Chapter 1

18.8K 1K 35
                                    

(Unicode)

နှိုးစက်သံကြားပြီးနောက်မှာ မနိုးချင်ပေမယ့် နိုးလာရတာပဲ။ အိပ်မှုန်စုံမွှားဖြစ်နေတုန်း‌ဆိုပေမယ့် မျက်လုံးဖွင့်ဖွင့်ချင်းမှာပဲ သူ့အခန်းထဲ ပြတင်းပေါက်က ဖြာကျနေတဲ့အလင်းရောင်တွေကြောင့် စူးခနဲဖြစ်သွားရတယ်။

အားး တကယ်ပါပဲ။

နောက်တော့မှ သတိထားမိတာ သူ့ပုခုံးစွန်းကိုထိစပ်နေတဲ့ခပ်နွေးနွေးအရာ။ မတင်မကျစိတ်ကြောင့်လှည့်ကြည့်လိုက်တော့ တကယ်ကိုထင်တဲ့အတိုင်းပဲ။ အသက်ရှူနှုန်း ဖြေးဖြေးမှန်မှန်နဲ့ အိပ်မောကျနေတဲ့သူ။

အားး တကယ်ပါပဲ။ တကယ်ကိုပဲ။
ကျန့်ကောကတော့ အိပ်တစ်ဝက်နိုးတစ်ဝက်အနေအထားကနေ သူ့ကုတင်ပေါ်ထပ်တက်လာပြန်ပြီထင်တယ်။ ဘယ်တော့များမှ သူ့ဟာသူအိပ်ပါ့မလဲ။

မြည်နေဆဲဖြစ်တဲ့နှိုးစက်ကိုပိတ်ပြီးတာနဲ့ သန့်ရှင်းရေးလုပ်ရတယ်။ ရာသီဥတုကအေးလာပြီ။ အခုလိုအေးလာပြီဆို သူမနက်ရုံးသွားခါနီး ရေမချိုးဖြစ်တော့။ ညနေမှသာတစ်ခါချိုးဖြစ်တာ။ အခုတော့ မျက်နှာလေးသစ်ရုံပဲပေါ့။

သန့်ရှင်းရေးလုပ်ပြီးတာနဲ့ မီးဖိုချောင်ဝင်ရတယ်။ အစားအသောက်ပိုင်း မကျွမ်းကျင်တဲ့သူ့အဖို့ ဒီမနက်မှာတစ်ယောက်ပိုလာတဲ့ဖြစ်အင်က ကောင်းကောင်းကြီးဒုက္ခပေးတယ်။

မနက်စာကို သူအလွယ်တကူလုပ်တတ်တာဆိုလို့ ပေါင်မုန့်မီးကင်ပဲ။ ‌နို့နှစ်ခွက်ဖျော်ပြီးတာနဲ့ ပေါင်မုန့်မီးကင်သုံးချပ်ကိုပါ ပန်းကန်ထဲထည့်လို့ စားပွဲပေါ်တင်လိုက်တယ်။

ပြီးတာနဲ့ အခန်းထဲပြန်ဝင်ရပြန်ရော။ ကုတင်ပေါ်ကကိုယ်တော်က ပက်လက်ဆန့်ဆန့်ကြီး စက်တော်ခေါ်နေတယ်။

" ကျန့်ကော ... ကျန့်ကော ထတော့။ ကျွန်တော် မနက်စာလုပ်ပြီးပြီ။ မျက်နှာသစ်ပြီး စားလိုက် "

ပုခုံးကပုတ်နှိုးတာတောင် နည်းနည်းလေးမှ နိုးလာခြင်းမရှိဘူး။ သိပ်ကိုအအိပ်မက်လွန်းတယ်။ ဒီလိုနဲ့ အလုပ်နောက်ကျနေရင် ဒုက္ခပဲ။

" ထတော့လို့ !!! "

နားနားကိုကပ်လို့ အကျယ်ကြီးအော်လိုက်မှ အင်ဟင်ဆိုပြီး တိုးတိုးလေးအသံပြုလာတယ်။ ဒါတောင် မျက်လုံးက ပွင့်တစ်ဝက်မပွင့်တစ်ဝက်။

If I Can't Have You [COMPLETED]Where stories live. Discover now