မှောင်မည်းလွန်းမက မှောင်မည်းပြီး တိတ်ဆိတ်နေသော အခန်းကျဉ်းလေးထဲတွင် မီးသီးလုံးလေး တစ်ခု၏ အလင်းရောင်သာ လူတစ်ကိုယ်စာမြင်နိုင်ရုံ ခပ်ပျပျ ရှိနေ၏ ။ အပြင်ဘက်တွင်မူ မိုးရွာထားဟန်ရှိသည် ။ အဖြူရောင် ရှပ်အင်္ကျီနှင့် အမျိုးသားသည် ရေများဖြင့်စိုရွှဲ၍ နေ၏ ။ ထိုသူဆီက သက်ပြင်းခပ်လေးလေးတစ်ချက်ကို မှုတ်ထုတ်လိုက်သံက ဒီနေရာရဲ့ တိတ်ဆိတ်မှုအောက်တွင် ကျယ်လောင်စွာ ထွက်ပေါ်လာလေသည် ။ ထို့နောက် စကားတစ်ခွန်းက ခပ်လေးလေးထွက်ပေါ်လာ၏။
"Doyoung ahh !! ငါတို့ အရင်လိုမျိုး ... "
သူ၏ အရှေ့မှ အင်္ကျီ အနက်ရောင်နှင့် အမျိုးသား က ခပ်သဲ့သဲ့ တစ်ချက်ရယ်သည် ။ ရယ်သံသည် ယခင်ကအတိုင်း ကြားကောင်းနေဆဲ ဖြစ်သော်လည်း တစ်ခုခု လှောင်ပြောင်လိုဟန်ကိုလည်း ခံစား၍ရနေ၏။
"အရင်လို .. ဘယ်နှစ်နှစ်အကွာက အရင်လိုလဲ .. "
ရယ်သံအနည်းငယ်စွက်သော စကားသံက ခြောက်ကပ်ကပ် ၊ ဆို့နင့်နင့် ရှိလှသည် ။
"ငါ့ကို သတ်ဖို့ လာခဲ့တာမှလား "
"မဟုတ်ဘူး .... ငါက ......
ဒုန်း ဒုန်း ဒုန်း
ခုနကအချိန်ထိ တိတ်ဆိတ်နေသော အခန်းအပြင်ဘက်ဆီမှ ထုရိုက်သံများ အဆက်မပြတ်ထွက်ပေါ်လာပြီးနောက် ခပ်မဲ့မဲ့ ပြုံးနေသော အပြုံးများသည် ပျောက်ကွယ်စပြုလာပြီး ခပ်လျော့လျော့ကိုင်ထားသော သေနတ်ကို မောင်းတင်လိုသည် ။ ထို့နောက် တစ်ဖက်လူကို ချိန်ထားလိုက်၏ ။
"Doyoung ahh !! မင်း ထင်သလို မဟုတ်ဘူး "
ခပ်ပျပျ လင်းနေသော မီးသီးလုံးသည် ကျွမ်းစပြုပြီထင် ၊ မှိတ်သွားလိုက် လင်းလာလိုက် နှင့် ထိုသူ၏ မျက်နှာပုံစံကို သေချာမမြင်ရ၍ စိတ်ခံစားချက်ကိုမူ မခန့်မှန်းနိုင် ။
"မင်း သေမလား
ဒါမှမဟုတ် ငါသေလိုက်ရမလား ""ငါတို့နှစ်ယောက် အတူတူ ..... "
တစ်ဖက်လူ၏ စကားကို ဆုံးအောင် နားမထောင်ပဲ မောင်းတင်ပြီးသား သေနတ်ကို ထိုသူထံ ပစ်ပေးပြီး သူ၏ လက်ထဲတွင်တော့ ခြေထောက်တွင် ဖွက်ထားသော ဓားမြှောင်တစ်လက်က လက်ခနဲ ပါလာသည် ။
"ပြိုင်တူ ပစ်မယ်လေ
မသေတဲ့သူ ဒီနေရာကနေ ထွက်သွားကြေး ""Doyoung ahh !! "
ဖျတ်ခနဲလင်းလာသော မီးရောင်အောက်တွင် မြင်လိုက်ရသည်က မျက်နှာပေါ်မှာ စိတ်ရှုပ်နေဟန် အထင်းသား ။
လွန်ခဲ့တဲ့ ၁၀ နှစ်က အတိုင်း ထိုသူကို နားမလည်နိုင်သည့်အခါ မြင်ရတတ်သည့် မျက်နှာအမူအရာ က ပြောင်းလဲသွားခြင်း မရှိ ။ တကယ် ပြောင်းလဲသွားသည်က အခြေအနေတွေ အချိန်အခါတွေသာ ဖြစ်သည် ။
နောက်ဆုံး ဖျတ်ခနဲလင်းလာသော မီးရောင်အောက်တွင် ချွန်ထက်ထက် ဓားမြှောင် ၏ အလင်းပြန်မှုသည် ဖျတ်ခနဲ သာ မြင်လိုက်ရသည် ။
မီးအလင်းရောင် က ချက်ချင်း ပြန် မှိတ်သွား၏။
"အ!! "
တိတ်ဆိတ်နေသော ညနက်ကြီးတွင်
လူတစ်ယောက်၏ မချိမဆံ့အော်ညီးလိုက်သံသည် ထိုနေရာ၏ တိတ်ဆိတ်မှုအောက်တွင် ခြောက်ခြားဖွယ်ကောင်းစွာ ထွက်ပေါ်လာသည် ။ဓားမြှောင်သည်သာ အလင်း၏ အမြန်နှုန်းဖြင့်
ပြေးဝင်သွားပေမယ့် သေနတ်သံသည် ထွက်ပေါ်မလာချေ။သေနတ်ကို ကိုင်ထားသူသည်
ဒီနေရာကို လာကတည်းက ဘာလက်နက်မှ မပါခဲ့တာလည်း ဖြစ်နိုင်သည် ။ဒီနှစ်တွေအတွင်း ဘာတွေက ဘယ်လောက်တောင် ပြောင်းလဲသွားသလဲ သူ သတိမထားမိတာလည်း ဖြစ်မည် ။
နှစ်ယောက် အတူတူဆိုတာကို ဘယ်တုန်းကမှ မရွေးချယ်ခဲ့ဖူးသူအတွက် သူဘာကိုများ မျော်လင့်ထားခဲ့ပါသလဲ ။
မှိတ်တစ်ချက် လင်းတစ်ချက် ဖြစ်နေသော မီးလုံးသည် နောက်ဆုံးတစ်ခေါက် မှိတ်သွားပြီးကတည်းက ပြန်လင်းမလာတော့ချေ ။
ပြန်မလင်းလာတော့သော ထိုမီးသီးလုံးလေးဟာလည်း တစ်ချိန်ကတော့ တောက်တောက်ပပ လင်းနေခဲ့လိမ့်မည် ။ ဘယ်တော့မှ မှိတ်မသွားတော့မည့် မီးသီးတွေလိုမျိုး ။
အလွန်လှပခဲ့ဖူးသည့် အချိန်တွေကို ပြန်တွေးကြည့်တော့
ထိုလူသားနှစ်ယောက်ဟာလည်း ဘယ်တော့မှ ဝေးကွာမသွားတော့မယ့်သူတွေလိုမျိုးပဲ ။
do0yui
( ရေးထားတာတော့ ကြာပါပြီ
အခုမှ အပြီးသတ်ရေးပြီးတင်ချင်စိတ်ပေါက်လာလို့ ဒိုယောင်း မွေးနေ့မှာ အမှတ်တရအနေနဲ့ တင်လိုက်ပါတယ် ။ အပိုင်းက သိပ်မများတာမို့ Completed ဖြစ်ဖို့ သိပ်မကြာပါဘူး ✌️Happy Birthday my dear 🐰💙 )