တစ်နေ့လုံး မငယ်ဆီက ကြားခဲ့တဲ့ သူမ အကြောင်းတွေကြောင့် ကျွန်မ စိတ်မကောင်းဖြစ်နေခဲ့မိတယ်၊အပျော်နည်းခဲ့ မပျော်ခဲ့ရတဲ့ သူမကို ကျွန်မ ပြုံးနေစေချင်မိခဲ့တယ်။တစ်ညလုံးကို သူမ အတွေးနဲ့ ကျွန်မ အိပ်မရနေပေ။ရလာခဲ့တဲ့ သူမ ဖုန်းနပတ်လေး ကို ကြည့်ရင်း ဆက်ဖို့ တွေးဝေရင်း နောက်ဆုံး ဆက်လိုက်မိတော့တယ်။
"ဟယ်လို.."
သေချာတယ် သူမ အသံပဲဆိုတာ။
"မ.."
"မြူ...မြူလား"
"မကို ချစ်တယ်"
"မြူရယ်.."
"မ...မြူကို ဒီနေ့ ဘာလို့ မခေါ်တာလဲ"
"မ တောင်းပန်ပါတယ်"
သူမ အသံ နားထောင်ရတာ မူးနေသလိုပဲ။
"မ သောက်ထားတာလား"
"အင်း..သောက်မိတယ်၊မ သောက်မိတယ်"
"မ..အခု ဘယ်မှာလဲ"
"မြူ အငွေ့အသက်တွေ အများဆုံး ရှိတဲ့နေရာ"
"မြူနဲ့ အငွေ့အသက်.."
"အင်း..."
"မြူ မကို လာတွေ့ချင်တယ် ၊ပြောပါ မ အခု တည်နေရာကို"
"မြူ တွေးကြည့်ပေါ့...ဒါပေမဲ့ မလာပါနဲ့ အပြင်မှာ မိုးတွေရွာတော့မယ် ထင်တယ်"
ကျွန်မ သိလိုက်ရပါတယ်၊သူမ ရဲ့ တည်နေရာက သူမ ရဲ့ကော်ဖီဆိုင်လေးဆိုတာ။
"မ...ခဏပဲစောင့် မြူလာမယ်"
"မလာပါနဲ့..."
"ဘာလို့လဲ..မ အသံနားထောင်ရတာ တစ်မျိုးပဲ၊မြူ မျက်လုံးတွေ နဲ့ မကို မြင်ပါရစေ"
"မြူ.."
"ဟုတ်"
"ဘာလို့ မ နားမှာ တွယ်ကပ်နေတာလဲ"
ထိုမေးခွန်းအတွက် အဖြေရှိပြီး သားဖြစ်တဲ့ ကျွန်မ အတွက် ဝမ်းသာစရာ။
"မကို ချစ်လို့၊နေပါဦး မရယ် မြူလာခဲ့ပါမယ်"
ကျွန်မ လည်း လျင်မြန်စွာ သူမ ရှိရာ နေရာလေးဆီသို့ ပြေးလာခဲ့မိတော့တယ်၊ထင်တဲ့အတိုင်း သူမ ကျွန်မ ထိုင်နေကြနေရာ လေးမှာ ဘီယာပုလင်းတွေ နဲ့ ထိုင်နေလေရဲ့။