အပိုင်း - ၄ (U)

503 82 21
                                    

ဆီးနှင်းများ ထမ်းပိုးထားသော မြောက်ပြန်လေသည် နီညိုရောင်လိုက်ကာစကို အရှိန်အဟုန်ဖြင့် ဝင်ရောက်တိုက်ခတ်သည်။ ပြူတင်းပေါက်တွင် တပ်ဆင်ထားသော လိုက်ကာသည် အခန်းထဲသို့ တလူလူလွင့်လိုသော်လည်း ပြူတင်းဝအနီးရှိ ထိုင်ခုံတွင်ထိုင်နေသော မိန်းကလေး၏မျက်နှာကိုသာ ရိုက်ခတ်မိလျက် အရှိန်သတ်သွားရသည်။ ပတ်ဝန်းကျင်တစ်ခွင်သည် စိုစွတ်ထိုင်းမှိုင်းလျက်ရှိသည်။

လျှပ်စစ်မီးအဖြူရောင်အောက်တွင် နုနယ်သောမျက်နှာဝိုင်းလေးနှင့် မိန်းကလေးသည် ဖတ်လက်စ စာမျက်နှာကို လက်စသတ်ဖတ်၍ စာအုပ်ကိုပိတ်လိုက်သည်။ မျက်နှာကို တဖျတ်ဖျတ်နှင့် ရိုက်ခတ်နေသော လိုက်ကာစကြောင့် နာကျင်လာရကာ ထိုင်ခုံမှ ထရပ်လိုက်လေသည်။ထို့နောက် နီညိုရောင် လက်ကာစကို လက်နှစ်ဖက်ဖြင့် အသာအယာဆွဲယူသိမ်းလျက် ချည်ထုံးရန်ပြုသည်။

ပြူတင်းဝမှာ လိုက်ကာစကို ထုံးနေလျက်မှ အပြင်သို့ငေးမိ၏။ထုံးစံအတိုင်း ဆွယ်တာလက်ရှည်နှင့် အစိမ်းပုပ်ရောင်ပုဆိုးကွက်စိပ်ကိုဝတ်ဆင်ထားသော ဆရာလေးသူ တစ်ယောက် လက်မှလည်း သကြားလုံးထုတ်ဆွဲလျက် ဆေးကုသဆောင်ထဲသို့ဝင်လာသည်ကိုတွေ့လိုက်ရသည်။ဆရာသည် ဆွယ်တာအင်္ကျီများကို လက်ရှည်၊ချိုင်းပြတ် စသည့်ဖြင့် နေ့စဉ်ဝတ်ဆင်တတ်သည်။ကျောင်းမှ အခြားသောလူငယ်များကဲ့သို့ ရောင်စုံပြည်ပဖြစ်အပေါ်ထပ်များ ဝတ်လေ့မရှိ။

ဆေးခန်းသို့ နေ့စဉ် ဆရာလေးသူရောက်လာလေ့ရှိသည်။အင်္ဂလိပ်စာသင်ပေးသည့် စေတနာ့ဝန်ထမ်းအဖြစ် ရောက်လာခဲ့သော်လည်း သူနာပြုဖြစ်သည်မို့ ဆရာဝန်မရှိဘဲ သူနာပြုအကူသာရှိသည့် ကျောင်းဆေးခန်းလေးမှာ လိုအပ်တာကြည့်ရှုပေးရင်း လုပ်အားဒါနပြုသည်။အထူးသဖြင့် ညမိုးချုပ် ခုနှစ်နာရီလွန်လျှင် မပျက်မကွက် ရောက်လာတတ်သည်။ထိုအချိန်ကား သာယာတောင်ကျောင်းရှိ ကျောင်းသားကျောင်းသူများ ဘုရားရှိခိုးပြီးချိန်ဖြစ်၍ အယောက် ၃၀မျှသော မိဘမဲ့ကလေးအုပ်စုကို ဆေးကုသဆောင်သို့ခေါ်ကာ ဆေးလူးပေးသည့်အချိန်ဖြစ်သည်။

မိဘမဲ့ကလေးငယ်အုပ်စုသည် သုံးနှစ်အရွယ်မှစ၍ ၁၁နှစ်ကျော်၊၁၂နှစ်ထိအရွယ်များပါဝင်သည်။အဆောင်ခန်းကျယ်တွင် အတူတူစုပေါင်းအိပ်ကြလျက် အဆော့မက်ကြသော ကလေးများသည် တစ်ကိုယ်ရည်သန့်ရှင်းရေးအားနည်း​၏။အေးသော ရာသီဥတုရေမြေ အခံကြောင့်လည်း ကိုယ်လက်သန့်စင်ခြင်းအား စိတ်ဝင်စားမှု မရှိကြပေ။အကျိုးဆက်အနေဖြင့် ပွေး၊ညှင်း၊ဝဲနှင့် ဒက်စသော ကိုယ်ရေပြားရောဂါများကို ကလေးတိုင်းလိုလို ခံစားနေရ၏။

စံကားအင်းကိုသက်သေတည်၍ (စံကားအင်းကိုသက်သေတည်၍)Where stories live. Discover now