အပိုင်း - ၆ (U)

438 77 17
                                    

သစ်ပင်အို၏ ကျိုးကျဲနေသော သစ်ကိုင်းအခက်အလက်များကြားမှ နေရောင်ခြည်သည် မြေပြင်ပေါ်သို့ဖြာကျနေသည်။ဆောင်း၏ နေရောင်ခြည်နုနုသည် နွေးထွေးမှုကို ဆောင်ကြဉ်းလာသည်။ ယနေ့ မနက်၌ နှင်းရွှဲရွှဲကျထားသဖြင့် သစ်ပင်အိုကိုဝိုင်း၍ ရိုက်ထားသည့် သစ်သားခုံလေးသည် နှင်းရည်စွတ်၍ ရွှဲရွှဲစိုနေသည်။ လေးသူသည် ပုဆိုးစိုမည်စိုး၍ သစ်သားခုံဝယ် မထိုင်ဘဲ မှီ၍သာနေသည်။

ထို့နောက် မနက်ကျောင်းတက်ချိန်နီးပြီဖြစ်၍ မြေလမ်းအတိုင်း အပြေးအလွှားထွက်သွားကြသော ကျောင်းသား၊ကျောင်းသူလေးများကို ငေးနေမိသည်။ကလေးများသွားရာ လမ်းလေးအထက်ဝယ် မြေမှုန်လေးများ ခုန်ထလာသည်။ဆောင်း၏နေရောင်ခြည်နုနုဖြာကျရာ အလင်းတန်းတစ်​လျှောက်တွင် လေထဲ၌ ဝေ့ဝိုက်လှည့်လည်နေသော ထိုဖုန်စ အမှုန်၊အမွှားလေးများကို လင်းလက်စွာတွေ့မြင်နေရသည်။

သစ်ပင်အို အနီးအနားရှိ ထမင်းစာဆောင်အတွင်းမှ မိတ်ဆက်စကားဝိုင်းဖွဲ့နေသော အင်္ဂလိပ်စကားသံတို့ သည် ကျောင်းလေးအနှံ့ ပျံ့နှံ့သွားသည်။ထုံစံအတိုင်း သွက်လက်သည့် ယူရီ့အသံစူးစူးတို့က ကျယ်လောင်လျက်။ လေးသူနှင့် နှစ်ယောက်တည်းရှိစဉ်က ပြောလိုသမျှ စကားတို့ကို မျိုချထားဟန်ရှိသော ယူရီသည် အသစ်ရောက်လာသော လုပ်အားပေးနှစ်ဦးနှင့် အာပေါင်အာရင်းသန်သန်ပြောဆိုလျက် ပြောစရာ၊ မိတ်ဆက်စရာ စကားများကုန်မခန်းဖြစ်နေသည်။

မနေ့ညက ဆေးကုသဆောင်​လေးထဲ၌ လေးသူ အလုပ်ရှုပ်နေစဉ် စေတနာ့ဝန်ထမ်းအသစ် နှစ်ဦးရောက်လာခဲ့သည်။အဲရစ်ခ်ဟုခေါ်သည့် ပိုလန်နိုင်ငံသားနှင့် မာနာဆိုသည့် ဂျပန်အမျိုးသမီးငယ်လေးတို့သည် လေးသူတို့နှင့်အတူတူ အင်္ဂလိပ်စာသင်ကြားပေးရန်ရောက်လာခဲ့ခြင်းပင်။ ဂျပန်မှ နောက်ထပ် ရောက်လာမည်ကို ယူရီပြောပြထားသဖြင့် သိထားသော်လည်း  ဥရောပတိုက်သားပါ တူတူရောက်လာမည်ကို မသိခဲ့။နံနက်စာဝိုင်းတွင် လေးသူထိုင်နေစဉ်က နှုတ်ဆက်စကားတွေအရ ပရောဂျက်တူသည့် သူတို့နှစ်ဦးကို ပရောဂျက်မန်နေဂျာမှ မိတ်ဆက်ပေးသဖြင့် ကျောင်းသို့ တူတူရောက်ရှိလာခဲ့ခြင်းဟုသိရသည်။

စံကားအင်းကိုသက်သေတည်၍ (စံကားအင်းကိုသက်သေတည်၍)Where stories live. Discover now