တိမ်စု၊တိမ်တိုက်များမရှိဘဲ တိမ်မျှင်လေးများသာ ကောင်းကင်ယံထက် ခပ်ကျဲကျဲ ဖြန့်ကြဲထားသည်။ တိမ်မဖုံးသော လရောင်သည် ကျောင်းဝန်းထဲရှိ အဆောက်အဦးများ၊ သစ်ပင်အုပ်အုပ်ကလေးများ၊ စေတီပုထိုး နှင့် မြေနီလမ်းလေးပါမကျန်စေရ၊ အာဏာတစ်ပြေးညီ သက်ရောက်၍ ဝင်းပထွန်းလင်းစေသည်။
လေးသူနှင့် အဲရစ်ခ်သည် ဆေးခန်းရှေ့ရှိ ဗာဒံပင်လမ်းလေးအတိုင်း ကွေ့ပတ်မသွားတော့ဘဲ စားဖိုဆောင်ကို တိုက်ရိုက်ရောက်သည့် အဆောင်နှင့်မျက်စောင်းထိုး မြေလမ်းကျယ်ကြီးမှသာ ဖြတ်လျှောက်လာခဲ့တော့သည်။ချိုင့်ခွက်များဖြင့် အနိမ့်၊အမြင့် မညီညာသည့် လမ်းကျယ်ကြီးမှာ လရောင်ဆမ်းထားသဖြင့်သာ ခလုတ်မတိုက်၊ ဆူးမငြိဘဲ အေးအေးလူလူ လျှောက်ခဲ့ရသည်။
''ဒီဒေသရဲ့ လရောင်က လှလွန်းတာပဲ၊ ကြယ်တွေကလည်း လသာညမှာတောင် မြူးနေလိုက်တာ ကောင်းကင်တစ်ပြင်လုံး တဖိတ်ဖိတ်နဲ့၊ ရန်ကုန်မှာတောင် ဒီလို မလှဘူးမို့လား...လေးသူ''
''အမှန်ပဲဗျာ...ဒါနဲ့... ကြယ်ကြည့်ရတာ ဝါသနာပါရင် ဘုရားတောင်တစ်ကျောင်းလုံးမှာ ကြယ်ကြည့်လို့အကောင်းဆုံး နေရာနှစ်ခုရှိတယ်၊ တစ်ညလောက် သွားတာပေါ့''
လေးသူစကားဆုံးတော့ အဲရစ်ခ်က ဝမ်းသာအားရ ခေါင်းညိမ့်ပြသည်။သည်လိုနှင့် နှစ်ဦးသား ဆေးသင်တန်းဆောင်၊ စင်ကာပူဆောင်တို့ကို ကျော်ဖြတ်ပြီးသောအခါ စားဖိုဆောင်နားရှိ ရေကန်ဆီဝယ်ရောက်လာခဲ့သည်။
ရေကန်နှင့် မျက်နှာချင်းဆိုင်တွင် ကျောင်းသား သုံးဆယ်ခန့် တစ်ပြိုင်တည်း ပန်းကန်ဆေးကြောလို့ရသည့် ရေပိုက်ခေါင်း အခု သုံးဆယ်တပ်ဆင်ထားသော ဘေစင်တန်းလေးရှိသည်။လေးသူတို့သည် ဗွက်အနည်းငယ်ထနေသော ဘေစင်တန်းဘေးလမ်းကလေးမှ ဆက်လျှောက်သည်။ ထိုမှတစ်ဆင့် ရွှံ့မြေသားထူထူဖြင့် မံထားသည့် မီးဖိုချောင်အဆောက်အဦးထဲ ဝင်ရန် လှေကားထစ်သုံးထစ်ကိုဆင်းခဲ့သည်။