အပိုင်း - ၁၉ (U)

224 36 7
                                    

နေ့ညမပြတ် ငွေနှင်းရည်ရွှဲရွှဲသောက်သုံးပြီးမှ ပွင့်လန်းတတ်သည့် သဇင်ပန်းတို့ ရာသီချိန်ခွင် လမြတ်နတ်တော်၏ အအေးသည် သာမန်မဟုတ်တန်ရာ။ထူးထူးကဲကဲအအေးပိုသည့် ဆောင်းလရာသီဖြစ်နေသည့်အပြင် အအေးလှိုင်းပါဖြတ်နေသခိုက်မို့ သစ်သားနံရံဆီမှ အဟုန်ဖြင့် စိမ့်ဝင်လာသမျှသော အေးစက်စက် လေစိမ်းတို့ကို ဂွမ်းကပ်စောင်လေးသည် ဒ်ိုင်းသဖွယ်မကာနိုင်တော့။

"တောက်!"

အနံတိုသည့် ဂွမ်းကပ်စောင်ကြောင့် ခေါင်းမြီးလုံအောင်ခြုံ၍ မရနိုင်သဖြင့် ကျွဲမြီးတိုဖြစ်နေခဲ့သမျှသည် လေအေးတို့ဆထက်တပိုး အခန်းငယ်ထဲ ဝင်ရောက်လာသောအခါ မြည်တွန်တောက်တီးမိသည်အထိပင်ဖြစ်သွားတော့သည်။ စိတ်မရှည်လှစွာဖြင့် ခေါင်းဦးနံဘေး၌ ချထားသော လက်ပတ်နာရီကို လှမ်းယူလိုက်သည်။အခန်းတွင်း မှောင်ရိပ်ကြီးစိုးသဖြင့် အားစိုက်ကာကြည့်ရသော သားရည်ကြိုးအညိုပတ် လက်ပတ်နာရီလေးမှ ပြနေသည့် အချိန်သည် ဆယ်နာရီ ခွဲလုလု။

ဆယ်နာရီခွဲလုပြီမို့ ကျောင်းဝန်းတစ်ဝိုက် တစ်နေရာရာမှာတော့ နေပူဆာလှုံလို့ရကောင်းပါရဲ့ဟု တွေးမိပြန်သည်။ ထို့နောက် မနက်စာ စားပြီးကတည်းက အေးလှသဖြင့် အခန်းထဲအောင်းနေခဲ့သော လေးသူသည် စောင်ပုံထဲမှ ထွက်ကာ အပြင်သို့သွားရန် ပြင်သည်။

အခန်းနံရံ၌ သွယ်တန်းထားသော ကြွပ်ကြွပ်ကြိုးတန်းမှာ လုံးထွေးတင်ထားသည့် ခေါင်းစွပ်သိုးမွှေးအနွေးထည်ကို ဖြုတ်ယူသည်။
အင်္ကျီချိတ်လေး၊ငါးချိတ်ခန့် ချိတ်ဆွဲထားပြီး တဘတ်ပါလှန်းထားသောကြောင့် အိကျ၍လျော့လျော့ရဲရဲဖြစ်နေသော အဝါရောင်ကြွပ်ကြွပ်ကြိုးတန်းမှာ အားနှင့် ဆွဲယူခံလိုက်ရသော အရှိန်ဖြင့် နံရံဘက်သို့တရိပ်ရိပ်ပြေးရိုက်ခါသည်။အခန်းထောင့်မှ  ကြိုးတန်းနှင့်တွဲငြိနေသော ပင့်ကူအိမ်လေးပင် လှုပ်ခတ်သည့်အရှိန်ကြောင့် အမျှင်တို့ငြိထွေးကာ အနည်းငယ်ယိုယွင်းပျက်စီးသွားသည်။

လေးသူသည် လှမ်းယူလိုက်သော နို့နှစ်ရောင်သိုးမွှေးအနွေးထည်ကို ခေါင်းမှ စွတ်ချလိုက်သည်။ အေးလွန်းသဖြင့် အမူအရာတို့သည် လေးပင်နှေးကွေးလျက်။ထို့​နောက် ခါးမှ ပြေလုနီးပါးဖြစ်နေသော မွန်ပုဆိုးကို ဖြည်လိုက်ကာ အနည်းငယ်သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပြီး ခိုင်ခံ့စွာဝတ်လိုက်သည်။ပြီးလျှင် အဝတ်အိတ်ပေါ်မှာ ရောက်နေသည့် ဖတ်လက်စ စာအုပ်ကိုကောက်ဆွဲ၍ အခန်းတံခါးဝဆီသို့ လျှောက်ခဲ့တော့သည်။

စံကားအင်းကိုသက်သေတည်၍ (စံကားအင်းကိုသက်သေတည်၍)Donde viven las historias. Descúbrelo ahora