"ဟယ်...ဆရာရောက်တာ ကြာပြီလား။''
ဘီရိုထဲမှ ဆေးဗူးများ စားပွဲပေါ်တင်ရန်အလှည့်တွင် ချယ်ရီသည် သူတို့ကိုငေးနေသော လေးသူကိုမြင်၍ တအံ့တဩရေရွတ်လေသည်။ ချယ်ရီ့စကားကြောင့် မာနာသည် အနောက်သို့ဖျတ်ခနဲလှည့်ကြည့်ပြီး တစ်ဖန် ဘီရိုထဲမှ ဆေးဗူးများကောက်ကိုင်ပြီး စားပွဲပေါ်ကူတင်ပေးနေလိုက်သည်။ လိုအပ်သည့်အရာများဟုတ်လေသလား မဟုတ်လေသလားမသိ အဆင်ပြေမယ်ထင်ရာယူပြီး စားပွဲပေါ်ထားပေးလိုက်ခြင်းဖြစ်သည်။
''ဆရာက ခြေသံလုံတော့ ချယ်ရီတို့စကားကောင်းနေတာနဲ့ သတိမထားမိဘူး''
''ကျွန်တော်အခုပဲရောက်တာပါ...နောက်ကျနေပြီထင်ပြီး အပြေးလာခဲ့တာမို့ နည်းနည်းမောနေတာနဲ့ မနှုတ်ဆက်သေးတာ''
မြန်မာလိုပြောသော ချယ်ရီ့စကားကို လေးသူသည် ပြုံးရယ်လျက် အင်္ဂလိပ်လို အဖြေပြန်ပေးလေသည်။
''ဆရာမ...ရပြီရှင့်...အဲ့ဒီဆေးတွေက အခုသုံးဖို့ မလိုသေးလို့...''
ဆေးဗူးများ ကူတင်ပေးနေရင်းမှ ချယ်ရီ့စကားကြောင့် မာနာသည် လက်ထဲမှ ဆေးပုလင်းနှစ်ဗူးကို ဘီရိုထဲပြန်ထည့်လိုက်သည်။ပြီးမှ ရုတ်တရတ် အားလပ်သွားသော လက်နှစ်ဖက်ကို မျက်နှာနားဝဲကျနေသော ဆံနွယ်လေးများကို အထပ်ထပ် သပ်တင်ရင်း အလုပ်ရှုပ်နေမိသည်။
''နေမကောင်းဘူးလား...မာနာ''
ဆေးပုလင်း၊အရက်ပြန်၊ဝါဂွမ်းနှင့်အခြားလိုအပ်သောဆေးဝါးပစ္စည်းများ စီရိစုံလင်စွာတင်ထားသည့်စားပွဲရှေ့ရှိ ခုံတွင် လေးသူသည် ဝင်ထိုင်လိုက်ရင်းမှ မေးမိသည်။ကျောမပေးထားတော့သဖြင့် မြင်နေရသော ဆံနွယ်လေးများရှင်းနေသည့် မျက်နှာနုနုလေးသည် နီထွေးပြီး အတန်ငယ် နွမ်းဖတ်နေသည်။ထို့အပြင် နှေးကွေးသော မာနာ့၏ လှုပ်ရှားဟန်များကြောင့် ဖျားများဖျားနေရော့သလားဟု ထင်မိသဖြင့် ထင်သည့်အတိုင်း မေးလိုက်ခြင်းဖြစ်သည်။
''ဟုတ်...နည်းနည်းပါ...အခုထိ ဒီဒေသရဲ့ ရာသီဥတုကို မာနာ အသားမကျသေးဘူး။''
တိုးလျသည့် အသံသည် ဖြူဖျော့နေသည့် နှုတ်ခမ်းပါးမှလာသည်။အားနည်းနေမည်မှာ သေချာသည့်အပြင် အိမ်လွမ်းနာလည်းကျ၍ အားလည်းငယ်နေလိမ့်မည်။အသေအချာပင်။ ဝမ်းနည်းအားငယ်ရိပ်လေးများကြောင့် ယခင်ကြည်လင်သည့် မျက်ဝန်းနက်နက်လေးတွေသည် အခုတော့ ညှိုနွမ်းလျက်သာ။