Unicode
_________ဘေးပတ်လည်တွင် ကျောက်နံရံများသာရှိနေသော ခန်းမသည် ရာဇဝတ်သား အပြစ်သားများကိုအပြစ်ဒဏ် စီရင်ဆုံးဖြတ်သည့် နေရာဖြစ်သည်။နှစ်ပေါင်းများစွာ အသုံးမပြုဘဲ ပိတ်ထားခဲ့သည့် ခန်းမတံခါးသည် အပြစ်သားတို့၏ သွေးကိုဆာလောင်နေပုံရသည်။ပြင်ပလေနှင့် ထိတွေ့ခြင်းမရှိခဲ့သောကြောင့် ဖုန်မှုန့်နံ့များ၊ညှီစို့်စို့ အနံ့များသည် အခန်းတွင်းဝယ် ကြိုင်လှိုင်ပိတ်ဆို့နေသည်။
ထိုခန်းမ၏ အလယ်ဗဟိုတည့်တည့် ကွက်လပ်တွင်ကား သံကြိုးကွင်းများဖြင့် တုပ်နှောင်ထားသော ရာဇဝတ်သား ၇ ဦးဒူးထောက် ထိုင်နေကြသည်။ဘေးပတ်လည်တွင်ကား ရဲမက်များ၊ဟေတန်လူမျိုးစု၏ အကြီးအကဲများ အသီးသီးနေရာယူထားကြသည်။နန်းတော်တွင်းသို့ တော်ရုံတန်ရုံ အကြောင်းမရှိဘဲ မလာတတ်သည့် ဦးရီးတော်စဝမ်ပင်လျှင် ကျောက်သားထိုင်ခုံထက်တွင် ထိုင်ကာ ဆေးလက်ဖက်ရည်တစ်ခွက်ကို အရသာခံသောက်နေသည်။
ထိုရာဇဝတ်သားတို့ကို စီရင်မည့်သူကား မျိုးနွယ်စု ခေါင်းဆောင် ဂျောင်ကု ကိုယ်တိုင်ပင်ဖြစ်သည်။
ဂျောင်ကု၏ လက်ထဲတွင်ကား မည်သည့်လက်နက်ကိုမှ ကိုင်ဆောင်မထား။မျိုးနွယ်စု၏ အမှတ်အသားဖြစ်သော ရွှေရောင်ဇာမဏီငှက်ရုပ်သည်သာ ဂျောင်ကု၏ နဖူးပေါ်တွင် ကျက်သရေရှိစွာတည်ရှိနေသည်။တင်းတင်းစေ့ထားသော အပေါ်နှုတ်ခမ်းပါးတို့သည် တည်ငြိမ်အေးဆေးလွန်းလှသည်။သို့သော် ထိုနှုတ်ခမ်းတို့မှ ထွက်လာမည့် အမိန့်မှာမူ အပြင်းထန်ဆုံးသော အဆိပ်တစ်ခွက်ဖြစ်လိမ့်သည်။
ဂျောင်ကုအချက်ပေးလိုက်သည်နှင့် မျိုးနွယ်စုအကြီးအကဲတစ်ဦးက စာရွက်လိပ်တစ်ခုကို ဖြန့်ကာ ဖတ်သည်။
"ရာဇဝတ်သား စစ်သူကြီး ဇိုဒီသည် ခေါင်းဆောင်အရှင်ဂျောင်ကုကို သတ်ဖြတ်ဖို့ အကြိမ်ကြိမ်ကျူးလွန်ခဲ့ပါသည်။အရှင်ဂျောင်ကု အမဲလိုက်စဉ်က အဆိပ်လူး ဓားမြှောင်နဲ့ လုပ်ကြံဖို့ စေခိုင်းခဲ့ခြင်း၊တားမြစ်ထားသော ကန္တာရ အဆိပ်ပင်တို့ကို ရောင်းဝယ်စိုက်ပျိုးခဲ့ခြင်း၊အပေါင်းအပါ အမတ်တို့နှင့်အတူ နန်းတော်တစ်ခုလုံး၏ တိုက်ခိုက်ပုန်ကန်ခဲ့ခြင်း စသည့် အပြစ်များကြောင့် ကြီးလေးသော ရာဇဝတ်ဒဏ်သင့်သည်"
YOU ARE READING
THE LEGENG OF SHANGRI-LA ✵ရှန်ဂရီလာ ဒဏ္ဍာရီ✵ JINKOOK ✔︎